ဖားကန့်မှာ အင်ဂျင်ဝိုင်အဟောင်းချက်စက်ရုံက လို့ ယူဆရတဲ့ အနံ့ဆိုးတွေ ဒေသခံတွေ ဆိုးဆိုးဝါးဝါး ခံစားနေရ

ဖေဖော်ဝါရီ ၆၊ ၂၀၂၆
Shy V (VOM)
ဖားကန့်မှာ အင်ဂျင်ဝိုင်အဟောင်းချက်စက်ရုံက လို့ ယူဆရတဲ့ အနံ့ဆိုးတွေ ဇန်နဝါရီ ၅ ရက်နေ့ညနေပိုင်းကစ ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်ခန့်အထိ ဒေသခံတွေ ဆိုးဆိုးဝါးဝါး ခံစားရနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်တာ ဒီတခါ။ လူတွေ အဓိက ထိခိုက်တာကတော့ ကလေးငယ်တွေ မူးတာတွေ၊ မူးလဲတာတွေ ရှိတယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အနံ့ဆိုးက အင်ဂျင်ဝိုင်ဟောင်း ချက်စက်ရုံက စွန့်ပစ်တဲ့ ပစ္စည်း ရေထဲကို၊ ဥရုချောင်းထဲကို စွန့်ပစ်ရာကနေ နံတယ်လို့ ယူဆရပြီး အရင်ချိန်တွေတုန်းက သူတို့ ဘယ်လိုချက်သလဲဆိုတာကတော့ မသိဘူးလို့ သူက ပြောပါတယ်။
အနံ့ဆိုးကို ဆိပ်မူကျေးရွာတင်မကပဲ ဆန်းကြွယ်၊ ဖားပြင်၊ မမုံ၊ နမ့်မှော်၊ ဖားကန့်မြို့နယ်အတွင်း ရပ်ကွက်အချို့၊ လုံးခင်းဘက်အထိပါ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ပြောကြတာကတော့ ဒီအနံ့က နံနေကျ အနံ့မျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ချောင်းနဲ့ နီးတဲ့ ရပ်ကွက်တွေမှာ ပိုပြီး ပြင်းပြင်းထန်ထန် နံတယ်လို့ သိရပါတယ်။
“အနံ့က တကယ်နံတာပါ။ နံနေကျ အနံ့မဟုတ်ဘူး။ ချောင်းနဲ့နီးတဲ့နေရာတွေက ပိုခံရတယ်။ ဒီတစ်ခါလို ဆိုးဆိုးဝါးဝါး ဖြစ်တာတော့ မကြုံဖူးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံအများစုက ဒီအနံ့ဆိုးဟာ ဆိပ်မူရွာဟောင်းမှာရှိတဲ့ အင်ဂျင်ဝိုင်အဟောင်းချက်စက်ရုံက စွန့်ပစ်ပစ္စည်းတွေကို ဉရုချောင်းထဲ သွန်ချလိုက်ရာကနေ ဖြစ်လာတာလို့ ယူဆနေကြပါတယ်။
အနံ့ဆိုးထွက်ချိန်ဟာ ဖားကန့်ဒေသမှာ စစ်ရေးအခြေအနေ ပြင်းထန်နေချိန်၊ ဒရုန်းဝဲနေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေခဲ့တာကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်ခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ ဆိပ်မူရွာဟောင်းရှိ အင်ဂျင်ဝိုင်အဟောင်းချက်စက်ရုံက စွန့်ပစ်ပစ္စည်းတွေကို ချောင်းထဲ သွန်ချခဲ့တယ်လို့ ယူဆရတဲ့ ပိုင်ရှင်နဲ့ အစောင့်ကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒေသခံတချို့ကတော့ ဓာတု အဆိပ်ငွေ့ ကြဲခံရတာလို့ ယူဆနေကြီး တချို့ကတော့ အင်ဂျင်ဝိုင်အဟောင်းချက်စက်ရုံက စွန့်ပစ်ပစ္စည်းကြောင့် လို့ယူဆနေကြပါတယ်။
ဒေသခံတွေကတော့ ဖားကန့်တစ်နယ်လုံးကို ဒုက္ခပေးခဲ့တဲ့ ဒီလို လုပ်ရပ်မျိုးတွေကို တိတိကျကျ စုံစမ်းပြီး နောက်ထပ် မဖြစ်အောင် တင်းတင်းကျပ်ကျပ် အရေးယူဖို့ တောင်းဆိုနေကြပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW