မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွား

အောက်တိုဘာ ၂၉ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကျောက်မြောင်းမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစင်းဖြစ်တဲ့ ” ရတနာသိင်္ခတံတား ” အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တံတားဖောက်ခွဲခံရမှုကြောင့် ရတနာသိင်္ခတံတားကြီး ကျိုးကျပျက်စီးသွားကြောင်း ၊မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုအပိုင်းမှာ စဥ့်ကူးမြို့နယ်ဘက်အခြမ်းဖြစ်တယ်လို့ သိရပါတယ်။
” တံတားက ည ၁၂ ကျော်လောက်တုန်းက ဖောက်ခွဲခံရတယ် သိရတယ်။ဘယ်သူက လုပ်တယ်ဆိုတာတော့ မသိပါဘူး။ တံတားတိုင်အမှတ် ၄ /၅ နဲ့ ၆/၇ ကျိုးကျပျက်စီးသွားတယ်သိရတယ် ” လို့ ရွှေဘိုဒေသခံကပြောပါတယ်။
ရတနာသိင်္ခတံတားရဲ့ တဖက်ခြမ်း ကျောက်မြောင်းမြို့နယ်မှာ အစိုးရတပ်တွေက အုပ်ချုပ်ထားပြီး စဥ့်ကူးမြို့နယ်မှာတော့ ဒေသတွင်းလက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားတာဖြစ်ကြောင်း ၊ တံတားကြီးကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာ တနှစ်ကျော်ကြာပြီဖြစ်တယ် လို့သိရှိရပါတယ်။
ရတနာသိင်္ခတံတားဟာ ၂၄၈၀ ပေ အရှည်ရှိပြီး သံကူကွန်ကရစ်တံအမျိုးအစား တံတားတစင်းဖြစ်တယ်လို့သိရပါတယ်။
တံတားကြီးကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၀ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ယခုလို ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေကတော့ ” တံတားတွေ မိုင်းခွဲတာတော့ ဘယ်အဖွဲ့ကလုပ်လုပ် လက်မခံပါဘူး။ဒါမျိုးကန့်ကွက်ပါတယ်။တံတားတစင်း ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ” လို့ မှတ်ချက်ပြုပြောပါတယ်။
ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဒေသတွင်းလက်နက်ကိုင်တပ်တွေဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး။
ဩဂုတ်လတုန်းကလည်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် ၊ မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဂုတ်ထိပ်တံတား TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးတာခံခဲ့ရတယ်လို့ အစိုးရသတင်းစာက တရားဝင်​ပြောထားပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW