ဖေဖော်ဝါရီ ၂၄ – ၂၀၂၆
SSS (VOM)
ရေ၊မီး၊မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ဆိုတဲ့ လူတွေရဲ့ ဘဝကိုဖျက်တတ်တဲ့ ရန်သူဟာ အရင်က ငါးပါးရှိရာက ခုခေတ်မှာ တပါးများတိုးလာသလားပေါ့ ။ မှန်ပါတယ် လူတွေရဲ့ အသက်နဲ့ စီးပွားဥစ္စာတွေကို ယူသွားတတ်တဲ့ ရန်သူလို့ သတ်မှတ်ရမယ့် ကျွဲပေါ်နေပါတယ်။ ဘာကျွဲလဲ ?
စာရေးသူ တရက် အပြင်သွားရင်း အိမ်တအိမ်ရှေ့မှာ လူတွေ ရုန်းစုရုန်းစု ဖြစ်နေကြတာကို တွေ့လိုက်ရပါတယ်။ မနေနိုင်၊ စပ်စုလိုစိတ်နဲ့ အနားတိုးသွားတော့…
“ကောင်လေးတယောက် သေသွားလို့”
“အသက်က ၂၇ နှစ်ပဲ ရှိသေးတယ်”
“သူ့ကိုယ်သူ (…) လုပ်သွားတာ” လို့ အဲဒီနားကလူတွေ အချင်းချင်း ပြောနေကြသံတွေ ကြားလိုက်ရပါတယ်။
“ဘာလို့များပါလိမ့်…”
သိချင်စိတ်က ထိန်းမရ ဖြစ်လာပါတယ်။ ဒါနဲ့ ဘေးနား ရောက်လာတဲ့ တယောက်ကို မေးကြည့်မိတော့…
“ကျွဲခတ်ခံရတာဗျို့…” လို့ သူက ပြောလာပါတယ်။
စာရေးသူအနေနဲ့ ဒီစကားကို ခုတလော ကြိမ်ဖန်များစွာ ရင်းရင်းနှီးနှီးကို ကြားနေရတာပါ။ သူပြောတဲ့ “ကျွဲခတ်တယ်” ဆိုတာက အွန်လိုင်းလောင်းကစား (ကျွဲဂိမ်း) ကို ဆိုလိုတာပါ။ ဒါကို တချို့ တချို့သောသူတွေလည်း ရင်းနှီးနှင့်ပြီးသား ဖြစ်ကြပါလိမ့်မယ်။
“ဒါဆို ဒီဂိမ်းကြောင့် အသက် ၂၇ နှစ်အရွယ် လူငယ်လေးတယောက် လူ့လောကကြီးကို နှုတ်ဆက်သွားပြန်တာပေါ့”
ခုနောက်ပိုင်းမှာ လူတွေကြား (အထူးသဖြင့်) လူငယ်တွေကြားမှာ အွန်လိုင်းလောင်းကစား ဂိမ်းကစားတာတွေ အတော်လေး မြန်မြန်ဆန်ဆန်ကို စိမ့်ဝင်ပျံ့နှံ့လာနေတာ တွေ့ရပါတယ်။ အဲဒီလို အွန်လိုင်းဂိမ်းတွေကြောင့် ငွေကြေးနဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားတာ၊ အကြွေးနွံနစ်ပြီး ဘဝ ပျက်စီးသွားတာတွေ လူမှုပတ်ဝန်းကျင်မှာ တဖြည်းဖြည်း များပြားလာနေတာပါ။ အဆိုးဆုံးကတော့ ကိုယ့်အသက်ကိုပြန်ပြီး ရန်ရှာတဲ့အထိ ဖြစ်လာကြတာပါပဲ။
လတ်တလော လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတခုအရလည်း အမျိုးသမီးတယောက်ဟာ ကျွဲဂိမ်းဆော့ရာကနေ အတွင်းပစ္စည်းတွေ အကုန်ဆုံးပြီး အကြွေးတွေ များလာတဲ့အတွက် ဘာမီတွန် ဆေးပြားတွေ အများကြီး သောက်ပစ်လိုက်တယ်လို့ သိရပါတယ်။ သူမရဲ့ အခက်အခဲတွေကို မိသားစုကိုလည်း မတိုင်ပင်ရဲ၊ ထွက်ပေါက်လည်း မတွေ့တော့တဲ့အဆုံးမှာ အခုလို ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဒုက္ခပေးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်စဉ်တွေမျိုး ဖြစ်နေတာဟာ တကြိမ်၊ နှစ်ကြိမ်တင် မကတော့ပါဘူး။
“အခုက လူငယ်၊ လူလတ်ပိုင်းတွေတင် မဟုတ်တော့ဘူး။ လူကြီးတွေကအစ ကျွဲဂိမ်းဆော့နေတာ။ အဘိုးကြီးတွေဆို မျက်မှန်တပ်ပြီး ရှယ်ဆော့နေတာ။ မြင်ဖူးတာပြောပြတာပါ။ ကျွန်တော့်အသိ လူလတ်ပိုင်း လင်မယားဆို ကွဲတဲ့အထိပဲ။ ပိုက်ဆံလိုလာလို့ မိန်းမဆီက တောင်းလို့မရရင် ခိုးတာ။ ကလေးရှေ့ရေးအတွက် စုထားတဲ့ ပိုက်ဆံတွေရော၊ ကလေး ကျန်းမာရေးကိစ္စ ဖြစ်လာရင် ဆိုပြီး အရေးပေါ်သုံးဖို့ စုထားတဲ့ ပိုက်ဆံတွေပါမချန် အကုန်ခိုးပြီး ဂိမ်းဆော့ပစ်တာ။ နောက်ဆုံး အကြွေးတွေပါ ပတ်လည်ဝိုင်းလာပြီး ဆပ်လို့မနိုင် ဖြစ်လာတော့ လင်မယား ကွဲတဲ့အထိပဲ” လို့ အသက် ၃၀ အရွယ် အမျိုးသားတယောက်က ပြောပါတယ်။
အွန်လိုင်းဂိမ်းတွေမှာ ကာစီနို၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးကစလို့ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးအထိ ရှိနေတာကို တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ ကိုရီးယား နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတခုဖြစ်တဲ့ စကွစ်ဂိမ်းတွေကိုပါ လောင်းကြေးထပ် ဆော့ကစားလို့ ရနေတာကို တွေ့ရပါတယ်။ အဆော့များတဲ့ ဂိမ်းအက်ပလီကေးရှင်းတွေကတော့ အဘိုးကြီးဂိမ်း၊ သမီးတော်ဂိမ်း၊ ခြောက်ကောင်ဂျင်၊ ချိုချဉ်ဂိမ်း၊ ကျွဲဂိမ်း၊ တောင်ပေါ်သား ရှမ်းကိုးမီး၊ Blue Ocean, Best Man, Ligh 22, M9 စလော့ စတာတွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဂိမ်းတွေထဲက လတ်တလော ရေပန်းအစားဆုံး ဖြစ်နေတာကတော့ ကျွဲဂိမ်းပါပဲ။ စလော့ဂိမ်းကစားနည်းပေါင်း မြောက်များစွာထဲကမှ ကျွဲဂိမ်း ကစားနည်းကို လက်ရှိမှာ လူတန်းစား အလွှာမရွေး စွဲစွဲလန်းလန်း ကစားနေကြတာကို တွေ့ရပါတယ်။
ငွေ ၁၀၀၀ ကျပ်ကနေ အစပြုပြီး ကျွဲဂိမ်း ဆော့ဝဲလ်ထဲ ငွေဖြည့်သွင်းကာ ကစားလို့ရတဲ့အထိ ကျားဖြန့်တို့ရဲ့ အောက်ခြေအဆင့်ထိဆင်းပြီး ဖြန့်ကျက် လိမ်လည်နိုင်တဲ့အားက ကောင်းလှပါတယ်။ ကျွဲဂိမ်းဟာ လူကြိုက်အများဆုံး ကစားနည်းဖြစ်ပြီး လူအတော်များများကို ဒုက္ခအပေးနိုင်ဆုံးသော ဂိမ်းကစားနည်းတခု ဆိုရင်လည်း မမှားပါဘူး။
အွန်လိုင်း လောင်းကစားတွေရဲ့ အက်ပလီကေးရှင်း အများစုဟာ တရုတ်နိုင်ငံက ရေးဆွဲထားတာဖြစ်ပြီး အဲဒီဘက်မှာပဲ အထိုင်ချတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာတော့ လက်ခွဲကိုယ်စားလှယ်တွေပေးပြီး ကစားမယ့်သူကို ရှာစေတာဖြစ်တယ်လို့ အဲဒီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
အွန်လိုင်း လောင်းကစားဂိမ်းတွေဟာ အစပိုင်းမှာ ထိုးသားကို ပေးလျော်လေ့ ရှိပေမယ့် နောက်ပိုင်းမှာ ထိုးသား အနိုင်ရတဲ့ပမဏ နည်းသွားပြီး အရှုံးများစေဖို့ စီမံထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဂိမ်းတွေရဲ့ ဆာဗာတွေကို ပိုင်ရှင်ကနေ ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အွန်လိုင်းလောင်းကစား အက်ပလီကေးရှင်းတွေက ကစားတဲ့သူရဲ့ စိတ်ကို ဖတ်နိုင်တဲ့အထိ အဆင့်မြင့်ကြတယ်လို့လည်း ဆိုပါတယ်။
“အဲဒီ အက်ပလီကေးရှင်းတွေက ဘယ်အချိန်မှာ ဘယ်လိုထိုးကြွေးရမယ်၊ ဘယ်အချိန်မှာ ဘယ်လို အနိုင်ယူရမယ်ဆိုတာ တိတိကျကျ စီမံခန့်ခွဲနိုင်တယ်” လို့ သူက ပြောပါတယ်။
ဆော့ကစားသူတွေဟာ “ရေမျော ရေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုသလို ဆော့ကစားရင်းကနေ အချီကြီး ရှုံးသွားသူတွေလည်းရှိနေတယ်လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။ ငွေလိုတဲ့အတွက် ဒုစရိုက်လောကထဲ သက်ဆင်းသွားရတဲ့ သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒီရဲ့ အကျိုးဆက်က ဓားပြတိုက်၊ လူသတ်၊ လုယက်တာမျိုးအထိ ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
လက်ရှိ နိုင်ငံအခြေအနေဟာ အလုပ်အကိုင်တွေ ခက်ခဲ ရှားပါးလွန်းတဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။ တနေ့ထက်တနေ့ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မမျှတတာတွေလည်း ဖြစ်နေတာပါ။
ဒါကြောင့် ဒီအချိန်မှာ တချို့ တချို့သော လူတွေဟာ လောင်းကစားကို ထွက်ပေါက်တခုလို၊ ရပေါက်ရလမ်းတခုလို မြင်လာကြတာ တွေ့ရပါတယ်။ လောင်းကစားကပေးတဲ့ မက်လုံးတွေကြောင့်လည်း အမှားနဲ့ အမှန် ခွဲခြားနိုင်စွမ်း မရှိကြတော့ပါဘူး။
မိသားစုတစုမှာ လောင်းကစားသမားတယောက် ရှိရင် မျိုးဆက်သုံးဆက်အထိ ဆင်းရဲတတ်တယ်လို့ လေ့လာ မှတ်သားရပါတယ်။ အွန်လိုင်းလောင်းကစားတင် မဟုတ်ပါဘူး။ ဘယ်လို လောင်းကစားမျိုးမဆို ငွေကုန်ရုံတင်မက လူတယောက်ရဲ့ စိတ်ဓာတ်နဲ့ အသက်ကိုပါ ဝါးမျိုသွားနိုင်တဲ့ အဆိပ်အတောက်တခု ဖြစ်ပါတယ်။
အိမ်ပိုင်ယာပိုင်ကနေ အိမ်ငှားပြီးနေရတဲ့ ဘဝအထိ ရောက်သွားကြသူတွေလည်း ရှိနေသလို ကုမ္ပဏီကငွေတွေကို အလွဲသုံးစားပြုကာ ကျွဲဂိမ်းဆော့ပစ်လိုက်လို့ ထောင်ထဲရောက်၊ ဘဝပျက်သွားကြတဲ့သူတွေလည်း ရှိနေပါတယ်။
ဒါကြောင့် လောင်းကစားကိစ္စတွေကို အပျော်သဘောအဖြစ်နဲ့တောင် မစမ်းသပ်သင့်ပါဘူး။ အပျော်ကနေ ဘဝတွေပျက်ရတဲ့အထိ ဖြစ်သွားနိုင်တာကြောင့်ပါ။ ငွေကြေးဆုံးရှုံးမှု၊ အကြွေးတင်မှုအပြင် မိသားစု ပြိုကွဲရတဲ့အထိ ဖြစ်နေကြတာတွေကလည်း ဒုနဲ့ဒေး တွေ့နေ၊ ကြားနေရပါတယ်။ ဘဝများစွာ ကြွေလွင့် ပျက်စီးနေကြရတာလည်း ဖြစ်ပါတယ်။
အလွယ်တကူ ငွေရနိုင်တယ် ဆိုတဲ့ လှည့်စားမှုနောက်ကို လိုက်မိရာကနေ ကစားနေရင်း မိမိပိုင်ဆိုင် ငွေကြေးတွေ မရှိတော့တဲ့အခါ မိမိအပေါ် ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှုကိုလည်း မျက်ကွယ်ပြုလာတတ်ကြပါတယ်။ ငွေကြေး အလွှဲသုံးစား ပြုလုပ်ဖို့ ဝန်မလေးတတ်ကြတော့ပါဘူး။ တချို့သော အိမ်ထောင်ဦးစီးတွေဆို မိသားစုအရေး၊ မိမိရဲ့ သားသမီးရှေ့ရေးကိုတောင် ငဲ့ကွက်နိုင်ခြင်း မရှိတော့တဲ့အထိ အသိဉာဏ် အမှောင်ဖုံးသွားတတ်ကြတာကိုလည်း တွေ့နေရပါတယ်။
လူတယောက်အတွက် မိမိရဲ့ မိသားစု၊ မိမိရဲ့ အသက်ထက်အရေးကြီးတာ ဘာမှမရှိပါဘူး။ ဘယ်လောက်ပဲ ကြီးမားတဲ့ အမှားမျိုး လုပ်မိပါစေ၊ ကိုယ့်ကြောင့် ကွက်လပ်ဖြစ်သွားမယ့် မိသားစုထဲက နေရာတခုအတွက် အချိန်မနှောင်းခင် ပြန်ငဲ့ကြည့်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကျွဲခတ်ခံရတဲ့ဘဝတွေ အခုထက်ပိုပြီး များမလာဖို့အရေး ရန်သူတော် တပါးတိုးနေတယ်လို့သတ်မှတ်ပြီး ဝေးဝေးကရှောင်နိုင်ရန် အသိပေး ရေးသားလိုက်ရပါတယ်။
Photo –
