အောက်တိုဘာ ၂၉ ၊ ၂၀၂၅
CC (VOM)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA )မှာ လေယာဥ်ပြေးလမ်းကြောင်း ပြုပြင်နေတဲ့အတွက် ဒီကနေ့ အောက်တိုဘာ ၂၉ ရက်မှစပြီး လေဆိပ်ကို ည ၁၂ နာရီမှ မနက် ၆ နာရီအတွင်း ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတွေ ဆီမှသိရပါတယ်။
ညပိုင်း လေယာဥ်ပျံသန်းခွင့်ပိတ်ထားခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းမှစပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အချိန် နှစ်လအကြာ ယာယီပိတ်ထားမှာဖြစ်တယ်လို့သိရပါတယ်။
” ဟုတ်ပါတယ်။ လေယာဥ်ပြေးလမ်းကြောင်း ပြုပြင်မှာမို့လို့ ညဘက်ကို လေယာဥ်တွေပျံသန်းခွင့် ပိတ်ထားတာပါ။ ဒါကြောင့်သူတို့ ကန့်သတ်လိုက်တဲ့အချိန်မှာ ပြေးဆွဲဖို့စီစဥ်ထားတဲ့ လေယာဥ်တွေက အချိန်ကို ရှေ့တိုးလိုက်တာရှိသလို အနောက်ရွှေ့လိုက်တာမျိုးရှိတယ်။ ခရီးသွားမယ့်သူတွေသေချာ စုံစမ်းကြပါ။” လို့ ပြည်တွင်း ပြည်ပလေယာဥ်လက်မှတ်အရောင်းဌာနတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ညပိုင်းကို လေယာဥ်ပျံသန်းခွင့် ပိတ်လိုက်တာကြောင့် လေကြောင်းလိုင်းတွေက ညဘက်ပြေးဆွဲမယ့် လေကြောင်းခရီးစဥ်တွေကို အချိန်ပြောင်းလဲ ပြေးဆွဲပေးဖို့ ကြေငြာထားတာကြောင့် ညပိုင်း လေယာဥ်နဲ့ ခရီးသွားဖို့ လက်မှတ်ဖြတ်ထားသူတွေအနေနဲ့ ခရီးစဥ်အပြောင်းအလဲအတွက် သေချာစုံစမ်းမေးမြန်းကြဖို့လည်း ပြောဆိုပါတယ်။
” ကျွန်တော်တို့ဆီ ညပိုင်းလေယာဥ်ခရီးစဥ် ဖြတ်ထားသူတွေကိုတော့ ဖုန်းဆက်ပြီး ပြောပြနေပါတယ်။ တချို့ ဖုန်းဆက်မရတဲ့သူတွေလည်းရှိတယ်။အဲဒါကြောင့် လက်မှတ်ဝယ်ထားသူတွေ ဘက်ကလည်း ရက်နဲ့အချိန်ကို စစ်ပြီး ကိုယ်လက်မှတ် ဝယ်တဲ့ဆီကိုစုံစမ်းဖို့လိုပါတယ်။ အခုက ပြည်ပခရီးစဥ် အတွက်ပဲ သက်ရောက်ပါတယ်။ ပြည်တွင်း flight က ညဘက်မရှိဘူး။ ” လို့ ခရီးသွားလုပ်ငန်းနဲ့ လေယာဥ်လက်မှတ်အရောင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်ကပြောပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ပြေးလမ်းကြောင်းပြုပြင်နေတာကြောင့် လေကြောင်းခရီးစဥ်တွေ အချိန်ပြောင်းလဲ ပြေးဆွဲထားကြောင်းကို မြန်မာအမျိုးသားလေကြောင်းလိုင်း MAI ကလည်း ဒီနေ့မှာ အသိပေးထားတာတွေ့ရပါတယ်။
ခရီးသည်တွေအနေနဲ့ မိမိတို့ဝယ်ယူထားတဲ့ ခရီးစဉ်အတွက် အသစ်ထပ်မံပြောင်းလဲထားသော ခရီးစဉ်အချိန်များကို လေယာဉ်မထွက်ခွါမှီပြန်လည်စစ်ဆေးကြပါရန်နဲ့ Transit ခရီးစဉ်အတွက် အခြားလိုအပ်သော စီစဉ်မှုများ ပြုလုပ်ပေးထားပါရန် MAI မှ အသိပေးထားတာတွေ့ရပါတယ်။
