အောက်တိုဘာ ၂၉၊ ၂၀၂၅
NN(VOM)
တရုတ်အစိုးရရဲ့ ကြားဝင်ဆွေးနွေးမှုကြောင့် တပ်မတော်နဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့တို့ကြား ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်ပြီလို့ TNLA ကဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံကူမင်းမြို့မှာ အခုလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ နှစ်ရက်တာ ဆွေးနွေးပွဲအတွင်း သဘောတူညီချက်တွေ ရရှိခဲ့တာဖြစ်ပြီး TNLA ဘက်က မိုးကုတ်၊ မိုးမိတ်မြို့တွေကနေ တပ်တွေ ပြန်ဆုတ်ရမှာဖြစ်ပါတယ်။
တပ်မတော်ဘက်က TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ ထိုးစစ်ဆင်မှုတွေ မလုပ်ရဘူးလို့ သဘောတူညီခဲ့ကြောင်း TNLA ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီဆွေးနွေးပွဲကို တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းက ဦးဆောင်ခဲ့ပြီး တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး TNLA ဘက်တော့ ဒုတိယဗိုလ်ချုပ်ကြီး တာဂျုတ်ဂျား ဦးဆောင်တဲ့ အဖွဲ့ တက်ရောက်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။
အစိုးရဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့ပေါင်း ၁၁ မြို့ကို TNLA က သိမ်းပိုက်ထားတာပါ။
တပ်မတော်က နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့သုံးမြို့ကို ပြန်လည် သိမ်းပိုက်ထားချိန်မှာ တပ်မတော်နဲ့ TNLA တို့ အပစ်ရပ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ပုံဟောင်း- ကျောက်မဲကို တပ်မတော်ပြန်လည်ထိမ်းချုပ်စဉ်က
