နိုဝင်ဘာ ၂၁၊ ၂၀၂၅။
NN(VOM)
တိုက်ပွဲတွေကြောင့် တနှစ်ကျော်ကြာ ပိတ်ထားရတဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြန်မာ့စီးပွား ရေးဘဏ်ကို ဒီကနေ့ နိုဝင်ဘာ ၂၁ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
အငြိမ်းစား ဝန်ထမ်းတွေရဲ့ ပင်စင်လစာကိစ္စတွေ အပါအဝင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို စတင် လုပ်ဆောင်ပေးနေပြီလို့ ရှမ်းပြည်နယ် မြန်မာ့စီးပွားရေးဘဏ် ဒုတိယ အထွေထွေမန်နေဂျာ ဦးအောင်မျိုး ထွန်းက ပြောပါတယ်။
“ကျွန်တော်တို့ ဝန်ထမ်း နှစ်ဆယ်နဲ့ ပြီးခဲ့တဲ့ လ ၂၀ ရက်နေ့မှာ သီပေါကို ရောက်ပြီးတော့ ဘဏ်လုပ် ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ လုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဘဏ် ပြန်ဖွင့်နိုင်ခဲ့ပါပြီ။ ဒီနေ့မှာတော့ ကျွန်တော်တို့ အငြိမ်းစား လစာထုတ်ပေးခြင်း လုပ်ငန်းတွေကို စတင် လုပ်ဆောင်ပေးပါတယ်” လို့ ပြောပါတယ်။
သီပေါအခြေစိုက် နိုင်ငံဝန်ထမ်းတွေ လစာထုတ်ပေးရေးနဲ့ နိုင်ငံအဝှမ်း ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း စတင် လုပ်ဆောင်ပေးနေပြီးလို့ ဦးအောင်မျိုးထွန်းက ပြောပါတယ်။
သီပေါမြို့ခံတွေဟာ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်တွေကို အဓိက လုပ်ကိုင်ကြတာဖြစ်ပါတယ်။
သီပေါမြို့မှာ ၁၀၂၇ တိုက်ပွဲကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်က တည်းက စီးပွားရေးဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် လုပ်ငန်းတွေ ရပ်နားသွားခဲ့ပါတယ်။
ဘဏ်တွေ ပိတ်သွားတဲ့အတွက် ပင်စင်စားတွေ၊ ဒေသခံတွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တစ်နှစ်နီးပါးကြာတဲ့အထိ ငွေကြေး လွှဲပြောင်းမှုလုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
“ဘဏ် ပြန်ဖွင့်တာက ကောင်းပါတယ်။ ငွေလွှဲဘာညာ နည်းနည်း အဆင်ပြေတာပေါ့။ တခြား ဘဏ် တွေလည်း လာဖွင့်ပေးရင် ကောင်းမယ်။ ဒီမှာ ဒီဘဏ် တစ်ခုနဲ့တော့ ရေရှည်ဆို သိပ်မလွယ်ဘူး ထင်တယ်” လို့ သီပေါမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
သီပေါမြို့ မြန်မာ့စီးပွားရေးဘဏ်ဟာ မြို့နယ်အဆင့် ဘဏ်ဖြစ်တဲ့အတွက် ငွေကြေး လွှဲပြောင်း၊ ထုတ်ယူရာမှာ အကန့်အသတ် မရှိဘူးလို့ ဘဏ်တာဝန်ရှိသူက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို အစိုးရတပ်က TNLA လက်ကနေ ပြန်လည် သိမ်းယူပြီးနောက်ပိုင်းမှာ အဲဒီမြို့တွေမှာရှိတဲ့ စီးပွားရေးဘဏ်တွေကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။
အလားတူ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ထံကနေ တပ်မတော်က ပြန်လွှဲယူထားတဲ့ လားရှိုးမြို့မှာလည်း မြန်မာ့စီးပွားရေးဘဏ်ကို ပြန်ဖွင့်ထားပါတယ်။
ဒါပေမယ့် အဲဒီမြို့တွေမှာ တခြား ပုဂ္ဂလိက စီးပွားရေးဘဏ်တွေကတော့ ပြန်လည် ဖွင့်နိုင်တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုံ CJ
ပုံစာ သီပေါမြို့ မြန်မာ့စီးပွားရေး ဘဏ်အား ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ် ပေးနေကြစဉ်
