အောက်တိုဘာ ၇ – ၂၀၂၅
SN (VOM)
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း တက္ကစီယာဉ်မောင်း တယောက် ကားလုယက်ခံရပြီး အသတ်ခံရမှု ဖြစ်စဉ်မှ ကျူးလွန်သူတွေကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့တာလို့ သိရပြီး ပြစ်မှု ကျူးလွန်သူတွေဟာ အငှားယာဉ်မောင်းကို သတ်ပြီး သန်လျင်မြို့ရဲ့ ခြောက်လမ်းသွားလမ်းမ တနေရာမှာ စွန့်ပစ်ထားခဲ့ကာ ကားကို ယူဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျူးလွန်သူ သုံးယောက်ကို မိထားပြီလို့ သိရတယ်။ လက်ရှိမှာ ရဲလုပ်ငန်းစဉ်တွေအရ ဆက်လက် စစ်ဆေးနေပါတယ်။ မနေ့ (အောက်တိုဘာ ၆ ရက်) ကပဲ မိတာပါ။ သန်လျင်ရဲစခန်းက တာဝန်ယူ ဆောင်ရွက်နေပါတယ်။ ကားကိုလည်း ပြန်ရထားပါပြီ။ ကျူးလွန်သူတွေက ကားကို တစစီဖြုတ်ပြီး ရောင်းစားတဲ့သူတွေလို့ ကနဦး သိရတယ်။ ဖြစ်စဉ် အသေးစိတ်ကတော့ ကျွန်တော်တို့လည်း သေချာ မသိရသေးပါဘူး။ သက်ဆိုင်ရာက ထုတ်ပြန်ပေးပါလိမ့်မယ်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
အသတ်ခံရသူဟာ အသက် ၆၅ နှစ်အရွယ် ဦးစံသိန်း ဖြစ်တယ်လို့ သိရပြီး ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃) ရပ်ကွက်၊ ရန်ပြေ (၁၈) လမ်းအနောက်မှာ နေထိုင်သူလို့ သိရပါတယ်။
အခင်းဖြစ်တဲ့ အောက်တိုဘာ ၅ ရက်နေ့၊ ညနေပိုင်းက အငှားကား ပြေးဆွဲဖို့ ထွက်သွားခဲ့ပြီးတဲ့နောက် ည ၉ နာရီအထိ ပြန်ရောက်မလာဘဲ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မိသားစုဝင်တွေက ဦးစံသိန်း ပျောက်ဆုံးနေကြောင်း လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပျောက်ဆုံးသူနဲ့ ကားရဲ့ ဓာတ်ပုံတွေကို ပို့စ်တင်ကာ အသိပေး ကြေညာခဲ့သလို သက်ဆိုင်ရာကိုလည်း လူပျောက် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၆ ရက်နေ့၊ မနက်ပိုင်းမှာတော့ ဦးစံသိန်းကို သန်လျင်မြို့ရဲ့ ခြောက်လမ်းသွားလမ်းမပေါ်မှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ အခုလို ကားလုယက်ခံရမှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့၊ ည ၉ နာရီကျော် ဝန်းကျင်ကလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်မှာ အသက် ၆၄ နှစ်အရွယ် တက္ကစီ ယာဉ်မောင်းဖြစ်သူကို ချွန်ထက်တဲ့အရာနဲ့ တိုက်ခိုက်ပြီး တက္ကစီ၊ ဖုန်းနဲ့ ငွေကြေး စတာတွေ အကုန်လုံး လုယက်ခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့၊ ည ၉ နာရီ မိနစ် ၅၀ ဝန်းကျင် အချိန်ကလည်း ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်းတယောက် အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့နှစ်တွေမှာလည်း အတွင်းမှာလည်း ရန်ကုန်မြို့မှာ တက္ကစီယာဉ်မောင်းတွေ လုယက်၊ အသတ်ခံရတဲ့ ဖြစ်စဉ်တွေ အများအပြား ရှိခဲ့တယ်လို့ သတင်းဌာနတွေရဲ့ သတင်းမှတ်တမ်းတွေအရ သိရှိရပါတယ်။
Photo – CJ
