
အောက်တိုဘာ ၂၃ ၊ ၂၀၂၅
CC(VOM)
အောက်တိုဘာ ၂၈ ကစပြီး နှစ်လတာ မဲဆွယ်စည်းရုံးရေးမယ့် ပါတီတွေကို စီတန်းလှည့်လည်ပြီး မဲဆွယ်စည်းရုံးခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ခွင့်မပြုတော့ဘူးလို့ နိုင်ငံရေးပါတီအချို့ဆီကသိရပါတယ်။
စီတန်းလှည့်လည် မဲဆွယ်ခြင်းကို လုံခြုံရေးအခြေအနေတွေအရ ခွင့်မပြုတော့တာဖြစ်ကြောင်း ၊အဲဒီအတွက် ဟောပြောစည်းရုံးခြင်းသာ လုပ်ဆောင်ရမှာဖြစ်ပြီး ဟောပြောစည်းရုံးမဲဆွယ်ဖို့အတွက် နေရာနဲ့ခွင့်ပြုမိန့် တင်ပြတောင်းခံဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။
ပါတီတွေကို မဲဆွယ်စည်းရုံးရာမှာ စီတန်းလှည့်လည်ခွင့်မရှိကြောင်းကို အောက်တိုဘာ ၁၈ ရက်နေ့က UEC နဲ့ ပါတီတွေ တွေ့ဆုံစဥ်မှာ UEC က ပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ၂၀၂၀တုန်းကဆိုရင် ကားတွေ၊ဆိုင်ကယ်တွေနဲ့စီတန်းလှည့်လည်ကြတယ်လေ။အခုတော့ ခွင့်မပြုတော့ဘူးပြောတယ်။ သူတို့ရှင်းပြတာက ပြဿနာဖြစ်နိုင်တာကြောင့် ဟောပြောစည်းရုံးတာလောက်ပဲခွင့်ပြုတယ်။ စီတန်းလှည်လည်တာတော့ခွင့်မပြုတော့ဘူးပေါ့။ ကျွန်တော်တို့လည်းပြောရမယ်ဆိုရင် စီတန်းလှည့်လည်တာက ကုန်ကျစရိတ်များသောအားဖြင့်မပါတာလည်း ပြဿနာမရှိဘူးရတယ်။ တနိုင်ငံလုံးပေါ့ ။ကွက်လုပ်လို့ဘယ်ရမလဲ။လုံခြုံးအပိုင်းကြောင့်ပေါ့။” လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
အဆိုပါ UEC နဲ့တွေ့ဆုံပွဲကို မှတ်ပုံတင်ထားတဲ့ ပါတီ ၅၇ ပါတီလုံးတက်ရောက်ခဲ့ကြတာဖြစ်ပြီး မဲဆွယ်စည်းရေးကာလအတွက် ပါတီတွေ လုံခြုံရေးကို UEC ဘက်မှ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။
“မဲဆွယ်စည်းရုံးမယ် ဟောပြောမယ်ဆို ခွင့်ပြုမိန့်တင်ရတယ်လေ။ဘယ်နေရာမှာလုပ်မယ်။ ဘယ်ရက်လုပ်မယ်။ ဘယ်လောက်ကြာမယ်။ ဘယ်သူဟောပြောမယ်ဆိုပြီး တင်တော့မှ သူတို့ကပြန်ခွင့်ပြုမယ်။လုံခြုံရေးမကောင်းရင်ခွင့်မပြုဘူးပေါ့။ခွင့်ပြုတဲ့နေရာမှာ လုံခြုံရေးလုပ်ပေးနိုင်သလောက်လုပ်ပေးမယ်လို့နားလည်ထားတယ်။ခိုက်ရန်ဖြစ်ပွားတာမရှိအောင်နဲ့ အခြားလုံခြုံရေးကိစ္စတွေပေါ့။ ” လို့ ထပ်မံပြောပါတယ်။
မဲဆွယ်စည်းရုံးခွင့်ကာလကိုတော့ UEC က အောက်တိုဘာ ၂၈ ရက် မနက် ၆ နာရီမှစပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ ၊ ည ၁၂ နာရီထိ ရက် ပေါင်း ၆၀ ခွင့်ပြုပေးထားပြီး အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲအားလုံးအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ နိုင်ငံရေး ပါတီတွေက မဲဆွယ်စည်းရုံးကိစ္စနဲ့ပတ်သက်ပြီး ပါတီဝင်အချင်းချင်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။
မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီး USDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ” စီတန်းလှည့်လည်တာနဲ့ပတ်သက်လို့ UEC က ဘယ်လိုသတ်မှတ်တယ်ဆိုတာ ကျွန်တော်မတက်လို့မသိဘူး။ကျွန်တော်တို့ကတော့ ဥပဒေပေါ်မှာပဲအားကိုးပြီးလုပ်မှာ။ ကျွန်တော်တို့သွားတဲ့လာတဲ့ဟာကို ဟန့်တားနှောက်ယှက်ရင် ဥပဒေနဲ့အညီ တရားစွဲဆိုအရေးယူနိုင်ဖို့တင်ပြမှာပေါ့။ဥပဒေဘောင်အတွင်းကပဲသွားမှာ။ အခုကိုယ့်မဲဆန္ဒနယ်မှာ ဘယ်လိုတွေ ၂၈ ရက်နေ့ကစပြီး ဘယ်လိုတွေမဲဆွယ်ကြမယ်ဘာညာဆိုတဲ့ကိစ္စရှိတယ်။ ” လို့ ပြောပါတယ် ။
ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့အခါမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့် တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့် ညှိစွန်းမှုမရှိအောင် ဂရုစိုက်ကြဖို့ UEC ဥက္ကဋ္ဌကသတိပေးထားတယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ် ပျက်ပြားစေရန် နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူမှုအနေနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိဆိုရင် ” ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူ ဆောင်ရွက်ခဲ့တဲ့အမှု ၄၂ မှုနဲ တရားခံ ၆၄ ဦးအထိရှိထားတယ်လို့သိရပါတယ်။
ပါတွစုံအထွေထွေ ရွေးကောက်ပွဲကို UEC က အပိုင်းသုံးပိုင်းခွဲကာကျင်းပသွားမှာဖြစ်ပြီး အပိုင်း ၁ အဖြစ် ပထမဆုံးအကြိမ်ရွေးကောက်ပွဲကို တော့လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာစတင် ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် ပြည်ထောင်စုတဝန်းလုံး မဲဆွယ်စည်းရုံးမယ့် နိုင်ငံရေးပါတီ ၆ ပါတီရှိပြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ၃၉၆၁ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုအတွင်း မဲဆွယ် စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅၁ ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး အမည်စာရင်းတင်သွင်းခဲ့ရာ အဲဒီထဲကမှ စည်းကမ်းချက်မညီတဲ့ကိုယ်စားလှယ်လောင်းတချို့ကို ပယ်ဖျက်ခဲ့ပါတယ်။
ပုံ VOM ဖော်ပြပြီး ၂၀၂၀ ကာလက ပုံဟောင်းဖြစ်ပါတယ်။
