မတ် ၃ – ၂၀၂၆
SS (VOM)
မနေ့ မတ်လ ၂ ရက်မှာ သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီး အကျဉ်းသားတွေကို အစိုးရက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနေတာမှာ လူသိများတဲ့ထဲက NLD အစိုးရလက်ထက်က ဝန်ကြီးဦးမင်းသူ၊ ဒေါက်တာမျိုးအောင်နဲ့ ဒေါ်မိုးမိုးစုကြည် အပါအဝင် နှစ်ရှည်အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ပါတီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
တပေါင်းလပြည့်နေ့နဲ့ မနေ့ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (ည) နဲ့ ပုဒ်မ ၅၂ (က) အရ ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇၃၃၇ ယောက်ကို လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် အဲဒီ ပုဒ်မတွေနဲ့ ထွက်ပြေး တိမ်းရှောင်နေသူ ၁၂၄၈၇ ယောက်ရဲ့ အမှုပေါင်း ၉၅၃၂ မှုကိုလည်း ပိတ်သိမ်းလိုက်ပြီး တခြားအကျဉ်းသား၊ အကျဉ်းသူ ၂၈၂၅ ယောက်ကိုလည်း လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က “ဒီနေ့ လွှတ်တဲ့ဟာကတော့ တော်တော်လေးကို အံ့ဩစရာကောင်းပါတယ်။ အဲဒီလောက်ကြီး အဲဒီလိုမျိုးလူတွေ လွတ်လာမယ်လို့ မထင်ဘူးပေါ့နော်။ NLD က CEC ပုဂ္ဂိုလ်တွေလည်း ပါတယ်ဆိုတော့။ ဒါက တော်တော်လေးကို ထူးထူးခြားခြား နိုင်ငံရေးအကျဉ်းသား တော်တော်များများ လွတ်လာတယ်ပေါ့။ ဆိုတော့ ကျွန်တော် စဉ်းစားတာကတော့ တခါတည်း တပြိုင်နက်တည်းတော့ အကုန်လုံး လွတ်လာမယ်မထင်ဘူး။ ဒါပေမယ့် မျှော်လင့်ကြည့်တာကတော့ ဒီလိုမျိုးပဲ ဖြည်းဖြည်းချင်း လွှတ်သွားလိမ့်မယ်လို့ မျှော်လင့်တယ်။ လွှတ်လည်း လွှတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
မနေ့က လွတ်ငြိမ်းမှာ ပြန်လည် လွတ်မြောက်လာတဲ့ ဦးမင်းသူဟာ NLD အစိုးရလက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်ပြီး ဒေါက်တာမျိုးအောင်ကတော့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (CEC) လည်းဖြစ်သလို နေပြည်တော် မြို့တော်ဝန်ဟောင်းလည်းဖြစ်ကာ လက်ရှိမှာတော့ မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်ကနေ လွတ်မြောက်လာကြပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါက်တာမျိုးအောင်ကို အဂတိလိုက်စားမှု ငါးမှုနဲ့ ၂၀၂၂ ခုနှစ်က အမှုတခုကို ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး ဦးမင်းသူကိုတော့ ပုဒ်မ ၁၃၀ (က)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ခြေချုပ် ပုဒ်မ ၁၀၇ အပါအ၀င် ပုဒ်မများစွာနဲ့ ထောင်ဒဏ် ၈ နှစ်၊ ၆ လ ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါ်မိုးမိုးစုကြည်လည်း အင်းစိန်ထောင်ကနေ လွတ်မြောက်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်မိုးမိုးစုကြည်ဟာ ဖမ်းဆီးခံရပြီးနောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် လှူဒါန်းထားတဲ့ ငွေကျပ်သိန်း ၆၀ ကျော်ကို ကိုယ်ကျိုးသုံးစွဲခဲ့တာကြောင့်လို့ ဆိုကာ အဂတိမှုနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုလို နှစ်ရှည် အကျဉ်းသားတွေ လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းက “ကျွန်တော် ထင်တာကတော့ ဒီတခေါက်ပြီးလို့ နောက် လွှတ်တော်တွေခေါ်ပြီး အစိုးရတွေဘာတွေများ ဖွဲ့ပြီးရင်၊ သင်္ကြန်ပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့လောက်မှာများ ကြီးကြီးမားမား ထပ်လွှတ်ဦးမလား ဆိုပြီးတော့ မျှော်လင့်မိသေးတယ်။ လွှတ်ပေးမယ်လို့တော့ ကျွန်တော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးဝင်းထိန်တို့လည်း လွှတ်ပေးကောင်း လွှတ်ပေးလာနိုင်တယ်။ တခုတော့ ရှိတာပေါ့လေ၊ သူတို့ဘက်က စဉ်းစားကြည့်တဲ့ အခါကျတော့လည်း သူတို့က လုံခြုံရေးကို ဦးစားပေးပြီး ဒီလိုမျိုး ကြံဆတယ်လို့ပဲ ယူဆပါတယ်။ ကျွန်တော့် အထင်တော့ လွှတ်ပေးလာနိုင်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် မနေ့က လွတ်မြောက်လာသူတွေထဲမှာ ၈၈ ငြိမ်းပွင့်အဖွဲ့ဝင် ဦးဇော်ဝမ်းမောင်အပြင် လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းလည်း ပါဝင်ပြီး အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့မှ ဦးဇော်ဝမ်းမောင်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က)၊ ၁၇/၁ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်က လွတ်ရက်စေ့ခဲ့တာ ဖြစ်ပေမယ့် ၅၀ (ည) နဲ့ ထပ်မံ တရားစွဲဆိုခဲ့ပြီးနောက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မမှူးရတနာခက်မို့မို့ထွန်းဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က နဲ့ ထောင်ဒဏ် ၃ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါအပြင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဖြစ်သူ မဆုရည်လင်း (ခ) လင်းလင်း၊ ၎င်းရဲ့ အဒေါ်ဖြစ်သူ ဒေါ်နီမိုလှိုင်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) မှ ဒုတိယဥက္ကဋ္ဌ ကိုထက်ပိုင်စိုးနဲ့ မနွေးရတီတိုးတို့လည်း ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် အထွေထွေ အတွင်းရေးမှူးဟောင်း (အပတ်စဉ် – ၁၅) မှ ကျောင်းသားဟောင်း ကိုဟိန်းထက်ဝေယံကိုလည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။
မဆုရည်လင်းဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က၊ ပုဒ်မ ၄၂၀ – က၊ ၄၆၈ တို့နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသူဖြစ်ကာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ကိုထက်ပိုင်စိုးနဲ့ မနွေးရတီတိုးတို့ကတော့ ပုဒ်မ ၅၀ (ည) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုဟိန်းထက်ဝေယံကိုကတော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်မှာ ဘားအံမြို့နယ် တရားရုံးက ပုဒ်မ ၅၂ (က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
