အောက်တိုဘာ ၈၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုက်ဟုန်း (မန်ဟုန်း) ရွာကို အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူ အများအပြား သေဆုံး၊ ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုင်းလုံဘက်နား ရွာတရွာ ဗုံးကြဲခံရလို့ လူ ၁၀ ယောက် ထိမှန်သေဆုံးသွားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မိုင်းလုံ အနီးဘက်က မိုက်ဟုန်း (မန်ဟုန်း) ရွာကို ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်လောက်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချသွားတာ လို့ သူက ပြောပါတယ်။
PSLF/TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနကလည်း မန်ဟုန်းရွာကို အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ လူ ဆယ်ယောက် သေဆုံးကာ သုံးယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ အိမ် ထိခိုက် ပျက်စီးသွားကြောင်း သတင်း ထုတ်ထားပါတယ်။
သေဆုံးသွားတဲ့ သူတွေထဲမှာ ကလေးတယောက် အပါအဝင် အမျိုးသား လေးယောက်၊ အမျိုးသမီး ၅ ယောက် စုစုပေါင်း ၁၀ ယောက် ပါတယ်လို့လည်း ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ မနက် ၆ နာရီခွဲ ဝန်းကျင်ခန့်မှာလည်း ကျောက်မဲ ခရိုင်အတွင်းရှိ TNLA ထိန်းချုပ်ရာ နမ္မတူမြို့၊ ရပ်ကွက် ၈ ဘက်ရှိ ပုဗ္ဗာရုံ ဘုန်းကြီးကေျာင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချ ခဲ့တောကြောင့် ပထမ ဦးဆုံး တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်း အဆောင် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မယ့် မြို့နယ်တွေထဲမှာ ကျောက်မဲမြို့နယ်လည်း ပါဝင်တာကို တွေ့ရပါတယ်။
Photo Crd# PSLF/TNLA သတင်းနဲ့ ပြန်ကြားရေး ဌာန
