ဒေလီ၊ အောက်တိုဘာ-၂၁-၂၀၂၅
ရတီ(VOM)
အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ ဟိန္ဒူရိုးရာ ဒီဝါလီပွဲတော်ကျင်းပမှာ မီးရှူးမီးပန်းပစ်ဖောက်မှုတွေကြောင့် ပွဲတောအပြီး နောက်တနေရမှာပဲ လေထုညစ်ညမ်းမှု အဆင့် မြင့်တက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နယူးဒေလီရှိ အချို့သူတွေဟာ တနင်္လာနေ့ ညနှောင်းပိုင်းအထိ မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ပြီး အင်္ဂါနေ့မနက်မှာတော့ မြို့တော်ရဲ့လေထုအရည်အသွေးညွှန်းကိန်းဟာ ရပ်ကွက်အများအပြားမှာ ညွှန်းကိန်း ၃၅၀ ကျော်ထိ ရောက်ရှိသွားပါတယ်။
ဒီညွှန်းကိန်းဟာ လူသားတွေအတွက် အန္တရာယ်ရှိစေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ ပမာဏဖြစ်ပါတယ်။ မီးခိုးမြူတွေကြောင့် လမ်းတွေ၊ အထပ်မြင့်အဆောက်အအုံတွေနဲ့ သမိုင်းဝင် အထိမ်းအမှတ်နေရာတွေမှာပါ မြင်နိုင်စွမ်းတွေကျဆင်းနေပါတယ်။
“ဒီလိုမျိုး တခါမှ မမြင်ဖူးဘူး။ လေထုညစ်ညမ်းမှုကြောင့် ဒီမှာ ဘာမှ မမြင်ရဘူး” နယူးဒေလီကို လာရောက်တဲ့ ခရီးသွားတယောက်က ပြောပါတယ်။ အိန္ဒိယ တရားရုံးချုပ်ဟာ ဒီဝါလီပွဲတော်ကာလအတွင်း နယူးဒေလီမှာ မီးရှူးမီးပန်းပစ်ဖောက်မှု တားမြစ်ချက်ကို ဖြေလျှော့ပေးခဲ့ပြီး ညစ်ညမ်းမှုနည်းတဲ့မီးရှူးမီးပန်းတွေကို အကန့်အသတ်နဲ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်။
အမှုန်အမွှားတွေနဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တဲ့ အမျိုးအစားတွေကို စနေနေ့မှ အင်္ဂါနေ့အထိ သတ်မှတ် နာရီများအတွင်း အသုံးပြုနိုင်ကြောင်း တရားရုံးက ပြောကြားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်တွေကလိုပဲ စည်းကမ်းလိုက်နာမှုတွေ အားနည်းခဲ့ပါတယ်။
လူဦးရေ သန်း ၃၀ကျော်နေထိုင်တဲ့ နယူးဒေလီမှာ ဒီဝါလီပွဲတော်ကာလ မီးရှူးမီးပန်းပစ်ဖောက်မှု ၊ အေးမြသောရာသီဥတုနဲ့ အနီးအနားပြည်နယ်တွေမှာ လယ်ယာမြေမီးရှို့မှုတွေကြောင့် လယ်သမားများ ဆောင်းရာသီရောက်တိုင်း ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့အဖြစ် စာရင်းဝင်လေ့ရှိပါတယ်။
နယူးဒေလီရှိ အာဏာပိုင်တွေဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကန့်သတ်ချက်တွေချမှတ်တာ၊ ဒီဇယ်ဂျင်နရေတာအသုံးပြုမှု ကန့်သတ်ချက်တွေအပါအဝင် လေထုညစ်ညမ်းမှုအဆင့်ကို တားဆီးဖို့ အစီအမံတွေ ချမှတ်ဆောင်ရွက်နေပါတယ်။
ဒါပေမယ့်လည်း နှစ်စဉ် ဖြစ်ပွားနေတဲ့ အကျပ်အတည်းကို ကာကွယ်ဖို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရေးနဲ့ မော်တော်ယာဉ်တွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ထိန်းချုပ်မှုလို ရေရှည်ဖြေရှင်းနည်းတွေ လိုအပ်တယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက အကြံပြုထားပါတယ်။
Ref:CNA
Phot၀: AP
