ပေါက်မြို့နယ် တောင်ပိုင်းက ချက်ကန်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆
CC (VOM)
မကွေးတိုင်း ၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ၊ ချက်ကန်ရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မနက် ၁၀ နာရီလောက်ကစပြီး ၁၁ နာရီလောက်အထိ အစိုးရတပ်က လေကြောင်းကနေ ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တာ ​ဖြစ်ကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ်က ” လူဒါဇင်ချီ သေတယ်တော့ သိရတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်။ များတယ် သိရတယ်။ ကျန်တဲ့ အခြေအနေကတော့ မသိရသေးဘူး ။ ” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတဲ့ ချက်ကန်ရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ပေါက်မြို့နယ် တောင်ပိုင်းထဲက ကျေးရွာတချို့ဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေတယ်လို့ သိရပါတယ်။
ဒီကနေ့ ချက်ကန်ရွာ လေကြောင်းတိုက်ခိုက်မှုက ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေကိုသာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစိုးရတပ် ထောက်ခံသူတွေကတော့ ရေးသားပြောဆို နေကြပါတယ်။
ပေါက်မြို့နယ်မှာ တိုက်ပွဲတွေ ၊ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့အတူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့်လည်း ဒေသခံတွေ ထောင်နဲ့ချီပြီး ​ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရတယ်။
လက်ရှိ ပေါက်မြို့နယ်မှာ စစ်ရိပ်သန်းလာတဲ့ အခြေအနေကြောင့် သစ်ချိုကုန်းရွာ အပါအဝင် ကျေးရွာ ခြောက်ရွာက အိမ်ထောင်စု ၁၁၀၀၊ လူဦးရေ ၅၀၀၀ နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ထွက်လာတဲ့ အစိုးရစစ်ကြောင်းဟာ ပြည်သူ့စစ်တွေရှိရာ သစ်ချိုကုန်း ကျေးရွာကနေတဆင့် အနီးနားကရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသတွင်း လက်နက်ကိုင် တပ်တွေက သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီလို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်စက်ရုံထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုပါ ပြုလုပ်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစိုးရပြန်ကြားရေး တာဝန်ရှိသူတွေဘက်က သတင်းထုတ်ထားခြင်း မရှိသေးပါဘူး
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW