နိုဝင်ဘာ ၂၁၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါကနေ လားရှိုးဘက် အထွက် သီပေါတံတားပေါ်ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့ ကစ လမ်းလျှောက်ဖြတ်သန်းလို့ ရပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ခရီးသွားတွေတော့ မသိဘူး။ ဈေးဝယ်တဲ့သူတွေတော့ တံတားပေါ်ကနေ သွားလာနေကြတယ်။ ကားသမားတွေကလည်း ဘယ်ထိ ပို့လို့ ရသလဲတော့ မသိဘူး” လို့ သီပေါ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ခရီးသွားမယ့်သူတွေကတော့ နားမခေါ် – တာလုံ ဘက် လမ်းကနေ သွားကြပြီး တာလုံ ဇက်ဆိပ်မှာ ညအိပ် ရတယ်လို့ သူက ပြောပါတယ်။
“သီပေါတံတားကို လမ်းလျှောက်ဖြတ်ခဲ့တယ်။ သီပေါတံတား ကနေ လမ်းလျှောက်ဖြတ်လို့ ရတယ်။ လူပဲ သွားလို့ရတယ်။ ပစ္စည်း အများကြီး မရဘူး” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
တံတားထိပ်မှာ ပိတ်ထားတာတွေ မဖယ်ရှားရသေးသလို ဆိုင်ကယ်နဲ့လည်း သွားလို့ မရသေးဘူးလို့ သူက ပြောပါတယ်။
အရှေ့မြောက် နယ်စပ် ကုန်သွယ်ရာ လမ်းမ ပေါ်မှာ ရှိတဲ့ သီပေါတံတားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က MNDAA တပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့ တို့အကြား တွေ့ဆုံဆွေးနွေးမှု အဆင်မပြေလို့ သီပေါ တံတားကို နှစ်ဖက်တပ် အပြန်အလှန် ပိတ်လိုက်တာဖြစ်ပါတယ်။
လက်ရှိ လားရှိုး – မန္တလေး အဆင်း၊ အတက် ခရီးသွားပြည်သူတွေ အနေနဲ့ မိုင်းရယ်လမ်းကောင်း၊ နမ့်လန် လမ်းကြောင်း၊ နားမခေါ် – တာလုံ လမ်းကြောင်းတွေကို အသုံးပြုပြီး သွားလာနေကြရတာဖြစ်ပါတယ်။
Photo Crd# ဒေသခံ
