ဟုမ္မလင်း နဲ့ ခန္တီး မြို့၊ ပူတာအို နဲ့ မြစ်ကြီးနားမြို့ကနေ ရန်ကုန် ၊မန္တလေး လေကြောင်းခရီးစဥ်အတွက် လေယာဥ်လက်မှတ်ခတွေ အဆမတန်မြင့်တက်လာ

နိုဝင်ဘာ ၂ ၊ ၂၀၂၅
GG (VOM)
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဟုမ္မလင်း ၊ ခန္တီးမြို့နဲ့ ကချင်ပြည်နယ်ထဲက ပူတာအိုနဲ့ မြစ်ကြီးနားမြို့တို့ကနေ ရန်ကုန် ၊ မန္တလေးကို လေကြောင်းခရီးစဥ်အတွက် လေယာဥ်လက်မှတ်ခနူန်းထားတွေ အဆမတန် မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ရန်ကုန် – ဟုမ္မလင်း လေယာဥ်လက်မှတ်ခမှာ လေကြောင်းလိုင်း တိုက်ရိုက်ရောင်းချတဲ့စျေးနူန်းက ရှစ်သိန်းကိုးသောင်းကျပ်ကျော်မှ ကိုးသိန်းကျော်အထိသာရှိပြီး မန္တလေး – ဟုမ္မလင်း လက်မှတ်ခမှာ ခြောက်သိန်းကျပ်ဝန်းကျင်မှ ခုနှစ်သိန်းကျပ် အထက်သာရှိပါတယ်။
အလားတူ ရန်ကုန် – ခန္တီး လေယာဥ်လက်မှတ်ခမှာလည်း လေကြောင်းလိုင်း တိုက်ရိုက်ရောင်းချတဲ့စျေးနူန်းက ရှစ်သိန်းကိုးသောင်းကျပ်ကျော်မှ ကိုးသိန်းကျော်အထိသာရှိပြီး ခန္တီး – မန္တလေး လေယာဥ်လက်မှတ်ခ ကလည်း ခြောက်သိန်းဝန်းကျင်မှ ခုနှစ်သိန်းကျော်အထိသာ ရှိတယ်လို့ သိရပါတယ်။
ပြင်ပ လေယာဥ်လက်မှတ် ရောင်းချသူအချို့ဆီမှာတော့ ရန်ကုန် – ဟုမ္မလင်း ၊ ရန်ကုန် – ခန္တီး ခရီးစဥ်တကြောင်းစာအတွက် လေယာဥ်လက်မှတ်စျေးနူန်းမှာ ဆယ်သိန်းကျော်အထိ စျေးပေါက်နေပြီး ဟုမ္မလင်း -မန္တလေး ၊ ခန္တီး – မန္တလေး လေယာဥ်လက်မှတ်စျေးကလည်း ကျပ်ကိုးသိန်းနီးပါးအထိ စျေးမြင့်တက် ရောင်းချနေကြတယ်လို့သိရပါတယ်။
အဆိုပါ ခရီးစဥ်တွေကို ကုန်းလမ်းကြောင်းကနေ ကားနဲ့ သွားလာဖို့အတွက် လမ်းပန်းဆက်သွယ်ရေးက အခက်အခဲတွေရှိနေတာကြောင့် လေကြောင်းအသုံးပြုသူ များလာတဲ့အတွက် လေယာဥ်လက်မှတ် စျေးနူန်းကလည်း ပိုပြီးမြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။
လေကြောင်းလိုင်းနဲ့ သွားလာသူ များပြားလာတာကြောင့် အခုနိုဝင်ဘာလထဲမှာပင် အဆိုပါ ခရီးစဥ်တွေအတွက် လေယာဥ်လက်မှတ် ဝယ်ယူရရှိဖို့ ခက်ခဲတဲ့အထိ လက်မှတ်တွေကုန်နေပြီ ဖြစ်တယ်လို့သိရပါတယ်။
” ကားလမ်းပေါက်ပေမယ့် လမ်းခရီးအခြေအနေအမျိုးမျိုးကြောင့် လေယာဥ်စီးသူ များလာတယ်။ လက်မှတ်စျေးတွေက လေကြောင်းလိုင်းတွေကကို တက်တက်လာတယ်။ဝယ်လိုအားများတော့ မြင့်မြင့်လာတဲ့သဘောပဲ။ ခုံတန်းအမျိုးအစား၊ နေ့ရက် ပေါ်လိုက်ပြီး စျေးနူန်းတွေကတော့ ပြောင်းလဲနေတယ်။ အပြင်က ပွဲစား ၊ ကိုယ်စားလှယ် တဆင့်ယူသူတွေဆီမှာဆို ပိုပြီး စျေးပေးရတယ်။ ဒီလထဲမှာဆိုရင် မန္တလေး – ဟုမ္မလင်း လက်မှတ် မရနိုင်တော့ဘူး။ တချို့ဆို ဒီဇင်ဘာအထိတောင် ရက်မရဘူး။ခန္တီးခရီးစဥ်ဆိုလည်း လေယာဥ်က တလမှာသုံးကြိမ် လေးကြိမ်လောက်ပဲထွက်တော့ လက်မှတ်မရနိုင်တော့ဘူး။” လို့ လေယာဥ်လက်မှတ် ရောင်းချသူ တယောက်ကပြောပါတယ်။

အလားတူ ကချင်ပြည်နယ်ထဲက ပူတာအို – ရန်ကုန် ခရီးစဥ်ဆိုရင်လည်း ကိုးသိန်းအထက်မှ စရှိပြီး ဆယ်သိန်းကျော် အထိ စျေးမြင့်တက်နေကာ ပူတာအို – မန္တလေးခရီးစဥ် ဆိုရင်လည်း တကြောင်းစာအတွက် လေယာဥ်လက်မှတ်ခမှာ ရှစ်သိန်း ဝန်းကျင်မှ ကိုးသိန်းကျော် လောက်အထိ စျေးပေါက်နေတယ်လို့သိရပါတယ်။
မြစ်ကြီးနား – ရန်ကုန် လေယာဥ် လက်မှတ်ခနူန်းထားကလည်း တကြောင်းစာအတွက် ကျပ်ရှစ်သိန်းကျော်မှ ဆယ်သိန်းကျော်အထိ စျေးမြင့်တက်နေပြီး မန္တလေး – မြစ်ကြီးနား လေယာဥ် လက်မှတ်ခ နူန်းထားက ငါးသိန်းကျပ်ကျော်မှ ခုနှစ်သိန်းဝန်းကျင်အထိ စျေးမြင့်တက်လာနေတယ်လို့ သိရပါတယ်။
” လက်မှတ်တွေက ရောင်းအားကောင်းနေတော့ လေကြောင်းလိုင်းတွေကနေ လက်မှတ်တွေကြိုဖြတ်ထားကြီး ပြီးမှတဆင့်တွေထပ်ရောင်းကြတော့ စျေးတွေက အပြင်ပေါက်စျေးမြင့်နေတာပေါ့။လေကြောင်းလိုင်း ဝက်ဆိုက်ဘ်ကလည်း ကျွန်တော်ဝင်ကြည့်သေးတယ်။ လက်မှတ်ဝင်ဖြတ်တော့လည်း မရတာကများနေတယ်။ အပြင်မှာက ဖုန်းဆက်ရုံနဲ့ လက်မှတ်ကရနေတာဆိုတော့လေ။ ” လို့ ခရီးသွားပြည်သူ တယောက်ကပြောပါတယ်။
လက်ရှိမှာ လေယာဥ်လက်မှတ်ခ နူန်းထားတွေ အဆမတန် မြင့်တက်လာမှုနဲ့အတူ လက်မှတ်အတု ပြုလုပ်ပြီး အွန်လိုင်းကနေ လိမ်ညာရောင်းချသူတွေလည်း များလာနေတာကြောင့် ခရီးသည်အချို့မှာ လေဆိပ်ရောက်မှ လှည့်ပြန်ရတာမျိုးအထိ ဖြစ်လာနေတယ်လို့သိရပါတယ်။
ဒါကြောင့် အွန်လိုင်းကနေ လေယာဥ်လက်မှတ် ဖြတ်မယ်ဆိုပါက ယုံကြည်စိတ်ချရတဲ့ လေယာဥ်လက်မှတ် အရောင်းဌာန ဟုတ် မဟုတ်ကို သေချာစုံစမ်းပြီးမှသာ ငွေပေးချေပြီး လက်မှတ်ဝယ်ယူ ကြဖို့ လက်မှတ်ရောင်းချတဲ့ကိုယ်စားလှယ်က အကြံပြုထားပါတယ်။
ဓာတ်ပုံ – cj

Related posts

Leave a Comment

VOM News

FREE
VIEW