အင်းစိန်မှာ အမျိုးသမီးတယောက်ကို ကားနဲ့ဝင်တိုက်ပြီး ရွှေပြည်သာစက်မှုဇုန်မှာ စွန့်ပစ်မှုဖြစ်ပွား

အောက်တိုဘာ ၂၉ ၊ ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ် ၊ က/ခရပ်ကွက် ၊ ဘုရင့်နောင်လမ်းပေါ် ၊ ရွှေဝါ ၂ လမ်းထိပ်မှာ ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့ မနက်အစောပိုင်းက ယာဥ်တိုက်မှုဖြစ်ပွားပြီး ကားသမားက လူနာကို ရွှေပြည်သာစက်မှုဇုန်ဘက်မှာ သွားရောက် စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်အရံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
မနက် ၄ နာရီဝန်းကျင်လောက်မှာ ကားနံပါတ် (8B -1709) Light truck ကားက အသက် ၄၀ အရွယ်ဝန်းကျင်အမျိုးသမီးကို ကားနဲ့တိုက်မိခဲ့တာဖြစ်ကြောင်း ၊ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက်မှာ ကားသမားက လူနာအမျိုးသမီးကို ဆေးရုံကို ပို့ဆောင်ပေးမယ်ဆိုပြီး ကားပေါ်တင်ခေါ်ကာ ရွှေပြည်သာစက်မှုဇုန်ထဲက လမ်းဘေးတနေရာမှာ သွားရောက်စွန့်ပစ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ် ။
” ရောက်တော့လူနာမရှိတော့ဘူး။ဘေးနားမေးကြည့်တော့ တိုက်တဲ့ကားကပဲ ဆေးရုံပို့ပေးမယ်ဆိုပြီး ခေါ်သွားတယ်ဆိုလို့ ဆေးရုံလိုက်တော့ ရောက်မလာဘူးသိရတယ်။ အဲဒါနဲ့ကျွန်တော်တို့ အဲဒီနား ပတ်ရှာတော့ မတွေ့တာနဲ့ပြန်လာခဲ့တယ်။ မနက်ရောက်မှ စွန့်ပစ်ထားတယ် ဆိုတာကိုသိရပြီး ကနောင်အသင်းနဲ့ချိတ်ပြီး ဆေးရုံပို့လိုက်တာ။လမ်းဖြတ်ကူးတာမှာ ဝင်တိုက်ခံရတာလို့ သိရတယ်။လူနာက သတိတော့ရပေမယ့် ဘာမှတော့မပြောနိုင်သေးဘူး။” လို့ အင်းစိန်အရံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ် ။
ကားတိုက်ခံရတဲ့ အမျိုးသမီးမှာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၊ ​ခြေသလုံးအရိုးကျိုးပြီး ငေါထွက်ဒဏ်ရာရရှိထားကြောင်း အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
လက်ရှိမှာ ကားတိုက်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်ရရှိနိုင်ဖို့ စုံစမ်းမှုပြုလုပ်နေပေမယ့် လူနာမှ စကားမပြောနိုင်သေးတဲ့ အတွက် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးကြောင်း ၊ ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ ကားသမားကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့ကလည်း မီးနီဖြတ်မောင်းတဲ့ ခရီးသည်တင် အောက်ဆိုက်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်လို့ တယောက်သေဆုံးကာ လူခြောက်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်နဲ့ တောင်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ် တို့မှာ ယာဥ်တိုက်မှုဖြစ်ပွားပြီး တယောက်သေဆုံးက ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့မနက်ပိုင်းကလည်း ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမမှာ ယာဥ်သုံးစီးဆင့်တိုက် မှုဖြစ်ပွားခဲ့သလို အဲဒီနေ့မှာပဲ ရန်ကုန်၊ ပြည်လမ်းမပေါ်မှာ ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ကိုသူရိန်ထွန်း

Related posts

Leave a Comment

VOM News

FREE
VIEW