ဆူးငှက်
အလယ်တန်း ကျောင်းသား
——————————–
အိမ်အနီး ဒက္ခိဏဝံကျောင်းက ၄တန်းအောင်သော အခါ အလယ်တန်းကျောင်း (သို့မဟုတ်) အထက်တန်းကျောင်းသို့ ပြောင်းရတော့မည်။ ဘယ်ကျောင်းသို့ ပြောင်းရမလဲဆိုတာ အဘတို့မှာ မဝေခွဲတတ်။ သူတို့ ကိုယ်တိုင်က ဘုန်းကြီးကျောင်း ပညာရေးလောက်ပဲ တတ်ကျွမ်းသည်။ ပြီးတော့ သာမန် နေ့စား အလုပ်သမား၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်မို့ ပညာရေးဗဟုတလည်း မရှိ။ အနီးအနားမှာ နမူနာယူစရာကလည်း များများစားစားမရှိ။ ဝင်းပိုင်ရှင် ဦးလေးသောင်၏ သား ကိုကိုဦးက စိန်ပီတာကျောင်းမှာ ကျောင်းသားကြီး ဖြစ်နေပြီ။ စိန်ပီတာကျောင်းကိုတော့ မမှန်းရဲ။ သူဌေးများ မိဘပညာတတ် များပဲ ထားနိုင်တဲ့ ကျောင်းတဲ့။
တစ်ခါ အမျိုးထဲက ဦးကြီးဘထွန်း ဒေါ်ဒေါ်သောင်းမြိုင်တို့သား ကိုမန်းမောင်ကတော့ နေရှင်နယ်ကျောင်းမှာ ကျောင်းသားကြီးပါပဲ။ ကိုမန်းမောင်ကို အဖော်ပြုကာ နေရှင်နယ်ကျောင်းပဲ ထားမလား။ ဒါကလည်း ရေရှည်မဖြစ်သေး။ နေရှင်နယ်ကျောင်းက ယိုးဒယားဈေး ဂတ်တဲနားမှာ ဝေးသည်။ ကိုမန်းမောင်က စက်ဘီးနှင့် ကျောင်းတက်သည်။ အဘတို့မှာက မမခင်ဝင်းစီးသည့် စက်ဘီးတစ်စီးပဲရှိသည်။ အတူနေ မမခင်လှတို့မှာတော့ စက်ဘီးတစ်စီးရှိပါ၏။ သို့သော် ကိုသိန်းမောင် အလုပ်အတွက် ထိုစက်ဘီးနှင့်ပဲ ပြေးလွှားနေရလို့ မဖြစ်။ ၄တန်းအတူအောင်သော သောင်းထွန်းကတော့ ဖားသားလဖုန်းကျောင်း တက်မှာတဲ့။ သူက ဦးကြီးကောင်းရင် ဒေါ်ဒေါ်သိန်းတို့ သားဖြစ်သည်။ သူတို့ကလည်း တတ်နိုင်သူတွေမို့ သောင်းထွန်း ကျောင်းပို့ကျောင်းကြို အတွက် အရပ်ထဲက ဆိုက်ကားဆရာ ကိုမြဟန်ကို ဆိုက်ကားခ လပေးနှင့် ငှားပြီးပြီတဲ့။
အဘကလည်း သူလက်လှမ်းမီသလောက် စုံစမ်းပြီး လက်ဆည်ကန် အနောက်ယပ်ဝင်း ထဲက သျှန်ကျောင်း ထားရမလားလို့ စဉ်းစားသည်။ ဒါလည်း လိုက်ပို့ သွားကြိုမှ ဖြစ်မည်။ အဆင်မပြေလှသေး၊ နောက်ဆုံးတော့ အတူတူ လေးတန်းအောင်သော ကြည်လွင့် အဖေ ဦးကြီးစာဗျောနှင့် တိုင်ပင်ကာ ပွဲကုန်းထဲက လှသိပ္ပံကျောင်းမှာပဲ အပ်ဖို့ စီစဉ်တော့သည်။ လှသိပ္ပံကျောင်းက အမှတ် ၂၁ အစိုးရ အထက်တန်းကျောင်းတဲ့။ အရင်ကတော့ လှသိပ္ပံ ကျောင်းပေါ့။ ထိုစဉ်ကာလက ကျောင်းများအားလုံး ပြည်သူပိုင် သိမ်းအပြီး အစိုးရကျောင်းများအဖြစ် နံပတ်များနှင့် ဖြစ်နေပါပြီ။
သို့သော် မိဘများလက်ထက် ကတည်းက မစ်ရှင်ကျောင်းများ အမည် ပုဂ္ဂလိက ကျောင်းများအမည်နှင့် အသားကျနေတာမို့ ယခင်နာမည်များနှင့်ပဲ ညွှန်းဆိုကြဆဲ ဖြစ်သည်။ နံပတ်တွေနှင့်က အသားမကျလှသေးပေ။ လှသိပ္ပံကျောင်းက ၂၆ဘီလမ်းပေါ် ပွဲကုန်းထဲမှာမို့ အိမ်နှင့် မဝေး။ ထို့ပြင် လမ်းကလည်း မရှုပ်၊ အိမ်က တကူးတကန့် လိုက်ပို့စရာ မလို။ ကျောင်းသွားဖော် ကြည်လွင်လည်း ရှိသည်။ ဤသို့ဖြင့် ၅တန်းက စ၍ ကျွန်တော်လည်း အမှတ် ၂၁ အစိုးရအထက်တန်း ကျောင်းသား ဖြစ်ပေါ့။
မူလတန်းမှာလို မကြောက်တော့
—————————————–
တကယ်တော့ မူလတန်းကျောင်းသားမှသည် ၅တန်းရောက်၍ အလယ်တန်းကျောင်းသား ဖြစ်သည်နှင့် အစစ ပြောင်းလဲသွားပါပြီ။ ကျောင်းဟုဆိုသော ပတ်ဝန်းကျင်အစစ် ပတ်ဝန်းကျင်အသစ်ကို ထိတွေ့ရပါပြီ။ ကျောင်းမှာက ကျန်ကျောင်းသား အများစုက ကိုယ့်ထက် ကြီးသူများချည်း။ ကိုယ့် အတန်းဖော်ထဲမှာပင် အသက်အားဖြင့် ရွယ်တူ ဖြစ်နိုင်သော်လည်း ကိုယ်လုံးကိုယ်ထည်က ကိုယ့်ထက် ထွားကျိုင်းသူတွေချည်း ဖြစ်သည်။ သည်တော့ မူလတန်းမှာလို ကပ်ပါးလုပ်နေလို့ မရ။ ကိုယ်စွမ်းကိုယ်စ ရှိသလောက်တော့ အားထုတ်ရမည်။ မူလတန်းတက်စဉ်က ကြောက်စိတ်မျိုး က သည်မှာထိ ပါလာလို့မရတော့။
ထို့ကြောင့် ၅တန်းမှာ အပေါင်းအသင်း သူငယ်ချင်းတွေ တိုးလာသည်။ ဦးပဏ္ဏဝံကျောင်း ကတည်းက အတူနေလာကြသော ငယ်ပေါင်းများဖြစ်သည့် တစ်ရပ်တည်းနေ ကြည်လွင်၊ မြင့်ထွန်း၊ ဆင်တံတား အုတ်ဝန်မင်း ဝင်းထဲက ဝင်းဟန်၊ နေအောင်တို့ အပြင် မင်းကြီးကျောင်းက ပြောင်းလာသည့် သန်းဆောင်၊ ဥယျာဉ်တန်း ထဲက သန်းလွင်၊ မာလကာခြံက အောင်သန်းထွန်း၊ ပိုက်ကျုံး ဘီအိုစီကွက်သစ်က ကျော်ရွှေ၊ သာယာကုန်းက ကံစိန်၊ နဘဲကြူးထဲက မြင့်အောင်၊ သင်္ဘောတန်းထဲက နာမည်တူ မြင့်အောင်၊ ခင်မကန်တိုက်ထဲက ဝင်းမြင့်၊ ကျောင်းအနီး ဦးဘရင် သစ်စက်ဝင်းထဲက တင်မြင့် တို့ ဖြစ်သည်။ တကယ်တော့ ငယ်သူငယ်ချင်းများမို့သာ နာမည်ရှေ့က ကို မထည့်ဘဲ ခေါ်ရသည်။ အားလုံးမှာ ကျွန်တော့်ထက် ကြီးသူတွေချည်းဖြစ်ကာ ရာထူးဌာန္တရ မြင့်မားသူများလည်း ဖြစ်ပါ၏။
အတန်းဖော် မိန်းကလေးများထဲက ထိုစဉ်က ရင်းရင်းနှီးနှီး မဆက်ဆံရဲခဲ့။ ခင်ဝင်းရီတဲ့။ မခင်ညွန့်တဲ့။ ခင်စန်းဝင်းတဲ့။ စန်းစန်းဝင်းတဲ့။ ကြည်ကြည်ဝင်းတဲ့။ ဆွေဆွေတဲ့။ ဆွေဆွေသန်းတဲ့။ သူတို့ကိုတော့ မှတ်မိသည်။ ဆယ်တန်းမှ ရင်းနှီးပြီး ရဲရဲ ဆက်ဆံဖြစ်တာက ဆွေဆွေသန်းဖြစ်ပြီး အခု လုပ်ငန်းခွင်ထဲရောက်ရှိနေမှ ရင်းနှီး ဆက်ဆံဖြစ်နေတာက ခင်ဝင်းရီ ဖြစ်သည်။ အ.ထ.က ၂၁ ၏ ကျောင်းအုပ်ဆရာမကြီးက ဒေါ်ခင်ရီစိုးတဲ့။ ဖြူဖြူ ချောချောနှင့် ခံ့ညားလှသလို သဘောကောင်း အသင်အပြကောင်း ဆရာမကြီးဖြစ်သည်။ ယခုအခါ ဆရာမကြီးက သမီးများနှင့် အတူ မလေးရှားတွင် နေထိုင်လျှက်ရှိကာ အခုထိ ကျန်းမာ အသက်ရှည်လျှက် သူ့တပည့်များကို မှတ်မိနေဆဲ ဖြစ်သည်။
အစွမ်းအစလေး ပြချင်လာ
——————————-
အလယ်တန်းကျောင်းသားဖြစ်တော့ ကိုယ့်ဝါသနာက ပုန်းခိုမနေတော့ လှစ်ပြူ အညွန့်ထွက်ချေပြီ။ ငယ်စဉ်ကတည်းက ပုံဆွဲဝါသနာပါသူမို့ ဗလာစာအုပ်တွေ အသစ်ရလေတိုင်း စာအုပ်၏ ပထမဆုံးစာမျက်နှာမှာ သက်ဆိုင်ရာ ဘာသာရပ် နာမည်ကို ပန်းချီစာလုံး၊ ပန်းချီသရုပ်ဖော်နှင့် အကျအန စိမ်ပြေနပြေ လက်စွမ်းပြ ဖြစ်သည်။ ဥပမာ…သမိုင်းဆိုပါတော့။ ‘သမိုင်း’ စာလုံးကို မော့ကြည့်၍ မြင်ရသည့်ပုံစံ-‘ ထု’ ကြီးနဲ့ ရေးဆွဲသည်။ သမိုင်းမို့ စာလုံးကြီးမှာ တချို့နေရာက ပဲ့ပြီး အုတ်သားတွေ ပေါ်နေသည်။ အချို့နေရာက အင်္ဂတေကွာနေသည်။ စာလုံးကြီးနောက်မှာ နေထွက်လုထွက်ချင်….။ စာလုံးအောက်ခြေမှာ ဗန္ဓုလဦးထုပ်နှင့် ကြက်ခြေခတ်ထားသော ဓားနှင့် ဓားလွတ်ကို ရေးဆွဲမည်။ ဒါမှ စာလုံး၏ အမြင့်နှင့် ခံ့ထည်မှုက ပို၍ ပီပြင်မည်။
ဤသို့ဖြင့် ဘာသာပေါင်း ခုနစ်ဘာသာအတွက် စာလုံးဒီဇိုင်းတွေ စိတ်ကူးထုတ် ရေးဆွဲရခြင်း ဖြစ်သည်။ ထို့ပြင် ရောက်သည့်အတန်းတိုင်း ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ ဟူသော ဝါ၊စိမ်း၊နီ၊ပြာ အသင်း လေးသင်းဖွဲ့တိုင်း ထိုအသင်းဝင်ကျောင်းသား စာရင်းကို ပြက္ခဒိန်အရွယ် ဂျပ်ပြားအဖြူပေါ် သရုပ်ဖော်ပန်းချီ စာလုံးဒီဇိုင်းများ အမြဲတမ်းရေးကာ စာသင်ခန်းနံရံတွင် ကပ်ခြင်းဖြစ်သည်။
အင်္ဂလိပ်စာဆရာ ပြောတဲ့ သမိုင်းများ
——————————————-
ခုနစ်တန်းမှာ အင်္ဂလိပ်စာဆရာ ဦးညီညီသည် သူ့သင်ခန်းစာရောက်တိုင်း အင်္ဂလိပ်သဒ္ဒါကို အချိန်နည်းနည်း ကျစ်ကျစ်လျစ်လျစ်နှင့် ၁၅မိနစ်ခန့်သာ သင်ပြီး၊ ကျန်နာရီဝက်အား ပြင်ပဗဟုသုတများကိုချည်း စီကာပတ်ကုံး ပြောလေ့ရှိသည်။ ဆရာကြီးဦးညီညီ ထံက ကျောင်းစာမှာ မသင်ရသော အကြောင်းအရာတွေ အများကြီး ကြားရသည်။ မြန်မာစာပေအကြောင်း၊ သီပေါမင်းဘာလို့ ပါတော်မူရသလဲ ဆိုသော အမြင်အမျိုးမျိုးအကြောင်း၊ ရဲဘော်သုံးကျိပ် အကြောင်း၊ တရုတ်ဖြူ ကျူးကျော်မှုအကြောင်း၊ လေးချိုးကြီးများ အကြောင်း၊ ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံ အကြောင်း စသည်ဖြင့် အံ့သြစရာ စုတ်သပ်စရာ အားကျစရာ နှာခေါင်းရှုံ့စရာ၊ ရယ်မောစရာ အတုယူစရာ ဂုဏ်ယူစရာ ငေးမောစရာ၊ ထိပ်လန့်စရာ ကြောက်စရာ ရသများကို ဗဟုသုတနှင့် အတူ ခံစားခဲ့ရသည်။
တစ်နှစ်သော ဇူလိုင်လအတွင်း ကျောင်းမှာ အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပသည်။ ကျွန်တော်က ဆက်တီပေါ်တွင် ထိုင်နေသော ဗိုလ်ချုပ်အောင်ဆန်းပုံ ခဲပန်းချီနှင့် ပြိုင်ရာ တတိယ ရရှိသည်။ သည်မှာတင် လူတောတိုးကာ သတ္တိနည်းနည်းရှိလာ၏။ ထို့နောက် ကျောင်းမှာ အာဇာနည်နေ့ အမှတ်တရ ဟောပြောပွဲ ကျင်းပသည်။ ကျောင်းရှေ့ ကွက်လပ်ကွင်းပြင်ကြီးမှာ တစ်ကျောင်းလုံး စုဝေးကြသည်။ မြို့နယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များက အာဇာနည်နေ့ အကြောင်း ဟောပြောကြ၏။ ဟောပြောပွဲပြီးသောအခါ အတန်းကြီးမှ ကျောင်းသားတစ်ဦးက ‘ အာဇာနည်’ ဟူသော အဓိပ္ပာယ်ကို ထ၍ မေးမြန်းသည်။
ဟောပြောကြသော ပုဂ္ဂိုလ်များက ဖြေဆိုရန် အကျပ်အတည်းတွေ့နေပုံ ရသဖြင့် ဆရာဦးညီညီက ကျောင်းအုပ်ကြီး ဒေါ်ခင်ရီစိုးကို ခွင့်တောင်းပြီး ဖြေဆိုသည်။ ဆရာ့ဖြေဆိုချက်များက စာတွေ့သာမက သူကိုယ်တိုင် ဖြတ်သန်းခဲ့ရသော လွတ်လပ်ရေးကာလ အတွေ့အကြုံများကို အခြေခံကာ ကျောင်းသားတွေ ငြိမ်သက် သွားအောင် ဟာခနဲ အာမေဋိတ်သံ ထွက်သွားအောင်၊ ဝါးခနဲပွဲကျသွားအောင် ဟောပြောနိုင်စွမ်းရှိသည်။ မှတ်မှတ်ရရ ဆရာဦးညီညီ၏ ဟောပြောမှုကြောင့် နောက်နေ့တွင် အိမ်တော်ရာ ၁၄ခန်းဇရပ်၌ ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနား ကို ရောက်သော အခါ ယခင်နှစ်များကဲ့သို့ ဘာမှ စိတ်မဝင်စား ဆော့ကစားပြန်တာမျိုး မဟုတ်တော့ဘဲ ဟောပြောကြသည့် အကြောင်းအရာကို စိတ်ဝင်တစား နားထောင်ဖြစ်တော့သည်။
၁၄ခန်းဇရပ် ဆိုတာ
———————-
မန်္တလေးအိမ်တော်ရာဘုရား ပရိဝုဏ်၏ ရာဟုထောင့်တွင် နာမည်ကျော် ၁၄ ခန်း ဇရပ်ကြီးရှိသည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ သစ်သားတိုင်များဖြင့် ကြီးမား ခံ့ထည် ကျယ်ဝန်းလှသော ဇရပ်ကြီးဖြစ်သည်။ ၁၄ ခန်း ဇရပ်ကြီးထဲမှာ နာမည်ကျော် ပန်းချီဆရာကြီး ဦးချစ်မြဲ၏ နိပတ်တော် ပန်းချီကားများ ရှိသည်။ မူလ ၁၄ ခန်း ဇရပ်ကြီးမှာ ကိုတာမီးကြီးတုန်းက မီးသင့်သွားသဖြင့် မြန်မာသက်္ကရာဇ် ၁၃၁၀ ခု နှစ် ဝါဆိုလပြည့်နေ့တွင် ရွှေကုန်သည် ကျောင်းအမကြီး ဒေါ်စိုး၊ သမီး ကြည်ကြည်၊ မြေး တင်တင်ဦးတို့က ပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ မူလ အလှူရှင်(မြေး) ဒေါ်တင်တင်ဦး နှင့် သမီး ဦးဇော်ဖေ ဒေါ်ခင်လေးမြင့်တို့ မိသားစုက ၁၄ခန်းဇရပ်ကြီးကို ထပ်မံပြုပြင်နေပါသည်။ ထို ၁၄ ခန်း ဇရပ်ကြီးမှာ မြန်မာ့နိုင်ငံရေးသမိုင်း မျက်နှာစာတွင် မန်္တလေး အခန်းကဏ္ဍ၌ အောင်မြေအဖြစ် အထင်အရှား တည်ရှိခဲ့သော ဘူမိနက်သန် ဖြစ်သည်။
၁၃၁၆ ခု တော်လလင်းလဆုတ် ၁ ရက် (၁၂-၉-၅၄) ၌ စာသင်ကျောင်းများ၌ ဗုဒ်္ဓဘာသာ သင်ခန်းစာများ သင်ရန်၊ ဗုဒ်္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် အိမ်တော်ရာ ၁၄ ခန်းဇရပ်၌ စုဝေး တောင်းဆိုခဲ့ကြ၏။ ၅-၂-၅၆ နေ့တွင်လည်း ပြည်တွင်း ငြိမ်းချမ်းရေး လူထုဆန်္ဒ ပြပွဲကြီး၊ ၂၆-၃-၅၆ နေ့တွင် ပါဠိတက်္ကသိုလ် စာမေးပွဲနှင့် ပတ်သက်၍ ရဟန်းသံဃာများ စုဝေး ရရှိနိုင်ခြင်း၊ ၂၇-၃-၅၆ နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကြီး၊ ၃၁-၃-၅၆ နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ငြိမ်းချမ်းရေး ဆန်္ဒပြုပွဲ ကြီး၊ ၁၃၁၈ ခု တပေါင်းလဆန်း ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ပြည်ထောင်စု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းထိုင်ဆရာတော်များ အဖွဲ့ချုပ်၏ အစည်းအဝေး၊ ၇-၇-၅၇ နေ့တွင် အဖွဲ့ပေါင်း ၁၂၀၊ လူထုပရိသတ် ၅၀၀၀ ကျော်ဖြင့် (၁၀) နှစ်မြောက် အာဇာနည်နေ့ အလေးပြု အခမ်းအနား၊ ၈-၇-၅၇ နေ့က မန်္တလေး ရဟန်းသံဃာများ၏ ဘာသာရေးဆိုင်ရာ အစည်းအဝေး၊ ၂၃-၁-၅၉ နေ့က တည်မြဲ ဖ.ဆ.ပ.လ ဌာနချုပ် ခေါင်းဆောင် ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ဦးစံထားဆင်နှင့် ဗလမစမှ ဒေါ်စိန်ပုတို့၏ လူထုအစည်းအဝေး၊ ၁-၃-၆၁ နေ့က တရုတ်ဖြူ ကျူးကျော်မှု တိုက်ထုတ်ရေးနှင့် အမေရိကန် နယ်ချဲ့ဆန့်ကျင်ရေး လူထုအစည်း အဝေး၊ ၂၇-၃-၆၁ နေ့က (၁၆) ကြိမ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား စသည်တို့ကို အိမ်တော်ရာ ၁၄ ခန်း ဇရပ်ကြီး၌ ကျင်းပခဲ့သည်ဟု မှတ်သားရသည်။
၁၉၆၂ နောက်ပိုင်း အိမ်တော်ရာ ၁၄ ခန်း ဇရပ်ကြီးတွင် နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားကြီးကို မြို့လုံးကျွတ် ဆင်နွှဲကြသည်။ အမှတ်ရဖွယ်တစ်ခုကတော့ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ လူထုအုံကြွမှုများကို ဖြိုခွင်းရန်အတွက် မန်္တလေးတွင် တားဆီးကန့်သတ်မှု များထုတ်ပြန်သောအခါ စီးပွားရေးအချက်အချာ ဈေးချိုတော်က သပိတ်မှောက်ပြီး အိမ်တော်ရာဘုရားဝင်း၌ ၁၉၃၈ခု နိုဝင်ဘာလ ၁၈ ရက်နေ့မှစပြီး ဘုရားဈေး ဖွင့်လှစ်ခဲ့ကြခြင်း ဖြစ်သည်။
အိမ်တော်ရာ ၁၄ခန်းဇရပ်၏ အထင်ရှားဆုံးတစ်ခုမှာ ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလ အစိုးရ၏ မတရား ဖိနှိပ်မှုများကို ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့ တစ်စည်း တစ်လုံးတည်း ဆန့်ကျင်ရန်အတွက် ၁၃၀၀ ပြည့် တပို့တွဲ လဆုတ် ၆ ရက် (၉-၂-၀၃၉) နေ့တွင် အိမ်တော်ရာ ၁၄ ခန်းဇရပ်၌ မြို့လုံးကျွတ် စုစည်းခဲ့ကြခြင်းဖြစ်သည်။ နောက်တစ်ရက် ၁၃၀၀ ပြည့်နှစ် တပို့တွဲ လပြည့်ကျော် ၇ ရက် (၁၉၃၉ခု၊ဖေဖော်ဝါရီ၁၀ရက်) နံနက်တွင်လည်း အိမ်တော်ရာ၁၄ခန်းဇရပ်၌ ထပ်မံစုဝေးကြပြီး အရှေ့ပုလိပ်ရုံးကြီး (ယခုစည်ပင်သာယာရေးရုံး)သို့ စီတန်း လှည့်လည်ခဲ့ကြရာ ပုလိပ်တပ်ဖွဲ့က ပစ်ခတ် လူစုခွဲ သောကြောင့် ရဟန်းတော်ခုနစ်ပါး၊ ကျောင်းသား နှင့် အရပ်သား ဆယ်ဦး ကျဆုံးခဲ့ရသည်။ ကျဆုံးခဲ့ရသော အာဇာနည်၁၇ဦးအတွက် မြို့လူထုက ကြီးကျယ်ခမ်းနားသည့် ဈာပနကိုလည်း ၁၄ခန်းဇရပ်တွင် ကျင်းပကာ တမ္ပဝတီ သူကြွယ်ကုန်းရှိ အာဇာနည်ဗိမာန်သို့ မြို့လူထု သိန်းချီကာ ပို့ဆောင် သဂြိုဟ်ခဲ့သည်။ ရဟန်းရှင်လူများ ကျဆုံးခဲ့ကြသည့် ၂၆ဘီလမ်းကိုလည်း အာဇာနည်လမ်းဟု သမုတ်ခဲ့သည် တဲ့။
တကယ်တော့ ၁၄ခန်းဇရပ်ဆိုတာ ငယ်စဉ်ကလို ပြေးလွှား ဆော့ကစားခဲ့သည့် နေရာဟူသော အသိထက် ပိုမို သိရှိ နားလည်ခဲ့တော့သည်။ ထို့ကြောင့် စာအုပ်တွေထဲက တဆင့် ဗဟုသုတတွေ အသိပညာတွေ သမိုင်းကြောင်းတွေ ရှာဖွေ ဖတ်ရှုခြင်းကို အလယ်တန်း ကျောင်းသား ဘဝတွင် စတင် လမ်းစပွင့်ခဲ့တာက အမှတ်တရ ဖြစ်ခဲ့ပါ၏။
ဝရမ်းပြေး ဘိုးသိန်းဇာတ်ကားထဲက မည်းမည်းပိန်ပိန် ကောင်ကလေး
————————————————————————–
ကျွန်တော်တို့ ငယ်စဉ်က အင်္ဂလိပ်စာကို ၅တန်းရောက်မှ သင်ရသည်။ အခုလို မူလတန်းကတည်းက မသင်ခဲ့ရပေ။ ထို့ပြင် ကျောင်းမတက်မီ ပြင်ပက ကြို၍ ကျူရှင်ယူတာမျိုးလည်းမရှိခဲ့။ ထို့ကြောင့် သာမန်လက်လုပ်လက်စား သားသမီးများ အတွက် အင်္ဂလိပ်စာက စိမ်းလှသည်။ ၅တန်းရောက်တော့ နဖူးတွေ့ဒူးတွေ့ စတင်တွေ့ရသော အင်္ဂလိပ်စာဆရာများက တစ်ယောက်က သင်ပြသည်မှာ အေးဆေးလွန်းလှသည်။ ဆရာတစ်ယောက်ကတော့ အသင်အပြကောင်းသော်လည်း မျက်နှာထားဆိုးကာ စာမေးလွန်းလှသည်။ အင်္ဂလိပ်စာ ၂ သင်သော ဆရာဦးညီညီက စာမေးပွဲအောင်ဖို့ထက် စာတတ်ဖို့ ဗဟုသုတကြွယ်ဖို့ သမိုင်းသိဖို့သင်သည်။ ရှေ့က ဆရာနှစ်ယောက် အချိန်ကို ကြောက်သလောက် ဆရာဦးညီညီ အချိန်ဆိုလျှင် ပျော်သည်။ ဆရာပြောသည့် သမိုင်းနှင့် တကွ မြန်မာစာပေအကြောင်း မန္တလေးတက္ကသိုလ်ထွက် ကဗျာဆရာများ အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း၊ သခင်ဗဟိန်း အကြောင်း၊ ဗိုလ်မှူးချုပ်ကျော်ဇော အကြောင်း စသည်တို့ကို စိတ်ဝင်စားလာပြီး ထပ်မံသိရှိချင်လာသည်။
ထိုမျှသာမက ဆရာဦးညီညီက သူသိသည့် အချက်အလက်တချို့က စာအုပ်တွေထဲကသာမက သူ့ကိုယ်တွေ့တွေဆိုတာကိုလည်း သက်သေပြသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောရာတွင် ရွှေတိဂုံ အလယ်ပစ္စယံက လူထုစည်းဝေးပွဲ အကြောင်းလည်း ပါရှိသည်။ ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်ပြောခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များ၏ အရေးပါပုံအထိ ရှင်းပြရာ၌ ဗိုလိချုပ်၏ အသံတွေ ဟန်ပန်တွေလည်းပါလာသည်။ ထိုအခါ ကျောင်းသားများက ရယ်ကြသောအခါ ဆရာက စိတ်မဆိုးဘဲ စကားကို ခဏရပ်ပြီး “မင်းတို့က ဆရာပြောတာ မယုံကြလို့လား။ ဒီမယ် အခု ဆိုင်းတန်းရုံမှာ ဝရမ်းပြေးဘိုးသိန်းဓာတ်ရှင်ကား တစ်ဝက်ခ ပြနေတယ်။ သွားကြည့်ကြ။ အဲ့ဒီကားထဲမှာ ဆရာစောစောက ပြောတဲ့ ရွှေတိဂုံ အလယ်ပစ္စယံ အစည်းအဝေး သတင်းကား အစစ်ကို ဇာတ်ဝင်ခန်းအနေနဲ့ ထည့်ထားတယ်။ အဲ့ဒီ ဇာတ်ဝင်ခန်းကျ သေသေချာချာကြည့်ကြ။ မိန့်ခွန်းကို မာန်ပါပါပြောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရှေ့နားက အသားမည်းမည်း ပိန်ပိန်နဲ့ ကောင်ကလေးက ဆရာပဲ၊ ကိုယ်တိုင်ကြုံခဲ့ မြင်ခဲ့ရတာကို ပြောတာ” ဟု ဆရာဦးညီညီက ရှင်းပြသည်။ ဇာတ်ကားကို သွားကြည့်တော့ တကယ်ဟုတ်သည်။ ဆရာ ငယ်စဉ်ပုံက သိသာပါသည်။
ထို့ပြင် ရဲဘော်သုံးကျိပ်အကြောင်း ပြောပြီးနောက် ထိုစဉ်ကာလက အထင်အရှားရှိသည့် တစ်ယောက်ကိုလည်း “ သူကတော့ ရဲဘော် သုံးကျိပ်မှာ ဟိုး.. အောက်ဆုံး ဘိတ်ချီး၊ ” ဟု မာန်ပါပါ ပြောသောအခါ ကျွန်တော်တို့က သဘောကျသောကြောင့် ရယ်ကြသည်။ တရုတ်ဖြူ တိုက်ထုတ်ရေးတွင် နာမည်ရခဲ့သည့် ရဲဘော်သုံးကျိပ်ဝင် တစ်ယောက်အကြောင်း ပြောပြရာ၌ ထိုစဉ်က ရှမ်းပြည်နယ် တောကြီးထဲ မိုးသည်းသည်းကြားတွင် ချောင်းကိုဖြတ်မည့် ယာယီတံတား တစ်စင်းထိုးဖို့ ရဲဘော်များက သစ်လုံးကြီးများ ဖြတ်တောက် ထမ်းပိုး၍ ရွှံ့ထဲဗွက်ထဲ ခက်ခဲကြမ်းတမ်းစွာ သယ်ယူကြရင်း ရှေ့မှ သစ်လုံးထမ်းနေသည့် ရဲဘော်တစ်ယောက်က “ဒို့ကသာ တောထဲတောင်ထဲ သစ်လုံးထမ်းရင်း ပင်ပန်းနေတာ၊ ဒို့ဦးချုပ်ကတော့ သူ့အိမ်မှာ မိုအေးအေးနဲ့ နှပ်နေရောပေါ့” ဟုပြောသတဲ့။
ထိုအခါ နောက်မှ သစ်လုံးထမ်းနေသည့် တစ်ယောက်က “ရဲဘော် ဒို့ ဦးစီးချုပ်ကို အပြင်မှာ တွေ့ဖူးလား” မေးသည်။ ရှေ့က ရဲဘော်က “ မတွေ့ဖူးပါဘူးကွာ၊ ဒို့လို သာမာန်ရဲဘော်က ဦးစီးချုပ်လို ပုဂ္ဂိုလ်ကို အပြင်မှာ ဘယ့်နှယ် တွေ့ဖူးပါ့မလဲ” ဟု ဖြေသတဲ့။ ထိုအခါ နောက်က တစ်ယောက်က ရဲဘော် နောက်လှည့်ကြည့်ပါဦး ဟု ပြောပြီး ရွှံ့တွေပေရေနေသော သူ့မျက်နှာကို မိုးရေဖြင့် သပ်ပြလိုက်ရာ ရှေ့က ရဲဘော်မှာ “ဟာ ဦးစီးချုပ်” ဟု အလန့်တကြား အသံထွက်သွားပြီး အသက်ရှူမှားမတတ် အံ့သြ တုန်လှုပ် သွားသတဲ့။ ဤသို့သော အကြောင်းအရာမျိုးကိုလည်း ဆရာဦးညီညီထံက ကြားသိရသည်။ ထို့ကြောင့် ဆရာပြောသည့် အကြောင်းအရာမျိုးတွေကို သိချင်လာသည်။
ဘယ်လို သိနိုင်ပါလိမ့်၊ ဘယ်သူ့မေးရပါလိမ့်။ ဤသို့ဖြင့်…။
