သူတို့အိမ် အခန်း – ၂၃

 

ဆူးငှက်

 

၁၄ နှစ်သမီး နှင့် ပဋာစာရီ
——————————-

မူလတန်းမှာ ဒက္ခိဏဝံတိုက် ဦးပဏ္ဏဝံကျောင်းသို့ ကျောင်းစတက်ရတာရော၊ အဘက ရွာပြန်လှူတာရော၊ ဝင်းထဲက အ်မ်ကလေး အသစ်ပြန်ဆောက်တာရော မှတ်မိတာတွေက သိသိသာသာမို့ အိမ်က အစ်မအကြောင်း ပြောဖို့ ကျန်သွားသည်။ ကျွန်တော့် အထက်က အစ်မဖြစ်သူ မခင်ဝင်း က ကျွန်တော်နှင့် အသက် ၉ နှစ်ကွာသည်။ သူက ငယ်ငယ်လေးကတည်းက အက ဝါသနာပါသည်။ ထို့ကြောင့် အမေ့ဆီဖောက်သည် ဆရာမကြီးဒေါ်သြဘာသောင်းက တဆင့် နန်းရှေ့ပန်တျာကျောင်းသို့ အပ်နှံလိုက်သည်။ ကျွန်တော် ၉နှစ် ၁၀နှစ်သားလောက်က ရွာမှာ အဘက ပြန်လှူတော့ မမခင်ဝင်း မလိုက်နိုင်တော့။ ထိုအချိန်တွင် သူက ဆရာမကြီး ဒေါ်သြဘာသောင်းနှင့်အတူ ရန်ကုန်သို့ ရောက်နေလို့ ဖြစ်သည်။

မမခင်ဝင်းက ပန်တျာကျောင်းတက်ကတည်းက ထူးချွန်ကျောင်းသူ ဖြစ်လို့ ဒေါ်သြဘာသောင်း၏ တပည့်ချစ်တစ်ဦး ဖြစ်ခဲ့၏။ သင်တန်းထဲက တပည့်တွေကြားမှာ ခင်ဝင်း မှ ခင်ဝင်းဖြစ်နေသည်။ ဧည့်သည်လာတိုင်း သူ့တပည့်မကို ထုတ်ကြွားရတာ အမော။ ထိုအကြောင်းကိုလည်း ဆရာမကြီး လူထုဒေါ်အမာက ၁၉၇၃ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “အငြိမ့်” ပထမတွဲက အက မင်းသမီး သြဘာသောင်း ဟူသော အခန်းတွင် ဤသို့ရေးသားခဲ့သည်။

“ သူ့နောက်ဆုံးတပဲ့တယောက်ဖြစ်တဲ့ မခင်ဝင်းကို သူချစ်လိုက် တာလဲမပြောနဲ့တော့၊ ပညာအနေနဲ့ တော်တော်ကို စိတ်တိုင်းကျ တဲ့အထဲကတယောက်ပဲ။ ဒါကြောင့်သူက သူ့ရှိသမျှ သူတက်သမျှ ကို အိတ်သွန်ဖာမှောက် ပေးခဲ့ချင်တယ်။ ဆယ့်လေးငါးနှစ်အရွယ် ခင်ဝင်းကို ကလေးအရွယ် မတက်စေချင်ဘူး။ သူ ပညာပေး လောဘကြီးပေမယ့် ဓမ္မတာကို သူ လွန်ဆန်နိုင်မတဲ့လား။ ခင်ဝင်းကို စိတ်တိုင်းမကျရင် ကျမဆီပြေးလာတယ်။ ခင်ဝင်း ကလေးလိုနေပါ ဆိုတာ မနေဘူးလို့ တိုင်လာတယ်။ သူက ပညာ တွေ စုံစုံလင်လင်ကြီး မရသေးခင် မတော်တဲ့လူနဲ့ တွေ့မှာသိပ်စိုး ရှာတာကိုး။

“ အမေသောင်းက သူ့ကို ကလေးလေးလို နေစေချင်တာ၊ သူက ပဋာစာရီမှ ဝတ်ချင်သတဲ့၊ အဲဒါကြောင့် စိတ်ညစ်တယ်” တဲ့ လေ။

“ ပဋာစာရီဆိုတာ ဘာတုံး အမေသောင်းရဲ့”

“ ဟို– နို့ပုံကလေး လုပ်ထားတာလေ”

“ အော်-ဘရာစီယာလား”

“ အဲဒါ– အဲဒါ”

ကျမမယ် အသက် ၇၀ကျော်နဲ့ ၁၄နှစ်သမီးတို့ရဲ့ ပဋိပက္ခကို မပြုံးဘဲ မနေနိုင်ဘူး။ ဒေါ်ဩဘာသောင်းမှာ သားသမီး အရင်းမရှိဘူး၊ သူ့တပည့်မတွေ အားလုံးဟာ သူ့ဝမ်းမနာ သမီးချည်းဘဲ။” ဟူ၍ ဖြစ်သည်။

 

ညိုတိုတို မသောင်းတင်
—————————

မမခင်ဝင်းကို ပန်တျာ မှာ တတိယနှစ်လောက်ရောက်တော့ ဆရာမကြီး ဒေါ်သြဘာသောင်း က သူ့အိမ်မှာပဲ ခေါ်ထားတော့သည်။ သူ့အိမ်က ၃၁လမ်း ၈၂လမ်းနှင့် ၈၃လမ်းကြားမှာ ရှိပြီး မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ၏ အရှေ့ဖက်မှာ ရှိသည်။ ဆရာမကြီး က သူ့သားဖြစ်သူ ဦးလစ်ပတန် ၏ မိသားစုကိုပါ အတူနေစေ၏။ ဦးလစ်ပတန်က ခေတ်ဆန်း အမည်ဖြင့် ဓာတ်ပုံတိုက် ဖွင့်ထားသည်။ ဆရာမကြီးအိမ်က နှစ်ထပ်တိုက် ဖြစ်သည်။

ဆရာမကြီးအိမ်မှာ မမခင်ဝင်း နေစဉ်က ညတိုင်လျှင် ကျွန်တော်တို့ သားအမိသားအဖ သုံးယောက်က လမ်းလျှောက်ရင်း သွားတွေ့ကြသည်။ ထိုအခါ ဆရာမကြီးက သူ့တိုက်ရှေ့မှာ ခုံလေးတွေခင်းပြီး အငြိမ့်အကြောင်း ဇာတ်အကြောင်း၊ စိန်ဗေဒါကြီးအကြောင်း အဘနှင့် ပြောမဆုံးတော့ပေ။ တစ်ခါတရံ ပြောရင်းနှင့် ခြေချိုးလက်ချိုး ကပြသေးသည်။

ကျွန်တော်က ဘေးက ငေးကာ မပျင်းမရိ နားထောင်သည်။ ဘုန်းကြီးပျံဧယဉ်ကြူးတွင် အခြားမင်းသမီးများနှင့် မတူဘဲ တောက လိုက်လာသည့် ဘုန်းကြီး တူမလေးလို ထန်းခေါက်ဖာလေးပွေ့ပြီး ပါးကွက်ကြားလေး ဆံရစ်ဝိုင်းလေးနှင့် အစ်ကိုလုပ်သူ လူရွှင်တော်ကလည်း တောသား မအူမလည်လို ငှက်ပျောခိုင်ထမ်းပြီး မောင်နှမ နှစ်ယောက် မြို့က ဘကြီးဘုန်းကြီးဆီ အလာ သရုပ်ကို ဇာတ်လမ်းဆငကာ ပရိသတ်ကြားကနေ စင်ပေါ်တက်၍ ဧယဉ်ကျူးသည့် အကြောင်းကို ပြောပြတော့ အဆို အငိုတွေရော ပါလာသည်။ ထို့နောက် ရွာစားကြီးစိန်ဗေဒါ နှင့် မင်းသမီးပေါင်းစုံ အငြိမ့်ညွန့်ပေါင်းအကြောင်းလည်း ပြေပြသည်။ ထို့ကြောင့် ညနေတိုင် ဆရာမကြီးအိမ်သို့ သွားရမည်ဆိုလျှင် ကျွန်တော်က သဘောကျသည်။

မမခင်ဝင်း ပန်တျာမှာ ကျောင်းတက်နေစဉ် နန်းရှေ့က ကျောင်းသို့ နှစ်ခေါက်လောက်တော့ ရောက်ဖူးသည်။ တစ်ထပ် သင်တန်းဆောင်လေးတွေက ရေမြောင်းလေးတွေ ပန်းခြုံလေးတွေ ကန်သင်းရိုးလမ်းလေးတွေနှင့် ခပ်လှမ်းစီ ရှိနေကြသည်။ ဆံရစ်ဝိုင်းနှင့် ကျောင်းသူလေးတွေ၊ ယောင်ပေစူးနှင့် ကျောင်းသားလေးတွေက သင်တန်းဆင်းလျှင် ပြေးလျွှား ဆော့ကစားကြသည်မဟုတ်ဘဲ တောမစမှာဖြင့် ဒေါနရယ်တဲ့ ဇီဇဝါ ဇီဇဝါ စသည့် မြိုင်ထသီချင်းဟစ်ကာ မင်းသားမင်းသမီး နှစ်ပါးသွားစခန်းချပမာ ကခုန်လာကြသည်။

အတီး သင်တန်းသားလေးတွေကလည်း ပါးစပ်ဆိုင်း မြိုင်မြိုင်နှင့် ဝိုင်းဖွဲ့လာကြ၏။ ဒီမြင်ကွင်းလေးတွေက အခြားကျောင်းများနှင့် မတူဘဲ အမြင်ဆန်းတာမို့ မှတ်မိနေသည်။ တစ်ခေါက်ကတော့ တစ်ထပ်တိုက် ရုံးခန်းလေး ဘက်ကနေ အစ်မအတွက် ခွဲတမ်းရသော ဆန်ကို ထုတ်ယူပြီး သားအမိနှစ်ယောက် ကျားခေါင်းကားနီစီးကာ အိမ်ပြန်ရခြင်း ဖြစ်သည်။

 

 

၁၃၂၆ ခုနှစ် သင်္ကြန်
———————-

ပန်တျာကျောင်းနှင့် ပတ်သက်ပြီး စွဲစွဲမြဲမြဲ မှတ်မိနေတာ တစ်ခုရှိပါသေး၏။ ထိုနှစ်က မန္တလေးသင်္ကြန်ကို ကျုံး ပတ်ပတ်လည်တွင် မဏ္ဍပ်များထိုးကာ ကျင်းပသော နှစ် ဖြစ်သည်။ ထို့ကြောင့် ပန်တျာကျောင်းကလည်း ကျောင်းမျက်နှာစာက အရှေ့ကျုံးလမ်းပေါ်တွင် ကျုံးဖက်လှည့်ကာ မဏ္ဍပ်ထိုးသည်။ ဗဟိုမဏ္ဍပ်ကတော့ တောင်ဘက် ကျုံးလမ်း မြူနီစီပယ် ခန်းမရှေ့မှာပေါ့။ ပန်တျာမဏ္ဍပ်မှာ အစ်မတို့ ကမှာမို့ သားအမိ သားအဖ သုံယောက်သား သွားကြည့်ကြသည်။ အိမ်ကနေ ပန်တျာကျောင်းအထိ ခြေကျင်သွားရပေမယ့် လမ်းတလျှောက် မဏ္ဍပ်တွေ အလှပြယာဉ်တွေ သင်္ကြန်လည်ကားတွေ လူတွေကို ကြည့်ရင်းမို့ ရောက်မှန်းမသိ ရောက်သွားသည်။

ပန်တျာမဏ္ဍပ်ရှေ့မှာ တိုးဝှေ့ပြီး ကြည့်ရသည်။ ကျွန်တော်က မမြင်ရလို့ အဘက ပုခုံးပေါ် ထမ်းပြသည်။ ထိုနေ့ညက ပန်တျာမဏ္ဍပ်က ယိမ်းတွေမှာ အစ်မကတာ မမြင်။ တစ်ဖွဲ့ပါနိုး တစ်ဖွဲ့ပါနိုးနှင့် စောင့်ကြည့်တာ အစ်မ မပါသောအခါ အဘက လူကြားတိုးပြီး သွားမေးသည်။ အစ်မက ဗဟိုမဏ္ဍပ်မှာ ပြိုင်ပွဲဝင်ဖို့ ဒေါ်သြဘာသောင်းကားနှင့် ဆရာတပည့်နှစ်ယောက် မြူနီစီပါယ်ရုံးကို သွားကြပြီဟု သိခဲ့ရသောကြောင့် သားအမိသားအဖ ၃ယောက်သား မြူနီစီပါယ်ရုံးရှေ့က ဗဟို မဏ္ဍပ်သို့ သွားကြရပြန်၏။ ဗဟို မဏ္ဍပ်ရောက်တော့ မမှီတော့။ ပြိုင်ပွဲတွေက ပြီးသွားလို့ ကျောင်းမဏ္ဍပ်သို့ ပြန်သွားကြပြီတဲ့။ မတတ်နိုင်တော့ ပြန်ကြရုံပေါ့ ဆိုကာ ၃ယောက်သား အိမ်ပြန်ကြတော့သည်။ ကျွန်တော်ကတော့ ခြေလှမ်းပင် မမှန်ချင်တော့ လမ်းလျှောက်ရလွန်းလို့ ခြေကုန် လက်ပန်းကျပြီ။

 

ငွေဖလားကြီးပိုက်ကာ
—————————-

သည်လိုနှင့် အိမ်ရောက်တော့ ခဏနားကာ အမေက အိပ်ရာပြင်နေစဉ် ဝင်းပေါက်က ကားတစ်စင်း ဟွန်းသံပေးကာ မီးရောင် အဝင်းသားနှင့် ရပ်တာမြင်ရ၏။ ဘယ်ကကားပါလိမ့် ဦးလေးသောင်တို့ကားလည်းမဟုတ်၊ သူတို့ဧည့်သည် ထင်ပါရဲ့ဟု အဘက ဝင်းပေါက် ဖက်သွားကြည့်သည်။ ကားမီးရောင်ရှေ့မှာ လူရိပ်မြင်ရပြီး အဘ အဘ ကျွန်တော်ပါ တံခါးဖွင့်ပေးပါဦး မေမေရောပါတယ် ဟူသော အသံကြားမှ သူ့သမီး မမခင်ဝင်းမှန်းသိကာ တံခါးဖွင့်ပေးသည်။ ကားမီးပိတ်ပြီး ကားတံခါးဖွင့်၍ ဆရာမကြီးဒေါ်သြဘာသောင်းက “ကိုင်း.. ကိုပေါလူ၊ အိမ်တော့ မဝင်တော့ဘူး၊ ခင်ဝင်းက သူဆုရတာ ပြချင်လို့ ဒီည အဘအိမ်မှာ အိပ်မယ်ဆိုလို့ လိုက်ပို့တာ၊ ရှင့်သမီး ရတဲ့ ဆုကြီး ကြည့်လိုက်ပါဦး” ဟု ပြောသည်။

မမခင်ဝင်းက ကားပေါ်က သူရသည့် ဆုဖလားကြီး ပွေ့ယူလာသည်။ ဆုဖလား အတော်ကြီးသည်။ အောက်က ကျွန်းသား ကလပ်လည်းပါသည်။ ဖလားထဲမှာ ဆုရသည့် ဂုဏ်ပြုလွှာက ရွှေရောင်စာလုံးတွေကို လက်ခနဲ မြင်လိုက်ရသည်။ မမခင်ဝင်းက မေမေဟုခေါ်သော သူ့ဆရာဒေါ်သြဘာသောင်းကို နက်ဖြန် နေ့လယ်မှ ပြန်ခဲ့မယ်ဟု ပြောကာ နှုတ်ဆက်နေသည်။ ဆရာမကြီးက ကားတံခါးပိတ်ပြီး အဘကို နှုတ်ဆက်သည်။ ဆရာမကြီး၏ သား ဦးလစ်ပတန် မောင်းသော ဘောက်ဝက်ဂွန်း ပေါင်မုန့် ကားက ဝင်းပေါက်က နောက်ဆုတ်ကာ ထွက်သွားသည်။

အိမ်ရောက်တော့ မမခင်ဝင်းရခဲ့သည့် ဆုဖလားကြီးကို ဝင်းထဲက အမျိုးတွေက မအိပ်ကြသေးလို့ လာကြည့်ကြရင်း အံ့သြဝမ်းသာ နေကြသည်။ ဂုဏ်ပြုလွှာမှာက မန္တလေးမြို့ မဟာသင်္ကြန် ရေသဘင်ပွဲတော်၊ ဂုဏ်ထူးဆောင် လက်မှတ် ဟူသော ခေါင်းစည်း နှင့် အတူ “မန္တလေးမြို့ ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီမှ ဦးစီး ကျင်းပသည့် သင်္ကြန်ရေသဘင်ပွဲတော် အက ပြိုင်ပွဲတွင် အထူးဆုရရှိသော ပန်တျာကျောင်းမှ မခင်ဝင်းအား ငွေဖလားဆုနှင့် အတူ ဤဂုဏ်ထူးဆောင် လက်မှတ်ကို ချီးမြှင့်ပါကြောင်း” ဟု ပါရှိကာ ဒု – ဗိုလ်မှူးကြီးတင်ဦး၊ ဥက္ကဋ္ဌ ၊ မြို့မခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီ ဟု လက်မှတ်ထိုးထား၏။ ဂုဏ်ပြုလွှာထိပ်က နိုင်ငံတော် တံဆိပ် တဖက်တချက်မှာ ၁၃၂၆ ခုနှစ်၊ ၁၉၆၅ ခုနှစ်တဲ့။

 

မန်းပန်တျာ အစ
——————–

မန္တလေး ပန်တျာကျောင်းကို ၁၉၅၃ခုနှစ် ဇူလိုင် ၁ ရက်တွင် ၈၃လမ်း၊ ၃၄လမ်းနှင့်၃၅လမ်းကြား၌ စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ပန်တျာကျောင်း၏ မူလအမည်မှာ ပန်းချီပန်တျာနှင့် ပြဇာတ်သင်တန်းကျောင်း ဟူ၍ ဖြစ်သည်။ မန္တလေး ပန်တျာကျောင်း စတင် ပေါ်ပေါက်လာပုံမှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ မန္တလေးသည် ရတနာပုံ နေပြည်တော် ခေတ်ကာလကတည်းက ဖွံ့ဖြိုးတိုးတက်ခဲ့သော မဟာဂီတ အပါအဝင် ဝါဂီနစ် ပညာများကို ပါတော်မ ပြီးနောက် သူ့ကျွန်လက်အောက်တွင် နိမ့်ပါး ဆုံရှုံး သွားမည်ကို မြို့ခံ ပညာရှင်ကြီး များက စိုးရိမ်ခဲ့ကြ၏။

ထို့ကြောင့် ၁၉၃၀ခုနှစ်တွင် မဟာဂီတအသင်း ဟူ၍ စတင်ထူထောင်ကြပြီး လေ့လာလိုက်စားလျှက် ရှိသူများလည်း ညှိနှိုင်း လေ့ကျင့်ရန်နှင့် လူငယ် များက ပညာအမွေ ဆက်ခံရန် အတွက်လည်း မဟာဂီတ သင်တန်းကျောင်းကို တာရဲတန်းရပ်တွင် ဖွင့်လှစ် ခဲ့ကြသည်။ သို့သော် ထိုသင်တန်းကျောင်းက ဦးဆောင်သူ ဆရာများကိုယ်တိုင် စရိတ် ရှာဖွေကာ ဖွင့်လှစ်ရသောကြောင့် ရေရှည် မရပ်တည်နိုင်ဘဲ ပိတ်လိုက်ရသည်။

 

ပြည်တော်သာ ညီလာခံမှသည်
———————————

၁၉၅၂ခုနှစ်တွင် ရန်ကုန်မြို့တွင် ပြည်တော်သာ ညီလာခံ ကျင်းပသောအခါ မြို့မတူရိယာအသင်း အပါအဝင် မန္တလေး အနုပညာရှင်များက အားတက်သရော ကူညီသောကြောင့် ဝန်ကြီးချုပ်ဦးနုက ဂုဏ်ပြုညစာ တည်ခင်းချိန်၌ ဘာ အကူအညီများ လိုအပ်ပါသလဲဟူသော ကျေးဇူးဆပ်မှုအပေါ် မန္တလေးမှာ ဖွင့်လက်စ မဟာဂီတသင်တန်းလေး ဆက်ဖွင့်ဖို့ စရိတ် လိုအပ်နေပါတယ်ဟု ဆရာဦးဘကလေး အပါအဝင် ပညာရှင်ကြီးများက ရိုးသားစွာ တင်ပြခဲ့ကြသည်။ ထိုအခါ ဝန်ကြီးချုပ်က ပိုမိုကျယ်ပြန့် အဆင့်မြင့်သော အနုပညာကျောင်း ဖွင့်လှစ်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးကို ချက်ချင်း တာဝန်ပေးခဲ့သည်။ ထို့ကြောင့် မန္တလေးတွင် အနုပညာကျောင်း စတင်ဖွင့်လှစ်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးအစီအစဉ်ကို ရွှေပြည်ဦးဘတင်၊ ဗိုလ်ခင်မောင်ကလေးနှင့် ဦးစိန်ညွန့်တို့က ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။ ကျောင်း အမည်ကိုလည်း မြန်မာပညာရှိ ဆရာကြီးဦးဖိုးလတ်က ပန်တျာဟူသော စကားလုံးကို ရွေးချယ်ပေးသဖြင့် ‘နိုင်ငံတော်အစိုးရ အနုပညာ ပန်တျာနှင့် ပြဇာတ်ကျောင်း ‘ ဟု ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

၁၉၅၃ခုနှစ် ဇူလိုင် ၁ ရက်တွင် ၈၃လမ်း၊ ၃၄လမ်းနှင့်၃၅လမ်းကြား၌ စတင် ဖွင့်လှစ်ခဲ့သာ ‘ပန်းချီပန်တျာနှင့် ပြဇာတ်ကျောင်း’ ၏ ပထမဆုံးကျောင်းအုပ်မှာ ဦးစိန်ညွန့် ဖြစ်ပြီး စန္ဒရားနှင့်ပတ္တလား ဆရာဘကလေး၊ ကြိုးတပ်တူရိယာ ဦးကြွယ်၊ အဆို ဦးထူး၊ ဒေါ်လှလေးစိန်၊ စောင်းကောက် ဒေါ်မေ၊ အမျိုးသားအက ရွှေဒေါင်းညို၊ အမျိုးသမီးအက ဒေါ်သြဘာသောင်း၊ ပန်းချီဦးဘသက် ဦးအေးကျော် တို့က စတင် တာဝန်ယူ ခဲ့ကြသည်ဟု မှတ်သားရသည်။ ထိုအချိန်တွင် အမျိုးသားအက သင်တန်းဆရာ ဇာတ်သဘင်ပညာရှင် မင်းသား ရွှေဒေါင်းညိုက အမျိုးသား အက အခြေခံများကို တီထွင်သင်ကြား နေသလို အမျိုးသမီးအက သင်တန်းဆရာ အငြိမ့်မင်းသမီးကြီး ဒေါ်သြဘာသောင်းကလည်း အမျိုးသမီး အကသင်ရိုးမရှိ၍ ဗုံလေးလုံးနှင့် တီးခတ်သော ဒိုးချက်သံစဉ်များနှင့် ကဗျာလွတ် အကကို စတင်တီထွင်ကာ သင်န်းသူများကို သင်ကြားခဲ့သည်။

ပန်တျာကျောင်းတွင် သင်တန်းနှစ်ကို သုံးနှစ် သတ်မှတ် ထားသဖြင့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းအတွက် ဒေါ်သြဘာသောင်းက အမျိုးသမီး အက သင်ရိုး များကို ကဗျာလွတ် ပထမ၊ ဒုတိယ၊ တတိယအဆင့်များဟု သတ်မှတ်ကာ တဆင့်လျှင် ကကွက် ၂၅ ကွက်ဖြင့် ၇၅ ကွက် တီထွင်ပြီး သင်ပေးခဲ့သည်။ ထို့ကြောင့် ပန်တျာကျောင်းမှ သုံးနှစ်သင်တန်းတက်ပြီး အဆိုပါ ၇၅ ကွက် ကျွမ်းကျင်လျှင် မည်သည့် မြန်မာသီချင်း စည်းဝါးနှင့်မဆို ပိုင်နိုင်စွာ ကပြနိုင်မည် ဖြစ်သည်။ ထို့နောက် မန္တလေးပန်တျာကျောင်းကို မူလနေရာမှ ပိုမိုကျယ်ဝန်း အဆင်ပြေသော လက်ရှိနေရာ ဖြစ်သည့် အရှေ့ကျုံးလမ်း (၆၆လမ်း) သို့ ၁၉၅၅ခုနှစ် ဇွန် ၁ရက်နေ့တွင် ပြောင်းရွှေ့ကာ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

 

နန်းရှေ့ ပန်တျာကျောင်းမှာ
——————————-

ကျွန်တော့် အစ်မ မခင်ဝင်းက ၁၉၆၃ခုနှစ်တွင် ပန်တျာကျောင်းသို့ စတင်တက်ရောက်ခဲ့ရာ ၁၉၆၆ခုနှစ်တွင် သင်တန်းဆင်းခဲ့သည်။ ဆရာမကြီးဒေါ်သြဘာသောင်းက သူ့တပည့် မခင်ဝင်းကို သင်တန်းမပြီးမီ ကတည်းက သူ့အိမ်တွင် ခေါ်ထားခဲ့ပြီး ၁၉၆၇ခုနှစ်တွင် ဆရာမကြီးက အကနည်းပြဆရာမ တာဝန်က အငြိမ်းစားယူပြီး အကအကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန်ယူချိန်၊ နောင်တစ်ချိန် ပန်တျာကျောင်းတွင် အဆင့်မြင့်(တက္ကသိုလ်အဆင့်) သင်တန်းများ ဖွင့်လှစ်ပါက အဆင်သင့်ဖြစ်ရန် ကဗျာလွတ်စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်များကို ထပ်မံတီထွင်၍ နောက်ဆုံးတပည့် မခင်ဝင်း (ခင်ဝင်းနွယ်)ကို သင်ယူမှတ်သားစေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဒေါ်သြဘာသောင်းက သူ့တပည့်ကို ပြင်ပက အနုပညာလောက၊ ပြင်ပ ပရိသတ်နှင့် အခြား အနုပညာသည်များ၏ ပညာပိုင်း လူမှု ဆက်ဆံရေးပိုင်း အတွေ့အကြုံ များလည်း ရရှိစေလိုသည်။

 

အငြိမ့်စင်ပေါ် ကကြတဲ့ အခါ
———————————-

ထို့ကြောင့် အဘနှင့် အမေကို ၃၁လမ်းက သူ့တိုက်သို့ ခေါ်ကာ “ ကိုပေါလူ .. ခင်ဝင်းကို ကျွန်မ အငြိမ့်ထဲ ထည့်ချင်တယ်၊ ရှင်တို့ မိဘတွေက သဘောတူကြရဲ့လား” ဟု မေးသည်။ တကယ်တော့ အဘရော အမေရော သဘောမတူလှ။ သမီးဖြစ်သူ ဝါသနာပါလွန်းလို့သာ ပန်တျာကျောင်းသို့ အပ်နှံခြင်းဖြစ်ပြီး အငြိမ့်ကဖို့အထိ ခိုင်းဖို့လည်း အစီမစဉ်မရှိခဲ့။ ထို့အတူ ကိုယ်တိုင်နှင့် ကိုယ့်အမျိုးအသိုင်းအဝန်းမှာလည်း ဝါသနာပါသည် ကလွဲ၍ ပညာရှင်အဖြစ် ပရိသတ်ကြား စင်ပေါ်တက်ပြီး အသက်မွေးသူမရှိသောကြောင့် သူတို့သမီး အငြိမ့်ကစေဖို့ ချက်ချင်း သဘောမတူရဲ။ ထို့ကြောင့် ဆရာမကြီး မေးခွန်းကို ချက်ချင်းမဖြေနိုင်ခဲ့ကြ။

နှုတ်ဆွံ့နေကြသော အဘနှင့် အမေကို ဆရာမကြီးက ပြုံး၍ကြည့်ပြီး “ကျွန်မကလည်း ခင်ဝင်းကို အငြိမ့်မကစေချင်ပါဘူး၊ ဒါပေမယ့် သူဒီပညာတွေ သင်ထားပြီး အပြင်က စင်ပေါ်အတွေ့အကြုံတွေ ရစေချင်လို့ပါ။ ဒါကြောင့် သူ့ကို အငြိမ့်တစ်ရာသီပဲ အတွေ့အကြုံရအောင် ကခိုင်းမှာပါ” ဟု ရှင်းပြသောအခါ အဘက “ ကျုပ်တို့က ခင်ဝင်းကို ဆရာမကြီးလက် အပ်ထားတာပါ၊ ဆရာမကြီး ကောင်းမယ်ထင်လို့ စီစဉ်တာ ကျုပ်တို့ မငြင်းပါဘူးဗျာ၊ အငြိမ့်စင်ပေါ်အတွက်လည်း ခင်ဝင်းကို ဆရာမကြီးလက် အပ်ပါတယ်” ဟု ခေါင်းညိတ် လက်ခံခဲ့သည်။ ဆရာမကြီးဒေါ်သြဘာသောင်းက ဆေးလိပ်ဖွာနေရာမှ ပြုံးပြီး “အငြိမ့်ကလည်း တခြားမှာ မဟုတ်ပါဘူးတော့၊ အရှေ့နားက ကိုကြည်ကိုကြူးထောင်တဲ့ ရွှေရတနာ အငြိမ့်မှာပါ။ ကျွန်မကိုယ်တိုင် ခင်ဝင်းကို ကိုကြူးတို့ လက်ထဲ သေချာအပ်မှာပါ။ ခင်ဝင်းကိုလည်း သေချာမှာမှာပါ” ဟု ပြောသည်။

ဤသို့ဖြင့် ကိုကြည်ကိုကြူး၏ ရွှေရတနာအငြိမ့်မှာ မမခင်ဝင်းက ခင်ဝင်းနွယ်အဖြစ် ရှေ့ထွက်မင်းသမီး ဖြစ်သွားသည်။ ရှေ့ထွက ်နောက်တစ်ယောက်က သူနှင့် ပန်တျာက တစ်နှစ်ထဲ ဆင်းဖြစ်သော တင်တင်မြင့်ဖြစ်သည်။ အလယ်ထွက်က ရွှေမန်းသူ မြင့်မြင့်သန်း ပေါ့။ ခေါင်းဆောင်မင်းသမီးက ယုစန်းကြည် တဲ့။ ရန်ကုန်မင်းသမီး ဖြစ်သည်။ လူရွှင်တော်က ကြယ်နီ စိန်ဝင်း အောင်မိုး တဲ့။ ကြယ်နီက မြို့တော်သိန်းအောင်ဇာတ်က ဖြစ်ပြီး စိန်ဝင်းက ဦးစိန်ဝင်းအဖြစ် အတည်အခံ့ကို ရယ်စရာဖြစ်အောင် တစ်မူထူးခဲ့သည့် လူရွှင်တော်ကြီး ဖြစ်သည်။ အောင်မိုးက ခပ်သွက်သွက် လူငယ် လူရွှင်တော်ပေါ့။ ရွှေရတနာ အငြိမ့်၏ မန်နေဂျာက လူရွှင်တော် ဦးစိန်ဝင်းမို့ အစ်မကို အရပ်သူအနေနှင့် အငြိမ့်လောကမှာ အဆင်ပြေစေရန် အစစ စောင့်ရှောက်ခဲ့သည်။

 

နောင်တစ်နှစ်မှ ပိုးကြပန်းကြပါ
———————————–

မမခင်ဝင်း အငြိမ့် က တော့ အသက်က ဘာရှိဦးမလဲ ၁၇နှစ် ၁၈နှစ်ပေါ့။ ထို့ကြောင့် သီချင်းရေးဆရာ ဆရာထာထံ အငြိမ့်သီချင်းအပ်တော့ “ ခင်ဝင်းနွယ် အပျိုကြီးဖြစ်မှာ နောင်တစ်နှစ်မှ ပိုးကြပန်းကြပါ” ဟူသော စာသား ပါတာ မှတ်မိသည်။ အလယ်ထွက် ရွှေမန်းသူမြင့်မြင့်သန်း ၏ အငြိမ့်သီချင်းမှာက “မြင့်မြင့်သန်းကို အားပေးကြတဲ့ လုပ်သားပြည်သူတွေ မရသေးသော စည်းစိမ်ဥစ္စာ ရတနာရွှေငွေ ဒီရေအလားတိုးပါစေ၊ စိန်တွေ ကျောက်တွေ ထွန်းတောက်ပါစေ” တဲ့။ ထိုစဉ်ကာလက လုပ်သားပြည်သူဟူသော စကားလုံးက ခေတ်စားလှသည်။ ခေါင်းဆောင် မင်းသမီး ယုစန်းကြည် က မျက်လုံးစင်းစင်းလေးနှင့် ခပ်ကျစ်ကျစ်ဖြစ်သည်။ “ မင်္ဂလာရှိသော လူထုအပေါင်းနဲ့ မိတ်ဆက်လာပါပြီ။ ကျွန်မ ယုစန်းကြည် အရွယ်ရောက်လို့ အပျိုကြီးဖြစ်လာပြီ၊ ရှာပုံတော် ပန်းလျလို့ မောင်နဲ့ မယ်နဲ့ နှစ်ယောက်သား ချစ်ချင်သည်၊ သူများတွေ ပြောကြတာက ယုစန်းကြည် အသက်ငယ်လွန်းသည်၊ အို.. ရှင် စိတ်ဆိုးတော့မည် ဒါမျိုးတော့ ပျိုက မကြိုက်ပါအတည် ဒေါ်ဒေါ်ကြည် ဒေါ်ဒေါ်ကြည် မောင်တို့ ချစ်တဲ့ မမဒေါ်ဒေါ်ကြည် ..” ဟူသည့် သီချင်းက ယုစန်းကြည်၏ သီချင်း ဖြစ်သည်။

သမီးဖြစ်သူ အငြိမ့်မင်းသမီးဖြစ်တော့ ကျွန်တော့် အမေကလည်း ဆီသည် အဖြစ်က မင်းသမီးအမေအဖြစ် အငြိမ့်စင်နောက် ဘယ်ဘက်ထောင့်မှာ သမီးဖြစ်သူ အလှပြင်နေသည့် မှန်ထဲကနေ လှမ်း စ နေကြသည့် စင်အောက်က ကာလသားတွေကို မျက်နှာထားတင်းတင်းနဲ့ အံကြိတ် ကြည့်နေရပြီပေါ့။ အမေက စပ်မိတိုင်းပြောသည်မှာ “ငါဖြင့် အငြိမ့်နောက်သာ ဆက်လိုက်ရရင် မြန်မြန်အသက်တိုမှာ၊ နယ်စုံရောက်ဖူး ဘုရားစုံ ဖူးရတာပဲ ပြောစရာရှိရဲ့” တဲ့။ တကယ်တော့ စောစောက အစ်မတို့ အငြိမ့်သီချင်းတွေ တစ်ပိုင်းတစ မှတ်မိတာက အမေ့ကြောင့် ဖြစ်သည်။

အမေက သူ့သမီးနှင့် အငြိမ့်လိုက်ရတာသာ မပျော်ဘူးပြောတာ အငြိမ့်သီချင်းတွေမှန်သမျှ အကုန် အလွတ်ရသည်။ အသက်၉၀ကျော် သူငယ်ပြန်လုလုအရွယ်မှာ အမေက သူ့အိပ်ရာထဲကနေ ထိုအငြိမ့်သီချင်းများကို အဝေ့အဝဲ အဆွဲအငေါက်များနှင့် တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုနေတတ်သည်။ “ မြင့်မြင့်သန်း အငြိမ့် ကရာတွင်၊ မောင် နောက်က လိုက်လို့ပင် စက်ဘီးအုပ်ကြီးနဲ့ ဘာဂျာမှုတ်ကာ တမင်၊ မောင့်ကို နာမည်ပေးလိုက်ချင် အရမ်းကဲတဲ့ လမ်းသူရဲ ခေါ်မယ်ရှင်” ဟူသော သီချင်းကိုလည်း ကြော့ကာ ကြော့ကာ သီဆိုနေတော့သည်။

 

ကျွန်တော်လိုချင်တာ ဒါပဲတဲ့
———————————

ကိုင်း.. အဘတို့ အမေတို့ကို ဆရာမကြီး ဒေါ်သြဘာသောင်း က တာဝန်ခံလိုက်သလို သူတို့သမီး မခင်ဝင်းအား အငြိမ့်တစ်ရာသီ တစ်နှစ်ပဲ ကစေမှာပါ ဟူသည့် စကားက ၆လခန့်မျှနှင့်ပင် ဂတိတည်သွားစေခဲ့ပါပြီ။ ၁၉၆၇ မတ်လ ၂ ရက် နေ့တွင် ရန်ကုန်ရှိ သမ္မတ အိမ်တော်ဝင်းအတွင်း ကျင်းပမည့် တောင်သူလယ်သမားနေ့ ဂုဏ်ပြုညစာ စားပွဲ၌် ဆရာမကြီးဒေါ်သြဘာသောင်းနှင့် မန္တလေးပန်တျာက ဖျော်ဖြေမှု အစီအစဉ်များတွင် ပါဝင်ရန် ချက်ချင်း ကြေးနန်းရိုက် အကြောင်းကြားကာ ဖိတ်ခေါ်သောကြောင့် တပည့် မခင်ဝင်းနွယ်လည်း ရွှေရတနာအငြိမ့်နှင့် မိတ္ထီလာတွင် ကပြနေနေရာမှ မန္တလေးသို့ ချက်ချင်းပြန်ခဲ့ပြီး ဒေါ်သြဘာသောင်းနှင့် အတူ ရန်ကုန်သို့ ဆင်းကြရသည်။ ထိုပွဲတွင် ရန်ကုန်သို့ ခေတ္တရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်လည်း တက်ရောက် သတဲ့။

တောင်သူလယ်သမားနေ့ ဂုဏ်ပြုညစာစားပွဲ၏ မန္တလေးပန်တျာက ဖျော်ဖြေရေးအစီအစဉ်များတွင် ဆရာမကြီးက သူတီထွင်ထားသည့် အမျိုးသမီး ကဗျာလွတ် ကကွက်များကို အစ်မအား ပွဲထုတ် ကပြစေသည်။ အစ်မ ကနေသော ကဗျာလွတ် ကကွက်များကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီးက မြင်တွေ့ပြီး စိတ်ဝင်စားသဖြင့် ချက်ချင်းပင် သူ့အနီး ထိုင်နေသည့် ဒေါ်သြဘာသောင်း ကို မေးမြန်းတော့သည်။ ထိုအခါ ဒေါ်သြဘာသောင်းက ဒါ မြန်မာအမျိုးသမီး အကအခြေခံတွေပဲ။ ဒီအခြေခံတွေတတ်ရင် မြန်မာသီချင်း ဘယ်စည်းဝါးမဆို ကလို့ရတယ်ဟု ဖြေကြားရာ ဥက္ကဋ္ဌကြီးက ဟုတ်ပြီ။ ကျွန်တော် လိုချင်တာ ဒါပဲဟု ပြောဆိုခဲ့သတဲ့။ ဤသို့ဖြင့်…..။

 

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW