နိုဝင်ဘာ ၂၀ ၊ ၂၀၂၅
GG (VOM)
မကွေးတိုင်း ၊ ပခုက္ကူနည်းပညာတက္ကသိုလ်က တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေးယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ပခုက္ကူနည်းပညာတက္ကသိုလ် တာဝန်ခံကျောင်းအုပ်ကြီး ဒေါက်တာ မြမြမွှေး နဲ့ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် ၊ နည်းပညာတက္ကသိုလ် အမှုတွဲထိန်းဖြစ်သူ ဦးသန်းလွင် နဲ့ တူတော်စပ်သူ ကိုမင်းကိုချစ် ဆိုသူတို့ ဖြစ်ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့က ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲကို တက်ရောက်ပြီးနောက် ရေစကြိုမြို့ကို ကားနဲ့ပြန်လာစဥ် လမ်းမှာ လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ၊ ဖမ်းဆီးခံရပြီးကတည်းက အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။
” သူတို့စီးသွားတဲ့ ကားနှစ်စီးလည်း ယူသွားတယ် ။ သတင်းပေးရှိလို့ ကြိုစောင့်ဖမ်းတယ်လို့ ထင်တယ် ။ ရေစကြို နဲ့ ပခုက္ကူလမ်းပေါ်ရှိတဲ့ ကျောက်လှေခါးရွာနားမှာ ဖမ်းသွားတာပါ ။အဆက်အသွယ်တော့ မရသေးဘူး သိရတယ် ။ ဘယ်အဖွဲ့က ဖမ်းမှန်းမသိရသေးဘူး ။ ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူ ကပြောပါတယ် ။
ဖမ်းဆီးခံရတဲ့ ကျောင်းအုပ်ကြီး အပါအဝင် လေးယောက်လုံးကို အမြန်ဆုံးရှာဖွေတွေ့ရှိပြီး ကယ်တင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။
” ကျောင်းအုပ် ဆရာမကြီး အပါ လေးယောက်ဖမ်းခံရတယ် ဆိုတာ ဟုတ်ပါတယ် ။ ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာတော့ မသိပါဘူး ။ စစ်တပ်နဲ့ ရဲဘက်ကတော့ ကယ်နိုင်ဖို့ ရှာနေတယ် ။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း ကျွန်တော်တို့တော့ သေချာမသိဘူး ။ ” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်ကလည်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေခံပညာ အထက်ကျောင်းမှ ကျောင်းဆရာမ သုံးယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အထက်တန်းပြ ကျောင်းဆရာမ တယောက် နဲ့ အခြေခံပညာစာသင်ကျောင်းတွေက ကျောင်းဆရာမရှစ်ယောက်ကိုလည်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ် ။
နိုဝင်ဘာလ ၆ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၅)မှ အငယ်တန်း အင်ဂျင်နီယာ တယောက်ကို ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးသွားပါတယ်။
VOM မှ စုစည်းရရှိထားတဲ့ အချက်အလက်အရဆိုရင် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက ဦးအောင်ခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေး နဲ့ညီမဖြစ်သူဒေါ်နှင်းရီ၊ ဒေါ်ခင်ပိုတို့ ရှစ်ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ် လို့သိရပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးသက်ဝေထွန်းဆိုသူကိုလည်း အောက်တိုဘာ ၃၁ ရက်နေ့က စလင်းမြို့နယ်ကနေ ဆင်ဖြူကျွန်းမြို့ကို ဆိုင်ကယ် နဲ့ သွားစဥ် လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – cj
