အင်းတော်မြို့ သိမ်းပိုက်ချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သုံ့ပန်း ၁၃ ယောက် ထွက်ပြေး

အောက်တိုဘာ ၁၇၊ ၂၀၂၅
Shy V (VOM)
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ သိမ်းပိုက်ချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သုံ့ပန်း ၁၃ ယောက် အောက်တိုဘာလ ၂၅ ရက်နေ့က ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အင်းတော်မြို့ သိမ်းတိုက်ပွဲမှာ ဖမ်းထားတဲ့ စစ်သုံ့ပန်း ၁၃ ယောက် အချုပ်ခန်း ဖောက်ပြီး ထွက်ပြေးသွားတယ်လို့ ကြားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မနက်အစောပိုင်း ထွက်ပြေးသွားတာဖြစ်ပြီး အချုပ်ခန်းစောင့်တဲ့ သူတွေဆီက သေနတ်တွေပါ လုယူသွားတာကြောင့် သေနတ် သုံးလက် ပါသွားတယ်လို့ ကြားကြောင်း သူက ပြောပါတယ်။
“အစောင့်တွေက ပေါ့လျော့လို့ နေမှာပါ။ လိုင်းမကောင်းတော့ အသေးစိတ်မသိရဘူး။ ထွက်ပြေးသွားတဲ့သူတွေက အရာရှိတွေပဲလို့ ကြားတယ်။” လို့ KIA တပ်ဖွဲ့နဲ့ နီးစပ်တဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။
အင်းတော်သိမ်းတုန်းက ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေထဲက ၁၃ ယောက် အစောင့် ရဲဘော် သုံးယောက်ကို တိုင်မှာကြိုးချည်ထားပြီး ထွက်ပြေးသွားတာ သေနတ်လည်း သုံးလက်ပါသွားတယ်လို့ အင်းတော် Revolution က ဆိုရှယ်မီဒီယာမှာ ရေးထားပါတယ်။
ထွက်ပြေးသွားတဲ့ သုံ့ပန်းတွေထဲမှာ တပ်ရင်းမှူး၊ တပ်စိပ်မှူး၊ တပ်ခွဲမှူး၊ ဆေးမှူး၊ တပ်စုမှူး၊ မြို့နယ်မှူး သဖြင့် ပါသွားတာဖြစ်ပြီး မြို့နယ်မှူးကိုတော့ ပြန်လည် ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း အင်းတော်မြို့သိမ်းတိုက်ပွဲတုန်းက ဖမ်းဆီးထားတဲ့ သုံ့ပန်း သုံးယောက် ထွက်ပြေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။
အင်းတော်အနီးဘက်က ဗန်းမောက်မြို့နဲ့ အနီးဝန်းကျင်မှာတော့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြို့ပေါ် ရဲစခန်းနဲ့ သစ်တောရုံးတွေမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း မြင်းခြံခရိုင် ပကဖ အချုပ်ခန်းမှ စစ်သုံ့ပန်း အယောက် ၂၀ အပါအဝင် အချုပ်သား အယောက် ၃၀ လက်နက်တွေ ယူဆောင်ပြီး ထွက်ပြေးခဲ့တာမှာ ၈ ယောက်ကိုသာ ပြန်လည် ဖမ်းဆီး မိခဲ့ပါတယ်။
Photo: Google map

Related posts

Leave a Comment

VOM News

FREE
VIEW