မိုးကုတ်မြို့နယ်အတွင်းက ကျေးရွာတွေကို အစိုးရတပ်က နယ်မြေဆက်ရှင်းနေ

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅
NN(VOM)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်းက PDF တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချောင်းကြီး၊ ဆပ်အင်း စတဲ့ကျေးရွာတွေကို အစိုးရတပ်ဘက်က ဒီနေ့အထိ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုရက်ပိုင်းမှာပဲ ဆပ်အင်းကျေးရွာကို တပ်မတော်က ထိန်းချုပ်ထားနိုင်ပြီး ချောင်းကြီးရွာဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မိုးကုတ်မြို့ခံ တွေက ပြောပါတယ်။
“ချောင်းကြီးဘက်ကတော့ အခြေအနေ မငြိမ်သေးဘူး။ ဆပ်အင်းရွာကို တပ်က ရသွားပြီလို သိရတယ်” လို့ မိုးကုတ်မြို့ခံ တယောက်က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အစိုးရတပ်မတော် စစ်ကြောင်းတွေ ရှိတဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မကြာခဏ ပစ်ခတ်နေတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ချောင်းကြီး၊ ဆပ်အင်း စတဲ့ကျေးရွာတွေက ဒေသခံ ရာနဲ့ချီပြီး မိုးကုတ်မြို့အရှေ့ပိုင်းမှာ လာရောက်တိမ်းရှောင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
“ချောင်းကြီးဘက်က လူတွေ စစ်တန်းရပ်ကွက်ထဲမှာ လာနေကြတယ်။ ဟိုအိမ်နည်းနည်း ဒီအိမ်နည်းနည်း စုနေကြတာပေါ့။ တချို့ကြတော့လည်း ပြင်ဦးလွင်ဘက် သွားကြတယ်” လို့ စစ်တန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာတော့ အစိုးရဌာနဆိုင်ရာတွေ ပြန်ဝင်ရောက်လာပြီး နောက်ပိုင်းမှာ ကျန်းမာရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။
“အဓိကတော့ မှတ်ပုံတင်တွေ ပြန်လုပ်ပေးနေတာ။ သွားလုပ်ကြတဲ့သူတွေ များတယ်။ တချို့ကလည်း ပျောက်ထားတာတွေရှိတော့ ပြန်လုပ်နေကြတာ” လို့ မိုးကုတ်မြို့ခံ တယောက်ကပြောပါတယ်။
အစိုးရဌာနဆိုင်ရာတွေ ပြန်ဝင်ပြီးနောက်ပိုင်း မြို့ခံအချို့လည်း နေရပ်ပြန် လာနေကြတယ်လို့ သိရပါတယ်။
မြို့တွင်း ကျောက်အရောင်းအဝယ်လုပ်ငန်းတွေတော့ ပုံမှန် လည်ပတ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
“ကျောက်ဈေးမှာတော့ လူစည်ပါတယ်။ အရောင်းအဝယ်ကတော့ ဖြစ်တဲ့ အခါလည်း ရှိတယ်။ ထမင်းစားဖို့တော့ ဖြစ်ပါတယ်။ တွင်းလုပ်ငန်းတွေတော့ ပိတ်ထားတယ်” လို့ မိုးကုတ်အရှေ့ပိုင်းမှာ နေထိုင်တဲ့ ကျောက်ကုန်သည် တယောက်က ပြောပါတယ်။
မြို့အတွင်းမှာတော့ နှစ်နဲ့ချီ ပြတ်တောက်ခဲ့တဲ့ ဖုန်းလိုင်းအချို့ ပြန်ရလာပြီလို့ မြို့ခံတွေကပြောပါတယ်။
မိုးကုတ်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
၁၀၂၇ တိုက်ပွဲကာလမှာ မိုးကုတ်မြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး တရုတ်အစိုးရ ညှိနှိုင်းပေးမှုကြောင့် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ အစိုးရတပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အခုနှစ်ဆန်းပိုင်းမှာ မိုးကုတ်မြို့ကို အစိုးရဌာနဆိုင်ရာတွေ ပြန်လည်ဝင်ရောက် နိုင်ခဲ့ပြီး မြို့တွင်းအုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နေသလို အစိုးရ တပ် ဘက်ကလည်း မိုးကုတ်မြို့ပတ်လည်မှာနယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW