ဆူးငှက်
ကျွန်တော်ဇာတ်ကြိုက်ပါသည်။
ဇာတ်ပွဲကို ဘယ်တုန်းကစကြည့်ဖူး တာလဲဟု စဉ်းစားလိုက်တော့ ကျွန်တော် ၄နှစ်၅နှစ်လောက်ပဲ ရှိမှာပေါ့။ သီတင်းကျွတ် ကျောက်တော်ကြီးပွဲမှာ ရွှေမန်းတင်မောင် ဇာတ်ကို အမေ့လက်ဆွဲပြီး လိုက်ကြည့်ရတာဖြစ်သည်။ အမေက ပဲဆီ၊နှမ်းဆီစတဲ့ စားဆီတွေကို ပုံးထဲထည့်ခေါင်းပေါ်ရွက်ပြီး တစ်ရပ်ဝင်တစ်ရပ်ထွက် လှည့်လည်ဈေးရောင်း ရသော ခေါင်းရွက်ဗျပ်ထိုးဈေးသည်ဖြစ်သည်။ မန္တလေးအနောက်ပြင် ထန်းမြင့်ရပ်ထဲကိုလည်း အမေက ဆီရောင်းထွက်ရသည်။ ထန်းမြင့် ရပ်ထဲမှာ ရွှေမန်းတင်မောင်တိုက်ရှိသည်။ ဝင်းကျယ်ကျယ်ထဲက တစ်ထပ်တိုက်ခပ် ကြီးကြီးပါပဲ။ ထိုဝင်း၏ မြောက်ဘက်ကပ်လျက် ကြားလမ်းထဲက အမေ့ ဆီဖောက်သည် အိမ်ကနေ ဇာတ်တိုက်နေသော ရွှေမန်းတင်မောင်ကို ဆီဗျပ်ကြီးဘေးချပြီး အမေ က ငေးမောနေကျတဲ့။ အမေစတည်းချနေကျ ထိုကြားလမ်းထဲက အိမ်ကလည်း ရွှေမန်း တင်မောင် ဇာတ်ထဲက မင်းသားလတ် စိန်လှမောင်နဲ့ မမညွန့်တို့အိမ်တဲ့။ မမညွန့်က စက်ချုပ်သည်။ ဇာတ်သူ ဇာတ်သားများ၏ ဇာတ်ဝတ်ဇာတ်စားတွေ မှန်သမျှ မမညွန့်ကချုပ်ပေးရသည်။ တစ်နှစ်တင်တော့ စိန်လှမောင်နှင့် မမညွန့်တို့က ဇာတ်တိုက်ရာ ဆီဗျပ်ကြီးချပြီး ငေးနေသော အမေ့ကို မေတ္တာလက်မှတ် ပေးသည်။ လက်လုပ်လက်စား တစ်ယောက်အတွက် မေတ္တာလက်မှတ်ရမှ ဇာတ်ပွဲကြည့်နိုင်တာသောကြောင့် ကျောက်တော်ကြီး ဘုရားပွဲမှာ အမေကသူ့ သမီးငယ်နှင့် သူ့သားကျွန်တော့်ကိုလက်ဆွဲ၊ နောက်ထပ်တူမအဖော်နှင့် ရွှေမန်းတင်မောင်ဇာတ်ကြည့်ကြသည်။
မှတ်မှတ်ရရ ထိုညမှာ ရွှေမန်းတင်မောင်က ‘လှည်းသားငါးရာ’ အော်ပရာ ကပြသည်။ နောက်ပိုင်းဇာတ်က လက်ဝဲသုန္ဒရဖြစ်သည်။ ကျွန်တော်ပထမဆုံးကြည်ရသော ဇာတ်ပွဲမှာ စွဲလန်းသွားသည်က ရွှေမန်းတင်မောင်၏ ‘အဆိုအပြော’တွေဖြစ်သည်။ နဘေတွေထပ်ပြီး လင်္ကာသွားနှင့် စာတွေရွတ်တာများ အံ့သြလွန်းလို့ အသက်ရှူတောင် မေ့လောက်ထင်ရသည်။ ‘လှည်းသားငါးရာ’အော်ပရာကလည်း တစ်လျှောက်လုံး ရွှေမန်းတင်မောင်၏ အသံနှင့် သီချင်းနှင့် အပြနှင့် အကနှင့်ချည်းမို့ အား မရနိုင်ဘဲ အမေ့ရင်ခွင်ကြားကနေ ဒူးထောက်ကြည့်မိတော့ နောက်ဖျားကနေ ပြောင်းဖူးရိုးနှင့် လှမ်းပစ်ပြီး ထိုင်ခိုင်းတာလည်း မှတ်မိနေသည်။ နောက်ပိုင်းဇာတ်ထုပ် လက်ဝဲသုန္ဒရ မှာလည်း အပြောတွေ၊ အဆိုတွေ၊ အငိုတွေက တအံ့တသြဖြစ်စေခဲ့သည်။ ငိုချင်းချပြီး ဆိုင်းက ငိုချင်းဆိုင်း တီးတာလည်း သဘောကျနေ၏။ ဆိုင်းဝိုင်းထဲက နောက်ထက ဝါးလက်ခုပ်ကိုင်ပြီး ငိုချင်းဆိုင်းအချမှာ ‘ဟေ..”ဟေ..”ဟေ..’လို့ အော်တာလည်း ကြိုက်နေပါ၏။
နောက်ခံပိတ်ကားတွင် နှင်းတွေကျပြီး တစ်ဖက်ရပ်တဲလေးရှေ့ မီးဖိုကာ လက်ဝဲသုန္ဒရအမတ်ကြီး ရတုရွတ်တာ လည်း ကြိုက်ခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကျွန်တော်လည်း အဲလိုရွတ်ချင်ဖတ်ချင်နေတယ်။ ပထမဆုံးကြည့်ရတဲ့ ဇာတ်ပွဲမှာကတည်းက ဇာတ်သဘင်ဆိုတာ အဆို၊အငို၊ အပြော၊ ဇာတ်ပို့တီးလုံးတွေက အခရာကျ တယ်ဆိုတာပဲ။ ဇာတ်ကိုကြိုက်ခဲ့တယ်ဆိုတာ အဲဒီအဆို၊ အငို၊ အပြော၊ ဇာတ်ပို့တီးလုံး တွေပါလားဆိုတာ အသက်ကြီးမှသဘော ပေါက်လာပါသည်။
အမေကလည်း ရွှေမန်းတင်မောင် ပရိသတ်ဖြစ်သည်။ ဒါကြောင့် အခုလို ဝါဆိုဝါခေါင်နဲ့ သီတင်းကျွတ်ကာလတွေ ဘုရားကြီး၄၅တာမှာ၊ ကျောက်တော်ကြီးမှာ ဇာတ်ပွဲကြီးများ ရုံသွင်းလျှင် ရွှေမန်းတင်မောင်ဇာတ်ကို နောက်ပိုင်း မလွတ်အောင် ကြည့်တော့သည်။ (သားသမီးတွေ ငယ်စဉ်မှာတော့ အမေ့မှာ ဇာတ်ကြည့်ချင်ပေမယ့် အစစချွေ တာပြီး မကြည့်ဖြစ်ခဲ့ပေမယ့် သမီးကအပျိုပေါက်၊သားကအရွယ်ရောက်လာတော့ သမီးနဲ့သားအတွက် မချွေတာနိုင်တော့တဲ့ မိဘဖြစ်သည်။)ထိုအချိန်ကာလက ကက်နက်စိန်၊တက်သက်စိန်တို့၏ စိန်မဟာသဘင်နှင့် ရွှေမန်းသဘင်တို့က အပြိုင်ဖြစ်သည်။ ကျွန်တော့ အမကတော့ ရွှေမန်းမှရွှေမန်းပါပဲလေ။
ဇာတ်ပွဲတွေကို ကြိုက်နှစ်သက်လာပြီးတော့ အဖေကလည်း ပွဲကြိုက်မောင်မို့၊ မန္တလေးဘုရားပွဲတွေမှာ မပါမဖြစ်ပါခဲ့တဲ့ ဗလာဇာတ်တွေကို တစ်ရေးနိုး၊ စခန်းချချိန်မှ အိပ်ယာကထပြီးသွားကြည့်တဲ့အခါ ကျွန်တော်က မပျင်းမရိလိုက်ပါတတ်သော အဖေ၏ အဖော်ကောင်းဖြစ်ရပါပြီ။ ရွှေမန်ကျော်အောင်၊ စိန်လှမြိုင်၊ မြို့တော်ဝင်းမြိုင် စတဲ့ ဇာတ်တွေကို အဖေနှင့် လိုက်ကြည့်တာက ကလေးတစ်ယောက် အတွက် ထူးဆန်းဖွယ်ရာဖြစ်သည်။ ဘာကြောင့်လဲဆို အဖေက နှစ်ပါးသွားနှင့် နောက်ပိုင်းပဲ ကြိုက်လို့၊ စောစောအိပ်ရာဝင်၊နာရီပြန်၂ချက် ထိုးလောက်နှိုးစက်ပေး၊အဲဒီကျမှ အိပ်ရာက ထ မျက်နှာသစ်ပြီး ဇာတ်ပွဲရှိရာ သားအဖ နှစ်ယောက် ကုတ်ကုတ်နဲ့ သွားကြသည်။ ဆောင်းတွင်းဆိုလျှင် နှင်းတောကြီးထဲ ခိုက်ခိုက်တုန်ပါပဲ။ အဖေကလည်း နှစ်ပါးသွား ကြိုက်၏။ နောက်ပိုင်းဇာတ်ကြီးတွေ ကြိုက်၏။ ဇာတ်ကောင်း၊ မင်းသားကောင်း၊ မင်းသမီးကောင်း ဆိုတာကို နှစ်ပါးသွားနဲ့ နောက်ပိုင်းဇာတ်ကြီးတွေကို ကပြမှုနှင့်ပဲ အဖေက တိုင်းတာသည်။ ကျွန်တော်ကလည်း ငယ်ငယ်ရွယ်ရွယ်နှင့် နောက်ပိုင်း ဇာတ်ကြီးတွေကြိုက်နေပါ၏။ (ပြဇာတ်နာမည်ကြီးလှသော မြို့တော်သိန်းအောင်တောင် မှ တော်တော်အသက်ကြီး စာလေး ပေလေးဖတ်တော့မှ ကြိုက်တတ်လာပါသည်)
ပြန်စဉ်းစားလိုက်တော့ ကျွန်တော်တို့ ကြိုက်ခဲ့တာက ‘ဇာတ်သံ’ကိုပါ။
လွန်ခဲ့တဲ့ နှစ်၂၀ ဝန်းကျင်ကျော်ကာလ..။ နတ်တော်လ၏ ရက်တစ်ရက်မှာ အခါတိုင်းလိုပဲ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်အပြီး ရေမိုးချိုးနံ့သာဖြူ ကရမက်တွေ လိမ်းပြီးသည်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာ ကျွန်တော်တို့ အလုပ်စားပွဲဆီ ဆင်းလာပါသည်။ ထိုနေ့က အရှေ့ယပ်ဝင်းဓမ္မာရုံဘုရားပွဲမို့၊ လူထုတိုက်ခေါင်းရင်း ၃၃လမ်းပေါ်မှာ ဇာတ်တစ်ဖွဲ့က စင်တွေထိုးပြီး ပွဲဦးညအဖြစ်လည်း ကပြခဲ့ပြီးပါပြီ။ သည်နေ့တစ်ညကပြဦးမှာပေါ့။ ဒေါ်ဒေါ်လည်း ဆင်းလာရော ကျွန်တော်က ”ဒေါ်ဒေါ်မနေ့ညက အိပ်လို့ရမှာမဟုတ် ဘူးနော်။ဇာတ်သံတွေကိုတစ်ညလုံးဆူနေ မှာပေါ့”ဟု ကျွန်တော်က ပြောသည်။ ဒေါ်ဒေါ်က သတင်းစာလေးကိုင်ရင်း”ဇာတ်သံ မကြားရပါဘူးကွယ်”တဲ့။ ကျွန်တော်က ”ဒေါ်ဒေါ်ကလည်း ဒေါ်ဒေါ်အိပ်ခန်းနဲ့ ကပ်ပြီး ဇာတ်စင်ထိုးထားတော့ ဇာတ်သံ တွေနဲ့ ဘယ့်နှယ့်လုပ်ပြီး ဒေါ်ဒေါ်အိပ်လု့ိ ရမှာလဲ”ဟု ထပ်ပြီးအတွန့်တက်မိသည်။ ဒေါ်ဒေါ်က အေးအေးဆေးဆေးပါပဲ။ ”ဇာတ်သံ ဖြင့်မကြားမိပေါင်ကွယ်”တဲ့။ ”ဒေါ်ဒေါ်က လည်းလုပ်ရော့မယ်။ ဒေါ်ဒေါ်ခေါင်းရင်းမှာ ဇာတ်စင်ကြီးလေ။ ဇာတ်သံတွေနဲ့..”ဟု ထပ်အပြော ဒေါ်ဒေါ်က ပြုံးပြီး ”အဲဒါ.. ဇာတ်သံတွေမှ မဟုတ်ဘဲကွယ်”တဲ့။
သြော်..တည့်တည့်ပြောမှ ရိပ်မိတော့တာကိုး။ ဟုတ်တာပေါ့။ ဘယ်သူဘယ်ဝါ ဇာတ်အဖွဲ့ဟူသော ဆိုင်းဘုတ်ချိတ်ထားပေမယ့် ပွဲထွက်ကတည်းက ပွဲအသိမ်းအထိ စတိတ်ရှိုးပဲ သီဆိုနေကြတော့ ‘ဇာတ်သံစစ်စစ်’ မကြားရတော့ဘူးဟု ဒေါ်ဒေါ်ကပြော လိုက်ခြင်းဖြစ်သည်။ သည်တော့မှ ကျွန်တော်လည်း သဘောပေါက်သွားပြီး တူအရီး နှစ်ယောက် ရယ်မောကြရသည်။
ဇာတ်သံအကြောင်းနောကျေနေသော ဒေါ်ဒေါ်၏ နာမည်ကျော် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှာ ဈေးကွက်တွင် ပြတ်ကာ ရှားပါးစာအုပ်ဖြစ်နေပြီ။ ထိုစာအုပ်ကို ပဉ္စမအကြိမ်အဖြစ် ပြန်ရိုက်ဖို့ စီစဉ်ကြသည်။အဲဒီအချိန်က စာအုပ်ထုတ်ဝေရေးက အတော်ခက်ခဲသည်။ စီစစ်ရေးက အနည်းဆုံး ၆ လကြာ၏်။ “လူထု”တိုက်ထုတ် စာအုပ်ဆိုရင် အကြောင်းမရှိအကြောင်းရှာပြီး ဖြတ်တောက်သည်။ ကန့်သတ်သည်။ ပြီးတော့ စက္ကူကလည်းရှားသေး။ထို့ကြောင့် “ပြည်သူချစ်သော အနုပညာသည်များ”စာအုပ် ထပ်မံရိုက်နှိပ်ထုတ်ဝေဖို့က ချက်ချင်းအဆင်မပြေ။ သို့သော်ထိုစာအုပ်ကို ပြန်ထုတ်မယ်ဆိုတာတော့ ဆုံးဖြတ်ထားကြသည်။ သည်တော့ ဒေါ်ဒေါ်လူထုဒေါ်အမာက “မင်းတို့ စာအုပ်ပြန်ထုတ်မယ်ဆိုရင် ဖြည့်စရာတွေ ပြင်စရာတွေရှိတယ်။ ဖြည့်ပြီး၊ ပြင်ပြီးမှ ပြန်ထုတ်ကြတာပေါ့။ ဟောဟို စာအုပ်ဂိုဒေါင်ခန်းထဲမှာ သံသေတ္တာတစ်လုံးရှိတယ်။ အဲဒီသံသေတ္တာထဲမှာ “ပြည်သူချစ်သော…”နဲ့ ပတ်သက်သမျှ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေရှိတယ်။ မင်းယူပြီး အခုထဲကကြိုဖတ်ပေါ့”ဟု ပြောသည်။ ဒေါ်ဒေါ်က ဆက်ပြောသေး၏။ ဒို့ရေးသမျှစာအုပ်ထဲမှာ ပြည်သူချစ်သောက ပရိသတ်အားအပေးခံရဆုံး။ ပရိသတ်ဆီက စာအလာဆုံး။ ဆရာတော် သံဃာတော်တွေကအစ အရွယ်သုံးပါး ကျား၊ မ မရွေး စာတွေပြန်ရေးကြတာ…။ စာအုပ် သဘောကျတဲ့ အကြောင်း။ ဒါလေး၊ ဒါလေးတွေ လိုအပ်သေးတဲ့အကြောင်း။ ဒီအချက်အလက်လေးတွေက သူတို့သိတာနှင့် လွဲနေတဲ့အကြောင်း။ ဒီအချက်လေးတွေက အမှတ်မှားနေကြောင်း… ဆိုတာတွေပေါ့။ အဲဒီ သံသေတ္တာထဲမှာ စာတွေအားလုံး ဖိုင်တွဲထားတယ်။ အဲဒါတွေဖတ်ထား၊ မှတ်စုထုတ်ထားကွယ့်”တဲ့။
ဟုတ်ပါသည်။ ရှေးဟောင်းသံသေတ္တာထဲမှာ ပေးစာတွေအားလုံး စနစ်တကျ ဖိုင်တွဲထားသည်။ စာတိုက်ကပို့သော စာအိတ်ကအစ သူ့စာနှင့် အတူ တွဲထားသည်။ ထို စာထဲမှာ လေဘာတီ မမြရင်၏ “ရွှေပြည်စိုး”သီချင်းနှင့် ပတ်သက်ပြီး နယ်က(အခုတော့ ဆရာတော်ကြီးအရွယ်)ပဉ္စင်းငယ်လေးတစ်ပါးက သူတို့ရွာမှာ မမြရင်လာ က တော့ ရွှေပြည်စိုးသီချင်းကို ကြိုက်လွန်းလို့ မင်းသမီးဆီက စာသားမေးပြီးရေးထားတာတဲ့။ ထိုသီချင်းစာရွက်လေးကို စာတိုက်ကပို့ပေးတာ စာရွက်လေးက လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကမို့ ဝါကျင့်လို့။ ထိုသို့သော ပေးစာတွေ သတင်းစာဖြတ်ပိုင်းတွေ ဓာတ်ပုံတွေ စံနစ်တကျ ဖိုင်တွဲထားတာ သံသေတ္တာတစ်လုံး ဖြစ်သည်။ သို့သော် ထိုစာအုပ်ဂိုဒေါင်ကို ရှင်း၍ အော့ဖ်ဆက်အသစ်တွေ ရောက်လာတော့ ထိုသံသေတ္တာလည်း ရှာမရတော့။ ထို့ကြောင့် ပဉ္စမအကြိမ်ထုတ် “ပြည်သူချစ်သောအနုပညာသည်များ” စာအုပ်မှာ ဖြည့်စွက်ချက် ပြင်ဆင်ချက်တွေ မပါနိုင်တော့။
စာအုပ်ကို ကွန်ပြူတာပြန်စီပြီး ပရု(ပ်)ဖတ်တော့ အကြိမ်ကြိမ် တစွက်စွက် ဖတ်ဖူးသော်လည်း ရိုးမသွားဘဲ အသစ်တွေ ထပ်တွေ့ရသည်။ သည်တစ်ခါ ပြန်တွေ့သည့်အသစ်က အချက်အလက်ထက် ဒေါ်ဒေါ်၏ အနုပညာသည်တစ်ဦးချင်းအပေါ်မှာ ထားသော စေတနာဖြစ်နေသည်။ဖတ်လိုက်ရသည့် တစ်ဦးချင်းစီတိုင်းက အတော်ကြီးတော် အလှကြီးလှနေတော့သည်။ အလှကိုယ်စီဟု ဆိုရမှာပေါ့။ ထိုအလှတွေကြောင့် ပရု(ပ်)ဟူ၍ အလုပ်သဘော မဟုတ်တော့ဘဲ ခံစားစွဲနစ်စွာ ဖတ်ရှုခြင်းချည်းဖြစ်နေတော့ အမှားအယွင်းက မစင်လေတော့။ ပဉ္စမအကြိမ်ရိုက်နှိပ်သော စာအုပ်ကို ဒေါ်ဒေါ်က ထုံးစံအတိုင်း စာအုပ်ချုပ်ပြီးပြီးချင်းချက်ချင်းယူကာ အစအဆုံးပြန်ဖတ်သည်။ နောက်ရက် တိုက်သို့ ကျွန်တော်ရောက်သည်နှင့် မနေ့က ဖတ်သောစာအုပ်လေးကို ကျွန်တော့ရှေ့ချပြီး “ ဆူးငှက်ရေ..၊ ဒီစာအုပ်လေး ပြန်ရိုက်ရင် ဒီအမှားလေးတွေ ပြင်ကြဦးစို့” တဲ့။ စာအုပ်ယူကြည့်လိုက်တော့ ပရု(ပ်) မစင်သည့် နေရာလေးတွေ ကို စက္ကူအလံလေးတွေနှင့် ညှပ်ပြထားတာ မနည်း။ “ ဒို့က အပျင်းထူပြီး မဖတ်ခဲ့တာကိုးကွယ်” တဲ့။ တကယ် တာဝန်ရှိသော ကျွန်တော့ကို အပြစ်မတင်။ ဒေါ်ဒေါ်က အဲ့လို နူးညံ့သိမ်မွေ့သူ။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်
