မတ္တရာ – မိုးကုတ်လမ်းပေါ်က တံငါတံတား မိုင်းခွဲဖျက်ဆီးခံရ

အောက်တိုဘာ ၃၁ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ မန္တလေး – မတ္တရာ – စဥ့်ကူး – မိုးကုတ် လမ်းပေါ်ရှိ ချောင်းကူးတံတားတစင်းဖြစ်တဲ့ တံငါတံတား ( ကျောက်စရစ်ကုန်းတံတား)ဟာ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး တံတားကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ တံငါတံတားက မတ္တရာမြို့နယ် ၊ တောင်တံငါရွာနဲ့ မြောက်တံငါရွာအကြားမှာရှိတဲ့ ချောင်းကူးတံတားဖြစ်ကြောင်း ၊ မိုင်းခွဲဖျက်ဆီးခံလိုက်ရတာက မြောက်တံငါရွာဘက်ခြမ်းရှိ တံတားအပိုင်းဖြစ်ပြီး တံတားမှာ ၆၅ ပေခန့် ပျက်စီးသွားတယ်လို့သိရပါတယ်။
မတ္တရာမြို့နယ်ကနေ လက်ပန်လှရွာ ၊ ရွှေပြည် ၊ စဥ့်ကူး မြို့နယ် ၊သပိတ်ကျင်း ၊ ဖော့တောလမ်းဆုံ ၊မိုးကုတ်မြို့တို့ကို သွားလာမယ်ဆိုပါက အဆိုပါ တံငါး တံတားကို အဓိက အသုံးပြုပြီးမှ သွားလာ နိုင်တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ တံတားကျိုးကျ ပျက်စီးသွားတာကြောင့် ကား ၊ဆိုင်ကယ် ဘာမှသွားလို့မရတော့တဲ့ အတွက် ဒေသခံပြည်သူ တွေအတွက် လမ်းပန်းဆက်သွယ် ရေး ခက်ခဲသွားပြီဖြစ် တယ်လို့သိရပါတယ်။
” ကျောက်စရစ်ကုန်းရွာလို့ လည်းခေါ်ကြပေမယ့်အများစုက တံငါရွာလို့ပဲ သုံးကြတယ်။အခု မိုင်းခွဲခံရတာက တံငါမြောက်ရွာဘက်အခြမ်းမှာ ဖြစ်တာပါ။ အခု စစ်တပ်ကလည်း စစ်ကြောင်းထိုးလာတာ တောင်တံငါဘက် အထိရောက်နေပြီ သိရတယ်။မြောက်ဘက်ခြမ်း မှာကလည်း pdf တွေရှိတယ်။တံတားပျက်စီးသွားတော့ မတ္တရာမြို့ကို အမှီပြုပြီး စျေးဝယ် ၊ရောင်းချ လုပ်ကိုင်စားနေသူတွေ ဒေသခံ အကုန်ဒုက္ခရောက် တာပေါ့။ချောင်းကိုဖြတ်ကူးဖို့ပဲရှိတယ်။ဘယ်အဖွဲ့က တံတားကိုမိုင်းခွဲလဲ ဆိုတာတော့ မသိပါဘူး။ ” လို့ ဒေသခံက ပြောပါတယ် ။
တံငါတံတား ခေါ် ကျောက်စရစ်ကုန်းတံတားဟာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တံတားအရှည် ပေ (၃၆၀) ရှိပြီး တံတားအကျယ်မှာ ပေ (၃၀)ကျယ်ဝန်းတဲ့တံတားတစင်းဖြစ်ပါတယ်။ တံငါတံတားကို လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ၊ ဇန်နဝါရီလ (၃၀)ရက်မှာ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေက မတ္တရာမြို့နယ်ထဲက ဒေသတွင်းလက်နက်ကိုင်တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်ပွားမှုရှိနေ တယ်လို့ သိရပါတယ်။
ဒေသတွင်းလက်နက်ကိုင် တပ်တွေက မတ္တရာမြို့နယ်မှ ကျေးရွာအချို့နဲ့ စဥ့်ကူးမြို့ နယ်ထဲက ရွှေပြည် ၊ လက်ပန်လှ ၊နွယ်ရုံ ၊ ကျည်တောက်ပေါက် ၊ချောင်းကြီး ၊ ဇရပ်ကွင်း အထိ နယ်မြေစိုးမိုးထားပြီး အစိုးရတပ်တွေကတော့ သပိတ်ကျင်းမြို့မှ ဖော့တောလမ်းဆုံအထိ ပြန်လည်ထိန်းချုပ်ထားပါတယ်။
TNLA နဲ့ အစိုးရတပ် အကြား ဆွေးနွေးမှုအရလည်း TNLA က မိုးကုတ် နဲ့ မိုးမိတ် မြိုတို့ကနေ တပ်တွေ နောက်ဆုတ်ပေးသွားမယ်လို့ထုတ်ပြန်ထားတဲ့အတွက် မိုးကုတ်နဲ့ မိုးမိတ် မြို့ကို အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ရွှေဘိုခရိုင် ၊ကျောက်မြောင်းမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခတံတားကြီး မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးမှုကိုတော့ pdf တွေက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ နလအ မှသတင်းထုတ်ပြန်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW