အောက်တိုဘာ ၃၀ ၊ ၂၀၂၅
GG (VOM)
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ ယာဥ်ရပ်နားစခန်း လေလံရရှိထားသူတွေက ယာဥ်ရပ်နားခအဖြစ် ကားတစီးကို ငါးသောင်းကျပ်( ၅၀၀၀၀) နဲ့ ဆိုင်ကယ်တစီးကို နှစ်သောင်းကျပ် (၂၀၀၀၀) နူန်းအထိ အဆမတန် ကောက်ခံမှုရှိနေတယ်လို့ ခရီးသွားလာသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
” ကားတစီး ငါးသောင်း တောင်းပြီး ရပ်နားကွင်းက ချိုင့်ခွက်တွေနဲ့ ။ကားတွေဘီးတောင်ဝင်နေတော့ ကားတွေနာတယ်။ ပိုက်ဆံဒီလောက်တောင်းထားတာ သေချာလေး လုပ်ထားသင့်တာပါ။၅၀၀၀၀ ဆိုတဲ့ပမာဏ ကလည်းများတယ်ဗျာ။ ” လို့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို အလည်အပတ်ရောက်ရှိနေသူတယောက်က ပြောပါတယ်။
ယာဥ်ရပ်နားစခန်း လေလံရရှိသူတွေအတွက် ယာဥ်ရပ်နားခကောက်ခံဖို့ သတ်မှတ်ထားတဲ့ နူန်းထားတွေကို ဆိုင်ကယ်တစီးကို ၂၀၀၀ ကျပ် ၊ တတန်အောက် ကားတစီးကို ၅၀၀၀ ကျပ် ၊ တတန် အထက်ကားတစီးကို တသောင်း ကျပ်ထက် ပိုမကောက်ဖို့ သတ်မှတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင် ယာဥ်ရပ်နား စခန်းတွေအနေနဲ့ ဆိုင်ကယ် ၊ကားရပ်နားခအတွက် ကောက်ခံမယ့် နူန်းထားကို Board ၊ ဗီနိုင်း နဲ့ ချိတ်ဆွဲဖော်ပြထားရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပေမယ့် မြေပြင်အခြေအနေမှာတော့ စျေးနူန်းကို ဖော်ပြထားခြင်းမရှိဘဲ ကောက်ခံနေတာ ဖြစ်တယ်လို့သိရပါတယ် ။
” ရပ်နားစခန်းတွေက ပိုက်ဆံ ဘယ်လောက်ဆိုတာမရေးထားဘူး။ဆိုင်ကယ် နှစ်သောင်း တောင်းသူလည်းရှိတယ်။၁၅၀၀၀ လည်းရှိတယ်။ ပွဲတော်ကွင်းနားနီးလေ စျေးမြင့်လေပဲ။လမ်းကြားထဲက အိမ်တွေမှာ ထားရင်တော့ ၃၀၀၀ လည်းရှိတယ်။ ၅၀၀၀ အများဆုံးပါဘဲ။ကွင်းနားမှာကတော့ နှစ်သောင်း လောက် တောင်းတာလည်းရှိပါတယ်။သူတို့ပါးစပ်ထဲ စျေးဖြစ်နေတဲ့သဘောပါ ။” လို့ တောင်ကြီး ဒေသခံကပြောပါတယ်။
ယခုလို ကားတစီးရပ်နားခ ငါးသောင်းကျပ် နဲ့ ဆိုင်ကယ်တစီးကို နှစ်သောင်း ကျပ်အထိ ကောက်ခံနေမှုက ပမာဏများလွန်းတဲ့အတွက် မဖြစ်သင့်ကြောင့် ခရီးသွားဧည့်သည်တွေက ဝေဖန်ပြစ်တင်မှုတွေရှိနေပါတယ်။
” တည တသိန်းပါတောင် မလောက်တဲ့ပုံဖြစ်နေတယ်။ကားရပ်ခတင် ငါးသောင်းပေးရတာဆိုတော့လေ။ အစားအသောက်တွေကလည်းအကုန်စျေးကြီးပါတယ်။လူကတော့တိုးမပေါက်အောင်စည်ပေမယ့် စျေးနူန်းတွေကကြီး စျေးသည်တွေက အပေါက်ပိတ် နေတော့ စိတ်ပျက်စရာကြီး ဖြစ်နေတယ် ။ ” လို့ တောင်ကြီး တန်ဆောင်ပွဲတော်ရောက်ရှိနေတဲ့ ခရီးသွားဧည့်သည် တယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလတုန်းက ကားရပ်နားခမှာ တစီးကို ၂၀၀၀၀ ကျပ်ပေးခဲ့ရပြီး ဆိုင်ကယ်တစီးကို ၅၀၀၀ ကျပ်က အများဆုံးနူန်းထားဖြစ််ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကိုတော့ တောင်ကြီးမြို့ ၊အဝေရာကွင်းမှာ အောက်တိုဘာ ၂၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး နိူဝင်ဘာ ၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
မီးပုံးပျံပွဲတော်မှာ မီးပုံးပျံ ၄၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ မီးပုံးပျံ နေ့လွှတ် အရုပ်ပေါင်း အလုံး ၃၀ ကို စတင် လွှတ်တင်ခဲ့တယ်လို့သိရပါတယ်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလအတွက် တောင်ကြီးကို သွားရောက်လည်ပတ်မယ့်သူများပြားတာကြောင့် တောင်ကြီးမြို့ရှိ ဟိုတယ် ၊ တည်းခိုခန်းနဲ့ မိုတယ် အခန်းအားလုံးပြည့်နေသလို ဘုန်းကြီးကျောင်းတွေပင် ပြည့်နေတဲ့အတွက် ကလော ၊ ဟိုပုံး မြို့နယ်တွေမှာ တည်းခိုပြီး တောင်ကြီးတန်ဆောင်တိုင်ကို လည်ပတ်မယ့်သူတွေပင်ရှိနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
