ရခိုင်ပြည်နယ်က စစ်ရှောင်တွေ စားဝတ်နေရေးကျပ်တည်းလာလို့ တောင်းရမ်းစားသောက်ရတဲ့အထိ ဖြစ်လာနေ

နိုဝင်ဘာ ၂၀ ၊ ၂၀၂၅
GG (VOM)
ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေမှာ စားဝတ်နေရေး ခက်ခဲကျပ်တည်းပြီး အငတ်ဘေးကြုံလာနေတာကြောင့် နီးစပ်ရာ ကျေးရွာတွေဆီ လှည့်လည်ပြီး တောင်းရမ်းစားသောက်ရ​တဲ့ အထိ ဖြစ်​​နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရတဲ့ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူတွေမှာ ဝင်ငွေရတဲ့ အလုပ်အကိုင် အတည်တကျမရှိတာ ၊ လုပ်ကိုင်နိုင်တဲ့ လူငယ်လူရွယ် မရှိသလောက်နည်းတာ ၊ အလုပ်အကိုင်ရှားလာတာ​တွေကြောင့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် တောင်းရမ်းစားသောက်ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင် နေရပ်စွန့်ခွာပြီး စစ်ရှောင်ရတာ ကြာမြင့်လာမှုနဲ့အတူ စစ်ရှောင်စခန်းတွေအနေနဲ့ အကူအညီ အထောက်အပံ့ ရရှိမှုတွေလည်း မရှိသလောက် လျော့နည်းလာတာကြောင့် စစ်ရှောင်ပြည်သူတွေမှာ စားဝတ်နေရေး အငတ်ဘေးကြုံတဲ့အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
” စစ်ရှောင်စခန်းတွေမှာ အလှူငွေရရှိမှုတွေ နည်းလာတော့ စစ်ရှောင်တွေအတွက် ခက်ခဲလာတယ် ။အရင်လို အပြည့်အဝ ကူညီနိုင်မှုတွေ နည်းသွားတယ် ။ အခက်အခဲတွေ ဖြစ်လာတယ်။ ပထမ စားဝတ်နေရေး ခက်ခဲတယ် ။ဒုတိယ ဆေးဝါး လိုအပ်ချက်ရှိတယ်။ စစ်ရှောင်တဲ့ကာလကလည်း ကြာပြီဆိုတော့ လိုအပ်ချက်က ပိုများလာတယ်။အဲဒီတော့ တချို့လည်း ရွာနီးစပ်ကို လိုက်တောင်းကြတော့ ဆန်အပါအဝင် စားစရာတွေ လှူကြပါတယ်။ ဖြစ်နိုင်ရင် ရခိုင်စစ်ရှောင်တွေအတွက် လှူပေးကြဖို့ တောင်းဆိုပါတယ် ။ ” လို့ ရခိုင်စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ မြို့နယ်အလိုက်မှာ လူဦးရေသောင်းနဲ့ချီရှိနေပြီး စစ်ရှောင်အားလုံးမှာ စားဝတ်နေရေးခက်ခဲကာ အကူအညီ အထောက်အပံ့တွေ အရေးတကြီး လိုအပ်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
” ဂွ ဆိုရင် အဓိက ရေလုပ်ငန်းနဲ့ အသက်မွေးကြတာလေ ။အခုကျတော့ ပင်လယ်ပြင်လည်း ထွက်ဖို့ခက်တော့ စစ်မရှောင်တဲ့ ဒေသခံတွေလည်း စားဝတ်နေရေး ခက်ခဲလာတယ် ။ စစ်ရှောင်တွေလည်း စားဝတ်နေရေး ခက်ခဲလာလို့ အကူအညီတွေ လိုအပ်နေပါတယ် ။ လှူဒါန်းမှုတွေရှိပေမယ့်လည်း စစ်ရှောင်ရတဲ့ကာလက ဘယ်တော့ပြီးမယ်ဆိုတာ မသိနိုင်အတွက် လိုအပ်ချက်က ပိုများပါတယ် ။ ” လို့ ဂွမြို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။
ဂွမြို့နယ်မှာ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူ အပါအဝင် စားဝတ်နေရေးခက်ခဲနေတဲ့ ဒေသခံ ဦးရေ ၈၀၀၀ နီးပါးရှိနေကြောင်း ဂွမြိုနယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ ရဲ့ ကောက်ခံထားမှု စာရင်းအရ သိရပါတယ် ။
စစ်ရှောင်ပြည်သူတွေရဲ့ အငတ်ဘေးပြဿနာကို ဖြေရှင်းဖို့အတွက် ဆန် နဲ့ ဆီ အဓိကလိုအပ်နေတာ​ကြောင့် စစ်ရှောင်အရေး ကူညီနေသူတွေက အလှူခံမှုတွေ ပြုလုပ်နေကြပါတယ်။
ငွေကြေး အလှူခံရရှိတဲ့အခါ ဆန်ကိုအဓိက ဝယ်ယူပြီး အိမ်ထောင်စုအလိုက် ဆန်ကို ခွဲဝေထောက်ပံ့ ပေးနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ မြို့၊ ရသေ့တောင် အပါအဝင် ရခိုင်နဲ့ ပဲခူးတိုင်းအစပ်​ ဒေသတွေ ၊ ရခိုင်နဲ့ မကွေးတိုင်းအစပ်က ဒေသတွေ ၊ ရခိုင်နဲ့ ဧရာဝတီတိုင်း အစပ်က ဒေသတွေမှာ AA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တွေ ၊ ကျောက်ဖြူ ၊ မာန်အောင် မြို့နယ်တွေကိုသာ အစိုးရတပ်တွေ ထိန်းချုပ်ထားပြီး ကျန်တဲ့ မြို့နယ်တွေကိုတော့ AA က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ စစ်ရှောင်နေရတဲ့ ပြည်သူ ရှစ်သိန်းလောက်ရှိကြောင်း နဲ့ စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း မရောက်ရှိတော့တာ ကြာပြီလို့ ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP အချက်အလက်အရ သိရပါတယ်။
နောက်ပြီး ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ နှစ်သန်းကျော်လောက် အငတ်ဘေးကြုံနိုင်ကြောင်းကိုလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ UNDP က အစီရင်ခံစာ
ထုတ်ပြန် သတိပေး ခဲ့ပါတယ်။
ဓာတ်ပုံ – ဂွမြိုနယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW