ဆူးငှက်
လွမ်းသလေ မန်းမြေ တ မိတော့
———————————–
တကယ်တော့ ကျွန်တော်တို့အိမ်က အဝေးခရီးမပြောနှင့် စစ်ကိုင်း မင်းကွန်းစသည့် အနီးအနား ခရီးများကိုပင် အကြောင်းကိစ္စမရှိဘဲ အလည်အပတ်သဘော သွားလေ့မရှိပေ။ အဝေးခရီးအနေနှင့်က ကျွန်တော် ပြောခဲ့ဖူးသည့် မုံရွာ၊ ဘုတလင်နှင့် သဖန်းရွာခရီးပဲ ဖြစ်ပါသည်။ ကျွန်တော်ပြောခဲ့စဉ်က ထိုခရီးကို ရန်အောင်မန်း ကားကြီးနှင့် သွားခဲ့သည့် အကြောင်းပဲ ဖြစ်ပါသည်။ တကယ်တော့ ထိုခရီးကို အများဆုံးသွားခဲ့တာက မီးရထားနှင့်ပဲ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဘက ကားမူးတတ်တော့ ဘုတလင်အထိ မီးရထားစီးရသည်။
ရွာပြန်မယ့် အရေးကလည်း ၁လလောက်ကတည်းက ကြိုတင်ပြင်ရ၏။ ဆွေမျိုးတွေ လက်ဆောင်ပေးဖို့ အခြောက်အခြမ်းဝယ်ပြီး အိတ်လေးတွေနှင့် ထည့်တာ၊ ဘုန်းကြီးကပ်ဖို့ လက်ဖက်ခြောက် ငါးသေတ္တာ နို့ဆီဗူးဝယ်တာ စသည်ဖြင့် အမေက ပြင်ဆင်နေပြီ ဆိုလျှင် ကျွန်တော်က အနီးအနားက အိမ်တော်ရာဘုရားထဲ သွားပြီး ၁၄ခန်းဇရပ်က ပန်းချီဦးချစ်မြဲ နိပတ်တော်ကားတွေ ပြေးကြည့်တာ၊ သကျသီဟဘုရားသွားပြီး ခုနစ်နေ့ခုနစ်နာမ် ဘုရားဆီ ကတိုက်ကရိုက် ရေသပ္ပာယ်တာ၊ ညဆို အစ်ကိုဝမ်းကွဲတွေနဲ့ ညဈေးတန်းလိုက်ပြီး ၂ပတ်၃ပတ် ပတ်တာ၊ ဒါနဲ့ အားမရသေးဘဲ နာရီစင်က အရှေ့တက်၊ ကျုံးထောင့်ထိ ခရီးရှည် ခြေဆန့် တတ်ပါသည်။
အမေက ထိုအချိန်ဆို ခိုင်းစရာရှိ၍ ကျွန်တော့်ကို မတွေ့တော့ တဖျစ်တောက်တောက်ပေါ့။ ဘာလို့ ကျွန်တော်က ထိုအချိန်ကျမှ ဟိုသွားဒီသွား ပျာယာခတ်နေလဲ ဆိုတော့ မကြာခင် မန္တလေးက အနည်းဆုံး ၁၀ရက်လောက် ခွဲခွာရမှာကိုး၊ မခွဲမခွာခင် အလွမ်းပြေသွား သွားကြည့်တာတွေ ဖြစ်သည်။ အမလေး ဘူတာဆင်းမယ့် နေ့ကျ တစ်နေကုန် သာမက တစ်ညလုံး အလုပ်ရှုပ်ပြီလေ၊ ဘုတလင်လော်ကယ်က မနက် ၅နာရီ၁၀မိနစ် ထွက်မှာ။ အဘက ဘူတာကို မနက်၄နာရီ အရောက်သွားမှာ၊ ဘူတာနှင့် အိမ်က မျဉ်းဖြောင့် ၂၉လမ်း အတိုင်းတက်လျှင် မြင်းလှည်းနှင့်ဆို လွန်ရောကျွံရော မိနစ် ၂၀ပါ။ ၂၉လမ်းအတိုင်းတက် ကျုံးဘေးက ပတ်ပြီးဘူတာရှေ့ဆင်ဝင်အောက် အရောက်ဆို နာရီဝက်ပေါ့။ ဒါပေမယ့် အဖေက အရပ်ထဲက ကိုသန်းလေး မြင်းလှည်းကို ၃နာရီကတည်းက လာခေါ်ခိုင်းထားသည်။
ဒီတော့ မနက် ဘူတာဆင်းမယ့်အရေး တစ်ညလုံး မအိပ်ရတော့ပေ။ ကျွန်တော်က ကလေးမို့ ထူးထူးထွေထွေ အလုပ်မများဘဲ ပုံမှန်အတိုင်း အိပ်ရာဝင်ပါလား မေးစရာပေါ့။ အိပ်ရာထဲ ဝင်ပေမယ့် အိပ်မပျော်အောင် လွမ်းနေတာ၊ ဒီအိမ် ဒီဝင်း ဒီအရပ် ဒီမြို့က ၁၀ရက်လောက် ခွဲရမှာကိုလွမ်းတာ။ အိပ်မပျော်အောင် လွမ်းတာ..။ မျက်ရည်တောင် ကျသဗျ။ ဘူတာရောက်၊ တောင်ဘက်ခြမ်း စက်ခေါင်းရုံနားမှာ ထိုးထားသော ဘုတလင်လော်ကယ် တွဲဆိုင်းပေါ် မှောင်မှောင်မည်းမည်း တက်၊ အဖေက လက်မှတ်သွားဖြတ်၊ တွဲပေါ် ပစ္စည်းတွေ နေရာချ၊ အမေရော အစ်မရော အလုပ်ရှုပ်နေချိန် ကျွန်တော်က ငူတူတူ ငေါင်တောင်တောင်နဲ့။ အမေက “ဟဲ့.. တစ်ညလုံး အိပ်ဆိုတာ မအိပ်ဘဲနဲ့၊ အခုကျ အိပ်ချင်မူးတူး ဖြစ်နေတာလား၊ ငါပြောတာလည်းမကြား..” ဟု ငေါက်သည်။ အိပ်ချင်တာ မဟုတ်ပါ။ မန္တလေးက မကြာခင် ခွဲခွာရမှာမို့ လွမ်းနာကျနေတာ ဖြစ်သည်။
ရေနွေးငွေ့စက်ခေါင်းကြီးက နောက်ပြန်ဆုတ် တွဲချိတ် အချိန်ကျတော့ ဂတ်ဗိုလ်ခရာသံနဲ့ ဥသြသံပေးပြီး ငြိမ့်ခနဲ ရထားထွက်လျှင် ဘူတာတောင်ဘက် အေလမ်းဂိတ်မှာ မောင်းတံပိတ်ထားလို့ ရပ်စောင့်နေကြတဲ့ မြင်းလှည်းတွေ စက်ဘီးတွေ မြင်သည်နှင့် အမေ့ပေါ် လှဲချ။ အမေ့တဘက် ခေါင်းမြီးခြုံပြီး အသံမထွက်အောင် ငိုတာ..၊ အမေက ရထားမှ ထွက်ခါရှိသေး နင်က ရထားတောက်ပြီလားလို့ မေးတော့ အသံမထွက်နိုင်ဘူး ခေါင်းပဲညိတ်တာ..။ အသံထွက်ရင် ငိုသံပါမှာမို့ ဖြစ်သည်။ အဲ့လောက် မန္တလေးနဲ့ ခွဲရမှာလွမ်းတာ။
ဒီလိုနဲ့ ရွာမှာ ၁၀ရက် ၁၅ရက်လောက်နေချိန်မှာတော့ လှည်းနဲ့ နွားနဲ့ ယာခင်းနဲ့ လက်ယက်တွင်းနဲ့ အတွေ့အကြုံသစ် မြင်ကွင်းသစ်မို့ မပျင်းတော့ပေ၊ ပျော်တော့ မပျော်ဘူးပေါ့။ ရွာက ပြန်ရတော့ ဘုတလင်လော်ကယ်က ခေါက်ပြန်မို့ ဘုတလင်ဘူတာက ၁၂နာရီခွဲပြန်ထွက်မှာ။ ဒါပေမယ့် ရွာနှင့် ဘုတလင် ၃မိုင်ကျော် ၄မိုင်လောက် ဝေးပေမယ့် သဲတာကို ဖြတ်ရမှာနှင့် နွားတွေအပြန် နေမပူဖို့ ရွာက လင်းအားကြီး ၅နာရီလောက် ထပြီးလှည်း က ထွက်ရတော့ ရွာဓလေ့စရိုက် သံယောဇဉ်နှင့် တဆွေလုံး တမျိုးလုံး လှည်းနောက်က တစ်ပြုံတမကြီး ဖိနပ်မပါ ခြေကျင်လိုက် လှည်းရံတိုင် ကိုင်ပြီး ရွာအနောက်တံခါး အလွန် ကိုမောင်နီ ထန်းတဲအထိ လိုက်ကြ “ပြန်ကြရောဟေ့၊ ပြန်ကြရော..၊ နောက်နှစ် ကိုဘအေးအလှူကျလာခဲ့ကြဦး” လို့ ချွဲချွဲပစ်ပစ် အားပါးတရ အလွမ်းသယ်ကြချိန်ကျပြန်တော့လည်း မျက်ရည်စပြန်သည်။
ဒါပေမယ့် သပြေပင် သဲတာက ကုက္ကိုတန်း ရောက်တော့ ဘုတလင်ရောက်တော့မှာ ဘူတာရောက် တော့မှာ..၊ ရထားနဲ့ မန္တလေးရောက်တော့မှာ ဆိုပြီး ရွာအလွမ်း မေ့ကာပျော်ပြီလေ..။ ဒီလိုနဲ့ ဘုတလင် ဈေးဟောင်းမှာ ခဏနား မုန့်တီစား ကန်မဝင်ပြီး နွားရေတိုက်၊ အမျိုး ဒေါ်စောယုအိမ် ခဏနား ဘူတာသွား၊ ရထားပေါ်တက် ရထားထွက် ပျော်လို့ မြူးလို့။ မန္တလေးအဝင် နေဝင်ဖျိုးဖျအချိန် မြို့ဟောင်းဘူတာမှာ ဘူတာကြီးက အထွက် အမြန်ရထားတွေကို စောင့်ရလို့ နာရီဝက်လောက်များ ကြာရင် စိတ်မရှည်တော့ပေ။ ဆင်းပြီး ပြေးလိုက်ချင်၏။ ဒီလိုနဲ့ ဘူတာကြီးထဲရောက် ရထားပေါ်ကဆင်း လာကြိုသော ကိုသန်းလေး မြင်းလှည်းပေါ်တက် ၊ ၇၈လမ်းအတိုင်း မီးရထားရိပ်သာရှေ့က ဖြတ်ချိန် မြောက်ထိပ် ကျုံးတဖက်က နီယွန်ဆိုင်းဘုတ်ကြီးက မန်း…သီ…တာ….ဥယျာဉ် ၊ မန်းသီတာဥယျာဉ် ဆိုတဲ့ ရောင်စုံစာလုံးများကို ကျုံးရေရိပ်မှာရော မြင်လိုက်ရ၍ ဝမ်းသာတဲ့ ပီတိက ဘာနှင့်မှ မလဲနိုင်ပါချေ။ ချစ်သော မန္တလေး၊ ချစ်လှစွာသော မန္တလေးကို ပြန်ရောက်ပြီလေ။
ည ၇နာရီလောက် အိမ်ရောက်၊ အထုပ်အပိုးတွေချ၊ ဘေးအိမ်တွေက လာမေးလာကူ၊ အိမ်မှာ ချက်ပြီးပြုတ်ပြီး မရှိသေးတော့ သူတို့ မီးဖိုချောင်က ထမင်းအိုး ဟင်းအိုးတွေ ရောက်လာ..၊ ဝိုင်းဖွဲ့စား..၊ စကားတွေ ဖောင်ဖွဲ့ သတင်းပလင်း ဖလှယ်ချိန် ကျွန်တော်က ထမင်း ခပ်သွက်သွက် စားပြီး အနားက မျက်ရိပ်မျက်ကဲပြနေတဲ့ ဝမ်းကွဲအစ်ကိုတွေနဲ့ ၁၅ရက်လောက် ဝေးနေသော ညဈေးတန်းကို ထွက်တော့တာပေါ့။ ထိုနေ့ည ညဈေးတန်း လမ်းလျောက်ရတာ အရသာရှိလိုက်တာ..။ ဟော.. နောက်ရက် မနက်လင်းတော့ အစ်ကိုတွေနဲ့ပဲ ရုံတော်ကြီးက ထိုင်စိန်လက်ဖက်ရည်ဆိုင်က ဖန်ဆိမ့်တစ်ခွက်နှင့် ဝက်သားပေါင်းကလည်း အရသာရှိလိုက်တာ..။ နောက်ရက်တွေမှာ စက်ဆရာ ကိုမောင်ဒွေး အလုပ်စာပွဲဘေး ကုတင်မှာ အိပ်ရင်း ပြည်သူချစ်သော အနုပညာသည်များ စာအုပ်လေးဖွင့်ကာ ကျွန်တော်က သီချင်းလေး အစဖော်ပေးလိုက်၊ ကိုမောင်ဒွေးက ဋ္ဌာန်ကရိုင်းကျစွာဖြင့် သီချင်းကို အစအဆုံး အပီအပြင် ဆိုလိုက်နှင့် ရွှေမိုးညို၊ ရွှေမင်းဂံ၊ လက်ရည်တပြင်တည်း၊ အောင်ပင်လယ်၊ မြနန္ဒာ၊ စိမ်းရောင်စို၊ ရွှေပြည်စိုး၊ တုံးကျော်မ၊ နန်းမြို့တော်၊ ပဉ္စသိင်္ခ စသည်ဖြင့် ကြားလိုက်ရမှ အလွမ်းပြေတော့သည်။ ဒါမျှမက မာမာအေး၏ မန်းရာပြည့် ပါလိုက်သေး။
ငယ်စဉ်ကတည်းက ဇာတိအပေါ်စွဲလမ်းခြင်းက တကယ်တော့ မကောင်းလှ။ ထို့ကြောင့် ဘယ်နေရာမှ မရောက်ဖူးလှ။ ဒီအစွဲအလန်းက အခုထိရှိသေးထင်ပါရဲ့။
ပန်တျာကျောင်းထွက်
————————-
ကျွန်တော် စာရေးတော့ စောစောကလို ဆောင်းပါးအတိုအစလေးတွေမှာ သီချင်းအကြောင်း ဂီတအကြောင်းက မကြာခဏပါတတ်သည်။ မဖြစ်စလောက် ပြောဖူးဟောဖူးတော့လည်း သီချင်းတွေအကြောင်း ပါလိုက်သေးသည်။ အံမယ် ဘယ်ကီးနှင့်မှ မကိုက်သော အသံနှင့် သီချင်းတစ်ပိုင်းတစ်စက ဆိုလိုက်သေး။ ထို့ကြောင့် တချို့က ကျွန်တော့်ကို ဂီတရေးရာ နှံ့စပ်သူ၊ ဂီတနှင့် ပတ်သက်၍ တီးတတ်မှုတ်တတ်သူဟု ထင်ကြသည်။ တခြားမပြောပါနှင့် အရပ်နားနီးချင်းဖြစ်သော ဂီတမှူးကြီးဦးရွှန်းမြိုင် (ဆရာကြီးမြို့မငြိမ်း သား) ကပင် ကျွန်တော့်ကို ဂီတတတ်ကျွမ်းသူဟု ထင်မှတ်ပြီး တစ်ခါတရံ သူရေးထားသည့် ဂီတနုတ်စ် များကို ပြကာ အသံဖွဲ့စည်းပုံတွေပြောပြနေတတ်သည်။ တကယ်တော့ ကျွန်တော်က ထို ဂီတနုတ်စ်များကို ပဲတီပင်ပေါက်တွေ ဟူ၍လောက်သာ သိသည်။ ဒီထက် ဘာမှ ပိုမသိ။
ထို့အတူ နာမည်ကျော် စန္ဒရားဆရာ ဦးတင်ဝမ်းက ဂီတ အခမ်းအနား တစ်ခုတွင် ကျွန်တော့်ကို ညွှန်းသောအခါ မန္တလေး ပန်ထျာကျောင်းထွက်ဟု ဝိသေသပြုသည်။ ကျွန်တော်ဖြင့် ပန်တျာကျောင်းကို အရှေ့ပေါက်ကဝင်ပြီး အနောက်ပေါက်က ထွက်ခဲ့တာဟူသော လူရွှင်တော်ပြက်လုံး အတိုင်းပဲ ဖြစ်သည်။ ဂီတနှင့် ပတ်သက်၍ ကိုယ့်ကိုကိုယ် ဖော်ရလျှင် ဘယ်တူရိယာမှ မတီးတတ်။ မခေါက်တတ်။
ကျွန်တော်တို့ အလယ်တန်း ကျောင်းသား ဘဝမှာ ကျောင်းဘင်ခရာဝိုင်းတွေ ခေတ်စားတော့ ဘေးမှုတ်ပုလွေကို ကျောင်းသား အများစုက လွယ်လင့်တကူ သင်ယူနိုင်ခဲ့ကြသော်လည်း ကျွန်တော်က အဖြစ်မရှိ။ သုံးရက်လောက်နှင့် လက်လွှတ် အရှုံးပေးလိုက်ရသည်။ ကိုကိုစိန်လှိုင့် ဝါးပတ္တလားမှာ နံပတ်တွေကပ်ပြီး ထံတျာတေရှင် တက်သည်။ ရှေ့ကို တော်တော်နှင့် မရောက်။ ဒုံရင်းမှာပဲ တဝဲလည်လည်ဖြစ်နေတာ တစ်ပတ်လောက်မို့ အောင်မြင်စွာ ဆုတ်ခွာခဲ့ရပြန်သည်။ အိမ်က ယောက်ဖတော် ကိုသိန်းမောင်၏ ထရန်ပက်ကို မောက်တတ်၍ မှုတ်ရာ ဘာသံမှ မထွက်။ ကိုသိန်းမောင်က နှုတ်ခမ်းကို ဘယ်လိုထား၊ မောက်ကို ဘယ်လိုဖိ၊ ဘယ်လိုမှုတ် ဟု ဘယ်လိုသင်သင် ဖူးဖူးဖူး ဟူသော လေသံနှင့် တံထွေးတွေသာ ထွက်လာသည်။ ထရန်ပက်သံက မထွက်၊
ဒီတော့ ကိုသိန်းမောင်က သူ့ထရန်ပက်ကို မောက်ဖြုတ်ပြီး ကတ္တီပါခင်း သားရေအိတ်လေးထဲ ပြန်ထည့်လိုက် တော့သည်။ ကျွန်တော်ဖြင့် ကိုယ်လက်လှမ်းမီသော တူရိယာတွေကို စမ်းသတ်တီးကြည့် သင်ကြည့်သော်လည်း ကျွဲပါးစောင်းတီးသလို ဘယ်လိုမှ သင်မရ၍ လက်လျော့ လိုက်ရသည်ချည်း ဖြစ်သော်လည်း အိမ်ထဲက မမခင်ဝင်းအခန်းထောင့်မှာ ချိတ်ထားသည့် တာပလာ ဗုံလေးနှင့်ကျ မဆိုးလှဟု ပြောရမည်။ ထိုတာပလာ ဗုံလေးကို တွေ့နေတာကြာပြီ။ သို့သော် မယူရဲ။ ဘယ်သူ့ ပစ္စည်းမှန်း မသိလို့ ဟူသာမက တီးခတ်စရာဟု မသိခဲ့ခြင်းကြောင့် ဖြစ်သည်။
တာပလာ လက်စွမ်းပြ
————————-
တာပလာဗုံ ဆိုတာက ဖရုံသီးကြီးကြီးလို စတီးအိုးမှာ အပေါ်က သားရေကျက်ထားသည့် ပုံစံ ဗုံဖြစ်သည်။ အိန္ဒိယ ရုပ်ရှင်ကားတွေထဲ တွေ့ဖူးကြမှာပေါ့။ အခန်းထောင့်မှာ ချိတ်ထားတာ ကြာလို့ ဖုံအလိမ်းလိမ်းကပ်နေသော ထိုပစ္စည်းက တီးခတ်စရာဟု သိမှ ဖုံခါ အဝတ်စုတ်နှင့် သန့်ရှင်းလိုက်သည်။ ထိုအခါကျမှ ထိုပစ္စည်းလေးကို မြင်ဖူးတာပေါ့။ တောင်ဘက် ပုဏ္ဏားစုထဲက ဝပ်ရှော့အိမ်နှင့် ကပ်ရက်ဝင်းထဲက တစ်ယောက် တီးနေတာ ခဏခဏ မြင်ဖူးနေသည်။ ကုလားပဲသုတ်သွားဝယ်တိုင်း ပေါက်ပေါက်ဆုပ် သါားဝယ်တိုင်း တွေ့နေ ကြားနေဖူးသည်။ ထိုပုဏ္ဏားစုမှာ သူငယ်ချင်းတွေရှိသလို လူကြီးချင်း ရင်းနှီးနေကြတော့ သူတို့ရိုးရာပွဲလမ်းတွေဆိုလည်း ကိုယ်တိုင် မပါရုံတစ်မယ်ပဲ ဖြစ်သည်။ မဟာပိန္နဲလှည်းဆွဲပွဲ၊ စန္ဒီနတ်သမီးရေချပွဲ၊ ရာမဇာတ်ပွဲ၊ ဒီပါဝလီ မီးထွန်းပွဲ စသည်တို့မှာ ကျွန်တော်တို့ မွေးကတည်းက မြင်တွေ့နေရသည်။
အထူးသဖြင့် မဟာပိန္နဲပွဲရောက်လျှင် အလွန်ပျော်သည်။ ညပိုင်းမှာကျင်းပသော ထိုပွဲက အိမ်ပေါက်စေ့ ဦးတိုက်သော ဘုရားလှည်းနောက် လိုက်ရင်း “ဟရာရေး ဟရာပိုရေ၊ ဟရာရေး ဟရာပိုရေး၊ ဟရာဟရာ ပိုရိုရေး” ဟု ပုဏ္ဏားသူငယ်ချင်း တင်တင်လှတို့ မာလာတို့ ရာပြည့်တို့ အောင်ကြည်တို့နှင့် လိုက်ပါ သီဆိုရတာ အလွန်ပျော်သည်။ “ဟရာရေး ဟရာပိုရေ၊ ဟရာရေး ဟရာပိုရေး၊ ဟရာဟရာ ပိုရိုရေး” ဟူသည်ကိုလည်း ကျွန်တော်တို့ရှေ့က ဦးလေးတွေ အစ်ကိုတွေကလည်း အလွတ်ရနေသလို ကျွန်တော်တို့ကလည်း ၄နှစ် ၅နှစ်သားလောက် ကတည်းက ရနေသည်။ ကျွန်တော့်အောက် တူတွေ တူမတွေကလည်း မသင်ရဘဲ ရနေကြသည်။
ကျွန်တော်က သန့်ရှင်းပြီးသော တာပလာဗုံလေးကို ယူ၍ မြောက်ဘက်က ကိုကိုစိန်လှိုင်တို့ အိမ်ဘက် သွားကာ အိမ်ရှေ့ ရသေ့ကျောင်းခုံကြီးပေါ် ထိုင်ရင်း စမ်းတီးကြည့်သည်။ ဟိုစမ်း သည်စမ်း တီးကြည့်ရင်း အဆို့အပိတ် အဖိအဖော့ အတို့အခတ် သဘောကို သိသလိုလိုရှိလာသည်။ ကျွန်တော် ထိုင်နေသည့် ရသေ့ကျောင်းခုံကြီး ရှေ့က စာပွဲမြင့် အောက်မှာ ကိုကိုစိန်လှိုင်၏ သမီးအကြီး ခင်မြင့်လှိုင်က အရုပ်တွေနှင့် ဆော့နေသည်။ သူက ဘာရှိဦးမလဲ၊ ၇နှစ်လောက် နေမှာပေါ့။ ကျွန်တော်က သူ့ကိုကြည့်ပြီး တာပလာဗုံကို ခပ်ကျယ်ကျယ်လေး တီးပြသည်။ သူက အသံကြားလို့ မော့ကြည့်သည်။ ကျွန်တော်ကလည်း တာပလာကို ထပ်ကျော့သည်။ သုံးကြိမ်လောက် ကျော့လိုက်တာနှင့် ခင်မြင့်လှိုင်က ဆော့နေရာမှ ထလာကာ “ဟရာရေး ဟရာပိုရေ၊ ဟရာရေး ဟရာပိုရေး၊ ဟရာဟရာ ပိုရိုရေး။ “ဟရာရေး ဟရာပိုရေ၊ ဟရာရေး ဟရာပိုရေး၊ ဟရာဟရာ ပို ရို..ရေး” ဟူ၍ လိုက်ဆိုတော့သည်။ ထပ်ကျော့လေ၊ သူက ထပ်ဆိုလေ..၊ နောက် အကျော့တွေမှာ အော်၍ပင် ဆိုလိုက်သည်။
ကျွန်တော်က ခေါင်းလေး ဆတ်ဆတ်ပြီး အခြား အဖိအဖော့တွေတီးတော့ သူက ထို ဟရာရေး ဟရာပိုရိုရေးကို သံစဉ်ပြောင်းကာ ဆိုပြန်လိုက်သေးတော့။ ကျွန်တော်တို့ တူဝရီး နှစ်ယောက်၏ အဆိုအတီးတွေကို ကြားရသည့် လူကြီးတွေက တသောသော ရယ်မောကြသည်။ တီးလုံးက လက်စမသတ်ဘဲ တစ်ကျော့တည်း ကျော့နေတော့ ကိုကိုစိန်လှိုင်က တံမြက်စည်း လှဲနေရာက “ဗပေပေးဂျိ ဗပေပေးဂျိ ဗပေပေးဂျိ” လုပ်လိုက်တော့ဟ ဟု လှမ်းပြော၍ အိန္ဒိယတီးလုံးကို မြန်မာပတ်မဆစ် “ဗပေပေးဂျိ” နှင့် လက်စသတ်လိုက်ရသည်။ ဘောလီးဝု အဆိုတော် ခင်မြင့်လှိုင်လည်း အသံတွေပြာလို့။
တကယ်တော့ ကျွန်တော်တို့သည် မမွေးဖွားမီ မိခင်၏ ဝမ်းကြာတိုက်ထဲ ကတည်းက ဂီတနှင့် ထိတွေ့နေရသည်။ မွေးဖွားပြီး လသားအရွယ်မှာလည်း မိခင်နို့ကို တပြွတ်ပြွတ်စို့ရင်း ဘုရားပွဲပွဲခင်းကြားက ဂီတသံအကြား အိပ်မောကျရသည်။ လမ်းလျှောက်တတ်သော အရွယ်မှာတော့ မိခင်ထဘီစ ဆွဲရင်းပွဲခင်းထဲ တိုးဝှေ့ကာ အငြိမ့်စင်ပေါ် ခေါင်းမော့ပြီး တခစ်ခစ်ရယ်မောရ၊ တထိတ်ထိတ် ရင်ခုန်ရ၊ တရှိုက်ရုှိက်ငိုကြွေးရနှင့် ဘာမှန်းမသိသော်လည်း ဂီတကိုတော့ ခံစားတတ်လာသည်။ လူမှန်းသိသည့် အရွယ်ရောက်တော့ မပြောပါနှင့်တော့၊ ၁၂ရာသီမပြတ် ပွဲလမ်းများ သာမက ကလေးပုခက်တင်က အစ ရပ်ကွက် ဘောလုံးသင်း အောင်ပွဲအထိ ပွဲခံကြတော့ စင်ထိုးကတည်းက စင်ပေါ် ကျွမ်းပစ် ပျော်ရွှင်ကာ ပွဲအသိမ်း သန်းခေါင်သန်းနွှဲအထိ အိမ်မပြန်တမ်း ပွဲကြိုက်ကြသည်။ ထို့ကြောင့် ကလေး ဘာသာဘာ၀ ဆော့ ကစားနည်းများတွင် ဘောလုံးကန်ခြင်း၊ တူတူပုန်းခြင်း၊ ထွေခင်းခြင်း၊ ကျည်းသားရိုက်ခြင်း စသော ကစားနည်းများ သာမက “ကတမ်းခုန်တမ်း” ဟူသော ကစားခြင်းကိုလည်း ကျွန်တော်တို့ ကလေးဘဝက ပျော်မွေ့ခဲ့ကြတာ သတိရမိပါ၏။
ဇာတ်ပွဲ ကြည့်ရအောင်
————————–
”ညီလေး…မပြေးနဲ့မပြေးနဲ့…အစ်ကိုပြောတာနားထောင်ပါညီလေး၊ အေးအေးဆေးဆေးအဖမ်းခံလိုက်ပါ”
”ခင်ဗျားကြီး လိုက်မလာနဲ့နော်၊ ကျုပ်ဘယ်နည်းနဲ့မှ ခင်ဗျားလက် အရောက်မခံဘူး။ ဟောဒီမှာမြင်လား ခင်ဗျား လိုက်လာရင် ခင်ဗျားအတွက် ကျည်ဆန်”
”ညီလေးမှားမယ်နော်၊ မှားမယ်၊ ညီလေးဘယ်နည်းနဲ့မှ မလွတ်နိုင်ဘူး။ အစ်ကိုတို့အားလုံး ဝိုင်းထားလိုက်ပြီ၊ မင်းလက်ထဲက သေနတ်ကို ချလိုက်ပါတော့ ညီလေးရယ်၊ မင်းစိတ်လျှော့ အစ်ကိုတို့ဆီပြန်လာခဲ့ပါတော့”
”တော်စမ်းပါဗျာ၊ ခင်ဗျားဟာ ကျုပ်အစ်ကိုလည်း မဟုတ်ဘူး၊ ကျုပ်က တစ်ကောင်ကြွက်ဗျ၊ တစ်ကောင်ကြွက် ကျုပ်ဘဝမှာ အစ်ကိုဆိုတဲ့ ဝေါဟာရကို စွန့်ပစ်ထားတာ ကြာပြီဗျ၊ ကျုပ်လျှောက်ခဲ့တဲ့ လမ်းဟာမှန်တယ်။ အရင်ကလည်း မှန်တယ်၊ အခုလည်း မှန်တယ်၊ နောင်လည်း မှန်မှာ သေချာတယ။် ဒီလိုပဲ ကျုပ် ယုံတယ်၊ ဟောဒီ သေနတ်ထဲက ကျည်ဆန်တွေဟာ အသုံးချစရာ နှစ်လမ်းပဲ ရှိတယ်။ နံပါတ်တစ်က ခင်ဗျားကြီး ကျုပ်နားကပ်လာရင် ခင်ဗျားအတွက်။ နံပါတ်နှစ်က ခင်ဗျားလက်ထဲ ကျုပ်ရောက်သွားပြီး ကျွန်တော် မှားပါတယ်ခင်ဗျာလို့ ဘယ်တော့မှ မပြောနိုင်အောင် ကျုပ်ပါးစပ်ကို ကျုပ်နှုတ်ပိတ်ဖို့ဗျ….”
”ညီလေး… ကိုကြီး ပြောတာ အေးအေးဆေးဆေး နားထောင်ပြီးမှ စဉ်းစဉ်းစားစား လုပ်ပါ ညီလေးရယ်၊ ကိုကြီး တာဝန်အရ ဆောင်ရွက်ရတော့မှာ ညီလေး၊ ညီလေးပြင်ဖို့ အချိန်ရသေးတယ်။ မင်းလုပ်ရပ်တွေ စွန့်လွှတ်ပြီး ကိုကြီးဆီ လာခဲ့ပါ ညီလေး…..”
”ဟာ…. ပြောလေ ကဲလေပါလားဗျ၊ ခင်ဗျား ရှေ့မတိုးနော်၊ ရှေ့မတိုးနဲ့ ပစ်လိုက်တော့မှာနော်၊ ပစ်လိုက်တော့မှာနော်”
”ဟေး…သူရ…ရ…ရ…ရ မင်းကို အားလုံး ဝိုင်းထားပြီးပြီ၊ မင်း လက်လှုပ်လိုက်တာနဲ့ မင်းကို ချိန်ထားတဲ့ ဒို့သေနတ် မောင်းတွေ …တွေ…တွေ …ဖြုတ်လိုက်မယ်…မယ်…မယ်”
“ မင်းတို့လက် အရောက်မခံဘူးကွ၊ ဟောဒီမှာကြည့်၊ နောင်တဆိုတဲ့ စကားကို ဘယ်တုန်းကမှ မပြောခဲ့တဲ့ ငါ့ပါးစပ်ကို ငါ့သေနတ်နဲ့ ငါဂုဏ်ပြုမှာ…ဟောဒီမှာကြည့်…”
”ဒိုင်း”
”ညီလေးလေး …လေး”
ပွဲကြည့်နေသော ကလေးပရိသတ်က ဝေါခနဲ ပွဲကျသွားသည်။ တကယ်တော့ ကျွန်တော်တို့သည် ဇာတ်ခုံသေးသေးလေး ဆောက်ကာ အရုပ်ကလေးများနှင့် ဇာတ်ကတမ်း ကစားနေကြခြင်း ဖြစ်၏။ ကျွန်တော်တို့ ဇာတ်ကို ကြည့်မည့် ကလေးတွေက သားရေကွင်း ငါးကွင်းပေးရသည်။
လေးဦးသား ကလေးဇာတ်
—————————————
ထိုစဉ်က ကျွန်တော်နေထိုင်သော ဆီစက်ဝင်းကြီး၏ အနောက်ဖက်မလွယ်ပေါက်ကလေးမှ ထွက်လိုက်လျှင် ကျွန်တော့်သူငယ်ချင်း သောင်းထွန်းတို့၊ ကြည်လွင်တို့ အိမ်သို့ ရောက်သည်။ သူတို့ အိမ်ဘေးက ကွက်လပ်လေးမှာ ဝါးခြမ်းအသစ်လေးများနှင့် ဇာတ်ခုံလေး ဆောက်ပြီး ဇာတ်ကတမ်း ကစားကြသည်။ ဇာတ်ကောင်က ဂျပ်စက္ကူပေါ် ရောင်စုံခဲတံနှင့်ရေးဆွဲ၍ ကပ်ကြေးဖြင့် ညှပ်ပြီး ဇာတ်ခုံလေး ဟိုဘက်ထိပ် သည်ဘက်ထိပ် တန်းထားသော အပ်ချည်တန်းပေါ် ချိတ်တင်ကာ ပါးစပ်က ဇာတ်လမ်းပြောခြင်း ဖြစ်သည်။ ချိတ်ထားသော အရုပ်ကလေးများက ဇာတ်ဝင်စကားနှင့် ဟပ်မိအောင် အပ်ချည်ကြိုးတန်းကို လှုပ်ပေးရတာပေါ့။ အရုပ်လေးတွေ ရေးခြယ် ဖန်တီးသူက ကြည်လွင်၊ သူက ပန်းချီဝါသနာပါသလို သူ့ဆီမှာ ရောင်စုံခဲတံတွေ ဆေးဘူးတွေရှိသည်။
ဇာတ်ခုံ ပြင်တာ ဆင်တာ က သောင်းထွန်း လက်ရာဖြစ်သည်။ သူ့အမေဒေါ်သိန်း၏ ကတ္တီပါ လုံချည်ဟောင်းတွေ၊ ပုဝါဟောင်းတွေနှင့် ဇာတ်ခုံက သားနားနေသည်။ ဒါတင်မက သူ့အဖေ ဦးကောင်းရင်၏ ငါးတောင့်ထိုး ဒုတ်မီး(လက်နှိပ်မီး) ထဲက မီးသီးနှင့် ဓာတ်ခဲတွေ ကို ယူပြီး ဆလိုက်မီး ဆင်လိုက်သေး၏။ ဇာတ်နောက်ခံဂီတ က ကြည်လွင့် အစ်ကို ကိုစိန်လွင်ပေါ့။ သူက သီချင်းပေါင်းစုံရကာ အလကားနေရင်းပင် သီချင်းတကြော်ကြော် လေတချွန်ချွန်မို့ သူ့တာဝန် သူကျေပြွန်သည်။ ဇာတ်လမ်းနှင့် ဇာတ်ဝင် အသံက ကျွန်တော်လေ။ ကျွန်တော်တို့ ၅တန်း ၆တန်း ၇တန်းလောက်အထိ ဒီလို ဇာတ်ကတမ်း ကစားဖြစ်ကြသည်။
တူမတော် မင်းသမီး၏ အငြိမ့်ခန်း
—————————————-
နောက် ကျွန်တော် အလယ်တန်း ရောက်ချိန်မှာ အတူနေ မမခင်လှ၏ သမီးကြီး ခင်သန်းဦးကလည်း ၄တန်းတက်မည့် အရွယ်၊ သူ့အောက်က ထွန်းထွန်းကလည်း ၃တန်းတက်မည့် အရွယ်။ သူတို့ကလည်း ဒက္ခိဏဝံတိုက်က ဦးပဏ္ဏဝံ ကျောင်းမှာပဲ နေကြသည်။ ဦးပဏ္ဏဝံကျောင်းက ထိုနှစ်တွင် ထူးထူးခြားခြား ဆရာကန်တော့ပွဲကို ကျောင်းကပွဲ များနှင့် အတူ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပဖို့ စီစဉ်သည်။ ခင်သန်းဦးက အငြိမ့်ခန်းမှာ မင်းသမီးအဖြစ် ကရမှာတဲ့။ အနောက်ဝင်းက ခဲတုတ်တို့ ညီအစ်မက ကောက်စိုက်သမယိမ်းတဲ့။
ဆင်တံတားက ခင်မောင်မြင့်တို့ မြင့်ကြူတို့ ကျော်ဆန်းတို့ ခင်မောင်သန်းတို့ကလည်း ပြဇာတ်ထဲ ပါသတဲ့။ ရှင်ဥပဂုတ် ဝင်းထဲက ယုမေတို့ ညီအစ်မကလည်း က ကြမှာတဲ့။ သည်တော့ အငြိမ့်ခန်းနှင့် ယိမ်းတွေကို မမခင်ဝင်းက သင်ပေးသည်။ ထို့ကြောင့် အိမ်က တူမ မင်းသမီးက အိမ်မှာ တဂျိမ်းဂျိမ်း ကနေတော့သည်။ သူကရမည့် သီချင်းက ထိုစဉ်က ရှေ့ဆောင်လူငယ်သီချင်းဖြစ်သည်။ တီးဝိုင်းက ဆရာဦးမောင်ကို၏ အစ်ကိုပါဝင်သော လူငယ့်ရေးရာ တီးဝိုင်းဖြစ်သည်။ စန္ဒရားဆရာက ရွာစားကြီး စိန်ကျော်၏ သားဆိုတာ မှတ်မိနေသည်။ သူက ဆရာအတတ်သင်မှာ ဂီတဆရာဟု ထင်သည်။
“ရုပ်ရည်ပျိုမြစ်သန့်စင် အညွန့်အဖူး အသွယ်သွယ် ငယ်ငယ်လွင်လွင်၊ ပြည်သူလုပ်သားများရဲ့ ရင်နှစ်ရွှေစင်၊ ချစ်ချစ်ခင်ခင်မင်မင် ခေတ်အမြင်အား တိုးတက်လျှင် မိုးသောက်ကြယ်အသွင် ဒို့လူငယ် ခေတ်သစ်လုပ်အားရှင်” တဲ့။ ဒီသီချင်းနှင့် အငြိမ့်ခန်းကို ဝတ်စုံပြည့် အစမ်းလေ့ကျင့်သည့် အနေနှင့် အိမ်မှာ ကကြသည်။ ဝတ်စုံပြည့် ဆိုသော်ငြား ပွဲနေ့မှာ တကယ်ဝတ်မည့် ဝတ်စုံက မျက်ပါးရပ်က ငှားထားတာ ပွဲနေ့မှ ရမှာမို့ အလှူတုန်းက နားရံအင်္ကျီခပ်ကျပ်ကျပ်နှင့် မမခင်ဝင်း၏ မင်းသမီးထမီ အဟောင်းဝတ်ပြီး အငြိမ့်ခန်းစထွက်သည်။ မင်းသမီးက ပတ္တလားရှေ့ မျက်နှာမူကာထိုင်ပြီး မန္တလေးအငြိမ့်ထုံးစံ ယိုးဒယားနှင့် ထွက်မည်ပေါ့။ ကဲ.. အဲ့ဒီခေတ် ကက်ဆက်လည်း မပေါ်သေး၊ တိတ်ရီကော်ဒါလည်း ကိုယ့်မှာ မရှိ။
ပါးစပ်ဆိုင်း ယိုးဒယား
———————————–
ဒီတော့ ယိုးဒယားကန်တော့ခန်းတီးလုံးက ပါးစပ်ဆိုင်းပေါ့။ ပါးစပ်ဆိုင်းဆရာက ဘယ်သူရှိပါ့မလဲ။ ကျွန်တော်မျိုး စိန်ကျော်ဆန်းပေါ့။ ကျွန်တော်က တူရိယာများကို တစ်ခုမှ မတီးတတ် မမှုတ်တတ်သော်လည်း ပါးစပ်ဆိုင်းတော့ ရသည်။ အဘနှင့် ဆိုင်းပွဲတွေ ခဏခဏလိုက်၊ မမခင်ဝင်းနှင့် အစိုးရဧည့်ခံပွဲတွေ မကြာမကြာလိုက်တော့ ယိုးဒယားတီးလုံးကို ပါးစပ်ဆိုင်းနှင့် အလွတ်ရနေသည်။ ထို့ကြောင့် အငြိမ့်ခန်းသမားစဉ်အရ ပတ္တလား ရှေ့ မျက်နှာမူ ထိုင်နေသော မင်းသမီးကို ကျွန်တော်က “ပုဝါ၂စ အသာချ၊ ကာလ ဆံဆံ၊ မူပိုပေ စတိုင် လူပျိုတွေ ငိုင်လောက်ပါရဲ့ အိုဗျ ပန်တျာခင်သန်းဦးရေ” ဟု မင်းသမီးခေါ်လိုက်သည်။ မင်းသမီးက ထိုင်နေရင်း ပရိသတ်ဖက် ဖြည်းဖြည်းချင်း လှည့်လာတော့ ယိုးဒယားတီးလုံးကို ကျွန်တော့ပါးစပ်ဆိုင်းနှင့် တီးလိုက်တော့သည်။ ခင်သန်းဦးကလည်း သူ့အဒေါ် မမခင်ဝင်း သင်ထားသည့် အတိုင်း အပီအပြင် က နိုင်သည်။
သည်တွင် ရွာစားမင်းက အစွမ်းပြတော့၏။ ယိုးဒယား တီးလုံးကို သမရိုးကျ မတီးဘဲ ဖျဉ်းချင်အပိုဒ်မှာ နှဲထပ် ပတ်တပ်တွေ၊ နှဲရေလည်စိမ်တွေ၊ မမလေးကိုနော်ဗျာ မောင်က ခိုးမယ်လို့ လူဆိုးတွေနှင့် မောင်တိုင်ပင်တွေ၊ ရွှေစွန်ညို ဘာကိုလိုလို့ ဝဲတယ်၊ မလေးလိုလို့ ဝဲတယ်တွေ၊ ဘုန်းတော်ကြီးလို့ သက်တော်ရှည် ဒို့တတွေ ရေချမ်းအိုး၊ ဘုန်းတော်ထွန်းလို့ လေးကျွန်းသာ ရွှေမြို့အောင်ချာ နတ်ပြည်အလား စတဲ့ သံချပ်များနှင့် ပညာကုန်သုံးတော့သည်။ အစကတော့ မင်းသမီးက ပြုံးပြုံးလေး ကနိုင်ပါရဲ့။ ရွာစားမင်းပညာပြတော့ နှုတ်ခမ်းစူသည်၊ ထို့နောက် မျက်စောင်းထိုး သည်။ ထို့နောက် ခြေလက် အသိမ်းအနှုတ် စည်းဝါးမမှန်တော့။ ထို့နောက် တီးလုံးမဆုံးမီ ရပ်ကာ စိတ်ဆိုးတော့မည့် အရိပ်အရောင်ကြောင့် လက်စသတ်လိုက်ရသည်။ မမခင်ဝင်းက တဟားဟား ရယ်ရင်း ကျွန်တော့ကို “နင်က အဲ့လို မလုပ်ပါနဲ့ဟ၊ ငါ့ မင်းသမီးက ပညာသင် လက်ထောက်လေးပါ” ဟု စပြောင်သည်။
အံမယ် မင်းသမီးနားချိန် ပြက်လုံးထုတ်ရသေး။ ဘယ်ရမလဲ စိန်ဘညိုဆိုင်းထဲက နောက်ထ ဦးပေါက်စ၏ ပြက်လုံးက အလွတ်ရနေတာ။ “ဟေ့ ရန်ကုန်၊ ဟေ့ ရုန်ကန်။ ဟေ့ မန္တလေး ဟေ့ မေးတလန်း။ ဟေ့မုံရွာ ဟေ့ မွှာရုံ၊ ဟေ့ မိတ္ထီလာ ဟေ့ မာထီလိတ်၊ ဟေ့ ပျဉ်းမနား ဟေ့ ပျားမနင်း။ ဟေ့ အမရပူရ ဟေ့ အမူရုပူရု” ဆိုသော ပြက်လုံး ဖြစ်သည်။ ထိုကျောင်းကပွဲတွင် ခင်သန်းဦးက အငြိမ့်ခန်းသာမက နှစ်ပါးသွားလည်း ကရသည်။ မင်းသားက အခု နာမည်ကြီး နောက်ထနှင့် ဘိသိတ် မော်မော်လေ။ မောင်မော်က အငြိမ့်ခန်းမှာလည်း လူရွှင်တော်အဖြစ် ထိုစဉ်ကတည်းက စွန်ညိုနှင့် တွဲခဲ့သည်။ မောင်မော်ကလည်း ဦးပဏ္ဏဝံကျောင်းသား။ အရွယ်ကလည်း ကလေးအရွယ်တွေ။ သူတို့က ငယ်စဉ်ကတည်းက ဇလေးတွေ ထိုးထွက်နေကြသည်။
ဆူးငှက်
