အမေရိကန်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ် ရွေးချယ်ရခက်ခဲနေတယ်လို့ ဇီလန်စကီးပြော

ကိဗ်ယက်၊ နိုဝင်ဘာ-၂၂-၂၀၂၅
မျိုးဆက်(VOM)
ရုရှားနဲ့ စစ်ပွဲကို ဘယ်လိုအဆုံးသတ်ရမယ်ဆိုတဲ့ အမေရိကန်ရဲ့ အစီအစဉ်ကြောင့် ရွေးချယ်ရခက်ခဲနေပြီး ယူကရိန်းအနေနဲ့ အမေရိကန်ရဲ့ ထောက်ခံမှု ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
အလွန်ခက်ခဲသော ရွေးချယ်မှုတခုနဲ့ ရင်ဆိုင်ရနိုင်ပြီး- ဂုဏ်သိက္ခာ ဆုံးရှုံးခြင်း သို့မဟုတ် အဓိက မိတ်ဖက်တဦးကို ဆုံးရှုံးနိုင်ခြေ ရှိကြောင်း ဇီလန်စကီးက ပြောပါတယ်။ “ယနေ့ဟာ ကျွန်ုပ်တို့ရဲ့ သမိုင်းမှာ အခက်ခဲဆုံး အချိန်တွေထဲမှ တခုဖြစ်တယ်” လို့ သူက ဆိုပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် ပေါက်ကြားလာခဲ့တဲ့ အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်မှာတော့ ယူကရိန်း ယခင်က ပယ်ချခဲ့တဲ့ အဆိုပြုချက်တွေပါဝင်နေပြီး – နိုင်ငံ အရှေ့ပိုင်းဒေသတွေကို ရုရှားထံ ပေးအပ်ခြင်း၊ ယူကရိန်းစစ်တပ်အရွယ်အစားကို သိသိသာသာ လျှော့ချခြင်းနဲ့ နေတိုးအဖွဲ့မှာ မပါဝင်ဖို့ ကတိပြုခြင်းတို့ ပါဝင်နေပါတယ်။
ဒီအဆိုပြုချက်တွေဟာ ရုရှားဘက်ကို အလေးသာစေတယ်လို့ ရှုမြင်ရပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ အစီအစဉ်ဟာ ငြိမ်းချမ်းရေး အဖြေရှာဖို့အတွက် အခြေခံ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့ ငြိမ်းချမ်ရေးအစီအစဉ်ကို လက်ခံရရှိထားကြောင်းနဲ့ ဒါကို အသေးစိတ်မဆွေးနွေးရသေးဘူးလို့ ပူတင်က ပြောပါတယ်။ ရုရှားအနေနဲ့ အခြေအနေကို ပြောင်းလွယ်ပြင်လွယ် ဆန္ဒရှိပေမယ့် ဆက်လက်တိုက်ခိုက်ဖို့ကိုလည်း အသင့်ရှိတယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလေ‌ည်း ဇီလန်စကီးအနေနဲ့ အစီအစဉ်ကို လက်ခံရမယ်လို့ ပြောကြားခဲ့ပြီး မဟုတ်ပါက ယူကရိန်းနဲ့ ရုရှားတို့ ဆက်လက်တိုက်ခိုက်နေကြလိမ့်မယ်လို့ ပြောပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ လေကြောင်းကာကွယ်ရေးစနစ်တွေ အပါအဝင် အမေရိကန်လုပ် အဆင့်မြင့်လက်နက်တွေ အလွန်မှီခိုနေတဲ့အပြင် အမေရိကန်ရဲ့ ထောက်လှမ်းရေး အချက်အလက်တွေကိုလည်း ရယူနေရပါတယ်။
အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်အတွက် အမေရိကန်အပြင် မိတ်ဖက်အားလုံးနဲ့ တည်ငြိမ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဆိုပါတယ်။ ယူကရိန်းရဲ့ မဟာမိတ်တွေအနေနဲ့ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW