အောက်တိုဘာ ၂၁ ၊ ၂၀၂၅
CC (VOM)
မိုးကုတ်မြို့အရှေ့ပိုင်းကို ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး သုံးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ကနဦးသတင်းအရသိရပါတယ်။
ညနေ ၃ နာရီလောက်မှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကန်တော် ရှမ်းကျောင်းအနီး ကန်တော် ဖူဆယ်ကွင်း နဲ့ ပိတ်စွယ် အထက်ပိုင်း ရေကန်တော်ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဖူဆယ်ကွင်းထဲ ကျရောက်ပေါက်ကွဲမှုမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။
“သေးဆုံးသူ ကလေးသုံးယောက်လို့တော့သိနေရပြီ။ ထိခိုက်ဒဏ်ရာရများပါတယ်။ တလုံးက ဘောလုံးကွင်းပေါ် ကျတာပါ။ နောက်တလုံးက ဘုရားငါးဆူနားကျတာပါ။ သေဆုံးထိခိုက်များတာက ဘောလုံးကွင်းပေါ်အတည့်ကျတာပါ။” လို့ ဒေသခံကပြောပါတယ်။
လက်ရှိမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေပြီး ဆေးဝါးကုသဖို့ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။
အောက်တိုဘာ ၁၉ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်းကို လေကြောင်းကနေဗုံးကြဲ ခံရပြီး လူထိခိုက်မှုမရှိပေမယ့် ကြက်ခြံထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ စစ်တပ်က မန္တလေး – မိုးကုတ်လမ်းပေါ်က အဓိကအချက်အချာကျတဲ့ ဖော့တောလမ်းဆုံကို ပြန်လည်ထိန်းချုပ်လိုက်ပြီး မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အရေး ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ဖို့ လုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိလာနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မိုးကုတ်ဒေသခံတွေထဲက အချို့ကတော့ မိုးကုတ်ကနေ စစ်ရှောင်ဖို့ လုပ်နေကြတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ မန္တလေး – မိုးကုတ်လမ်းရှိ ဖော့တောလမ်းဆုံကို ပိတ်ထားတာကြောင့် မိုးကုတ်ကို မိုးမိတ်ဘက်မှ လမ်းကြောင်းပြောင်းလဲသွားလာနေရပြီး မိုးကုတ် – မန္တလေး ခရီးစဥ်တကြောင်းကို ၅ သိန်းကျပ်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရစစ်တပ်က သပိတ်ကျင်းမြို့မှ ဖော့တောလမ်းဆုံအထိ နယ်မြေထိန်းချုပ်ထားပြီး လုံခြုံရေးယူထားပါတယ်။
မိုးကုတ်မြို့နယ်ကို ထိန်းချုပ်ထားတဲ့ TNLA ကတော့ လတ်တလောမှာ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးသိပ်မတွေ့ရဘဲ ခံစစ်အနေနဲ့ ခုခံပြီး နယ်မြေ လက်မလွှတ်ရရေး ကာကွယ်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ -CJ
