အောက်တိုဘာ ၃၁ – ၂၀၂၅
KKL(VOM)
ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးရွာတာကြောင့် တောင်သူတွေရဲ့ ရိတ်လက်စ စပါးခင်းတွေ ရေစိုပျက်စီးတဲ့အထိ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင် သူတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၂၈ ရက်ကနေ ၃၁ ရက်အထိအချိန်အခါမဟုတ် ရက်ဆက်ရွာသွန်းတဲ့မိုးဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက ဝါးခယ်မ ၊ ငပုတော ၊ အိမ်မဲ ၊ ညောင်တုန်း ၊ ပန်းတနော် ၊ ဓနုဖြူ ၊ မအူပင် ၊ လပွတ္တာ ၊ ကျိုက်လတ် ၊ ကန်ကြီးထောင့် ၊ မော်လမြိုင်ကျွန်း စတဲ့ မြို့နယ်တွေက ဒေသခံ တောင်သူတွေ စိုက်ထားတဲ့ ရိတ်သိမ်းနေဆဲမိုးစပါးတွေ ရေနစ်မြုပ်ကာ တချို့စပါး ခင်းတွေပျက်စီးတဲ့အထိဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။
“မရိတ်ရသေးတဲ့စပါးအပင်တွေလည်း လဲကျကုန် တာ။ မိုးရွာမယ်လို့ သတင်းဖတ်ထားရတာကြောင့် အားချင်း လိုက်သိမ်းပေမယ့် မိုးရက်ဆက်ရွာနေတော့ မမီလိုက်တာ။ ရိတ်လက်စ စပါးတွေရေစိုကုန်တာ။ ဘာမှလုပ်မရဘူး။ စပါးဈေးက ကျနေတဲ့အထဲ စပါးတွေ ရေထပ်မြုပ်တော့ဆုံးရှုံးပြီ” လို့ မော်လမြိုင်ကျွန်းမြို့နယ်ကတောင်သူ တယောက်က ပြောပါတယ်။
စပါးခင်းတွေရေမြုပ်နေတဲ့အပြင် နေပူလှန်း ထားတဲ့စပါးတွေပါ ရေစိုကုန်ကာ နေအပူရှိန်မရတဲ့အတွက် အပင်ပေါက်တဲ့ အထိဖြစ်နေတယ်လို့ သိရပါတယ်။
”တချို့အပင်ပေါ်က စပါးတွေက ၂ရက် ၊ ၃ ရက်လောက် ရေမြုပ်သွားတော့ အပုပ်နံ့ တောင်ထွက်နေတာ။ အပင်ပေါက်တာတွေလည်း မနည်းဘူး။ ရေစုပ်ထုတ်တော့လည်း ထုတ်တဲ့ ရေနဲ့ ပြန်ဝင်တဲ့ရေနဲ့ မမျှဘူးဖြစ်နေ တာ။”လို့ ကျိုက်လတ်မြို့နယ်က ဒေသခံတောင်သူ တယောက်ကပြောပါတယ်။
အခုလို စပါးတွေ ရေစို၊ မိုးမိ ဖြစ်ပါက မှိုတက်တာ၊ ဆန် ရောင်ပျက်တာ၊ ဆန်သား အက်တာ၊ဆန်အရည်အသွေး ကျဆင်းသွားတာဖြစ်တဲ့အပြင် ဆန်စက်မှာ ကြိတ်ခွဲတဲ့အခါ မှာလည်း အကျိုးအကြေများပြီး ဆန်အရည်အသွေးညံ့တဲ့ အထိဖြစ်ပေါ်ကာ ဈေးကွက်မဝင်တဲ့အထိ ဖြစ်ရတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။
”စပါးမသန့်ဘူးဆိုရင်ဆန်သားမကောင်းဘူး။ဆန်သား မကောင်းရင်ဈေးကဘာမှလုပ်မရဘူး။အခုလည်းစပါးဈေးက ထိုးကျနေတာ။ ဧရာဝတီတိုင်းဘက်မှာ စိုက်ပျိုးမှုများတဲ့ စပါးတွေတင်း ၁၀၀ ကို ကျပ် ၁၀ သိန်းပတ်လည်အထိပဲ ဈေးပေါက်တယ်။ ၁၀ သိန်းဈေးပေါက်တဲ့ စပါးကလည်း သန့်ပြီးအရည်အသွေး အတော်ကောင်းကောင်းမှ အဆင်ပြေတယ်။”လို့ ဧရာဝတီတိုင်းက ဆန်နဲ့စပါးရောင်းဝယ်ရေး ပွဲရုံ လုပ်ငန်းရှင်တစ်ယောက်ကပြောပါတယ်။
အောက်တိုဘာလ ၃၀ ရက် ညနေ ၄ နာရီအချိန် မိုးလေဝ သဌာနက ထုတ်ပြန်ချက်အရ အရှေ့ဘက်ကနေရွေ့လျား လာတဲ့ လေပွေလှိုင်းကြောင့်နဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂ လားပင်လယ်အော်တို့မှာလေထုမငြိမ်မသက်မှုတွေကြောင့် အောက်တိုဘာလ ၃၁ ရက်ကနေ နိုဝင်ဘာလ ၅ရက်အထိ နေပြည်တော်အပါအဝင်တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးထစ် ချုန်းရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့ နေရာကွက်လို့ မိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့အထူးမိုးလေဝသ သတင်းအနေနဲ့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မြေပြိုခြင်းစတဲ့ မိုးလေဝသ ဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ဖို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ လပတ်အတွက် မှန်းချက်အနေနဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
Photo: KKL(VOM)
