ဂျပန်မှာ ဝက်ဝံတိုက်ခိုက်မှုတွေ မြင့်တက်လာလို့ မုဆိုးတွေငှားရမ်းပြီး သုတ်သင်ဖို့ စီစဉ်နေ

တိုကျို၊ အောက်တိုဘာ-၃၁-၂၀၂၅
မျိုးဆက်(VOM)
ဂျပန်နိုင်ငံမှာ ဝက်ဝံတိုက်ခိုက်မှုတွေ သိသိသာသာမြင့်တက်လာခြင်းအပေါ် စိုးရိမ်မှုတွေ တိုးပွားလာနေချိန်မှာ ဝက်ဝံများကို သတ်ဖြတ်ဖို့အတွက် ဂျပန်အစိုးရဟာ မုဆိုးတွေ စုဆောင်းဖို့ စီစဉ်နေပါတယ်။
လူနေရပ်ကွက်တွေထဲကို လှည့်လည်သွားလာပြီး ဒေသခံတွေကို တိုက်ခိုက်နေတဲ့ ဝက်ဝံတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုင်စင်ရ မုဆိုးတွေနဲ့ အခြားဝန်ထမ်းတွေကို ငှားရမ်းဖို့ ရန်ပုံငွေတွေ ခွဲဝေပေးမယ်လို့ သဘာ၀ပတ်ဝန်းကျင် ဝန်ကြီးဌာနက ဒီကနေ့မှာပြောပါတယ်။
ဒါဟာ နိုင်ငံမှာ ကြီးထွားလာနေတဲ့ ဝက်ဝံတိုက်ခိုက်မှုပြဿနာကို ဖြေရှင်းဖို့ အဆင့်မြင့်အစည်းအဝေးတခု ကျင်းပပြီးနောက် အဆိုပြုထားတဲ့ အစီအမံတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ယခုနှစ်အတွင်း ဝက်ဝံတိုက်ခိုက်မှုတွေကြောင့် လူ ၁၂ ယောက်သေဆုံးခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။
ဝက်ဝံတွေဟာ အများပြည်သူဘေးကင်းရေးအတွက် ပြင်းထနေတဲ့ ခြိမ်းခြောက်မှုအဖြစ် ဖော်ပြခဲ့တဲ့ အစိုးရက ရဲအရာရှိတွေအနေနဲ့ ထုတ်ပေးထားတဲ့ ရိုင်ဖယ်တွေနဲ့ ဝက်ဝံတွေကို ပစ်ခတ်ခွင့်ပြုဖို့လည်း စဉ်းစားနေပါတယ်။ မြင့်တက်လာတဲ့ ဝက်ဝံတိုက်ခိုက်မှုတွေအတွက် တန်ပြန်အစီအမံတွေကို နိုဝင်ဘာလလယ်မှာ အပြီးသတ်ဖို့ တာဝန်ရှိသူတွေက စီစဉ်ထားပါတယ်။
ဝက်ဝံတွေဟာ စူပါမားကတ်နဲ့ အထက်တန်းကျောင်းတွေထဲကိုလည်း ဝင်ရောက်ကာ ဒေသခံတွေရဲ့ နေ့စဉ်ဘဝကို နှောက်ယှက်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ ဝက်ဝံအမျိုးအစား နှစ်မျိုးကို တွေ့ရလေ့ရှိပြီး ဂျပန်ဝက်ဝံနက်နဲ့ ဟော့ကိုင်းဒိုးကျွန်းမှာ တွေ့ရလေ့ရှိတဲ့ ပုံမှန်ထက်ကြိးတဲ့ ဝက်ဝံညိုတွေဖြစ်ပါတယ်။
ယခုနှစ်မှာ ဝက်ဝံကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးအထူးသဖြင့် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ ကြီးမားသောတောင်တန်းတွေရှိရာ အာကီတာစီရင်စုမှာ အဖြစ်များပြီး ထိခိုက်ဒဏ်ရာရသူအများဆုံးဖြစ်ပါတယ်။
အာကီတာ‌ ဒေသန္တရအစိုးရကတော့ ဝက်ဝံတွေကို ဖမ်းဆီးဖို့နဲ့ မောင်းထုတ်ဖို့ ဂျပန်စစ်တပ် တပ်ဖွဲ့ဝင်တွေကို ချထားမယ်လို့ ယခုသီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။ လက်ရှိဥပ‌ဒေအရ တပ်ဖွဲ့ဝင်တွေဟာ ဝက်ဝံတွေကို ပစ်ခတ်ခွင့်မရှိပေမယ့် မုဆိုး‌တွေ ဝက်ဝံထောင်ဖမ်းရာနဲ့ ဝက်ဝံအသေတွေကို သယ်ယူပို့ဆောင်ရေးတွေမှာ ကူညီနိုင်တယ်လို့ ဆိုပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW