မန္တလေး၊ အောက်တိုဘာ- ၂၁- ၂၀၂၅
SA(VOM)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ အကွက် (၅၆၁)၊ ၃၃ x ၃၄ လမ်းကြားနဲ့ ၈၅ x ၈၆ လမ်းကြားမှာရှိ မလွန်ဆေးရိုးဝင်းအတွင်းကငလျင်ဒဏ်သင့်ထားတဲ့ မြစိမ်း တည်းခိုခန်းကို စက်ယန္တရားအသုံးပြုပြီး ဖြိုဖျက်နေချိန် နဘေးကပ်လျက်မှာရှိတဲ့နေအိမ်ပေါ်ကို ပြိုကျမှုဖြစ်လို့ ပိမိနေတဲ့ အမျိုးသားတဦးကို အသက် ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
” ဦးခေါင်းနဲ့ တံတောင်ဆစ် ပွန်းပဲ့တာပဲရှိတာပါ ကျိုးတာမျိုးတော့ မရှိပါဘူး လက်ရှိမှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ပေးထားပါတယ်၊ ဒီလူကို ထုတ်ဖို့ အောက်ကနေ ဝင်လို့လည်း မရဘူး မီးကလည်းလောင်နေတော့ အပေါ်ကနေလည်း ဖောက်ဝင်ရတယ်၊ အောက်ကနေလည်း ဖောက်ဝင်ရတယ် နောက်ဆုံးတော့ အိမ်ကို ရအောင်မြှောက်ပြီးတော့မှ ကယ်ထုတ်ခဲ့ရပါတယ် ” လို့ အဲ့ဒီဖြစ်စဥ်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
ဒီဖြစ်စဥ်ဟာ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီ ၄၀ မိနစ်မှာ ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ ညနေ ၆ နာရီ ၂၅ မိနစ်အချိန်မှာ ပိမိနေတဲ့ ဦးဝင်းကို အသက် ၆၀ နှစ် ကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
