မတ် ၁၁ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း ဝင်ပေါက်လမ်းဖြစ်တဲ့ အမ်း – ပဒါန်းလမ်းပိုင်းက နတ်ရေကန်ဗျူဟာကုန်းမှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ မတ် ၁၀ ရက်နေ့ကစပြီး ကမ္ဘာလုံးဗျူဟာကုန်း (ခေါ်) နတ်ရေကန်ဗျူဟာကုန်းရဲ့ ပင်မစခန်းကို AA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး အစိုးရတပ်ဘက်လည်း လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့ တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
“အဲဒီဗျူဟာကုန်းက လေကြောင်းရန် ကာကွယ်ရေး ပင်မစခန်းပေါ့။ မကွေးတိုင်းထဲက ကပစ (ကာကွယ်ရေးပစ္စည်း) စက်ရုံတွေရဲ့ ခံစစ်စခန်းတခု၊ နောက်ဆုံးအဆင့် တောင်ကုန်းလည်းဖြစ်တယ်။ အဲဒီဗျူဟာကုန်းကို AA က လက်နက်ကြီး၊ ဒရုန်းတွေသုံးပြီး ထိုးစစ်ဆင်နေတာ။ ဒီစခန်း ထပ်မပေးရရေးအတွက် အစိုးရတပ်ဘက်ကလည်း ခံစစ်ပြင်ပြီး အပြင်းအထန် ကာကွယ်နေပါတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အစိုးရတပ်ဟာ ဗျူဟာကုန်း မကျစေရေးအတွက် လေကြောင်းပစ်ကူအပြင် ပဒါန်းမြို့နယ်အခြေစိုက် အမှတ် (၉၀၅) အမြောက်စခန်း ကွပ်ကဲမှု ဌာနချုပ်ကနေလည်း လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် နတ်ရေကန်ရဲ့ အရှေ့မြောက်ဘက်နဲ့ အရှေ့တောင်ဘက်ရှိ ပဇီရွာ၊ ဂုတ်ကြီးရွာတို့ဘက်ကလည်း မြေပြင်စစ်ကြောင်းနဲ့ စစ်ကူပေးနိုင်ဖို့ ကြိုးစားနေပေမယ့် AA ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“AA က နတ်ရေကန်က ကာကင်းစခန်းတွေ အကုန်လုံးကို သိမ်းပြီးပြီ။ အခု ပင်မဗျူဟာကုန်းကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်။ ကာကင်းတွေအားလုံး ပေးလိုက်ရတော့ အစိုးရတပ်က အခု လေကြောင်းကနေ အမတ – ၉၀၅ ထဲကို လက်နက်ခဲယမ်းနဲ့ အင်အားတွေ ဆက်တိုက်ပို့ပြီး အဲဒီမှာ ခံစစ်ပြင်ထားတယ် သိရတယ်။ အခုကတော့ AA က မနားတမ်း ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲက ဆက်တိုက် ရှိနေပါတယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
AA ပူးပေါင်းတပ်တွေဟာ နတ်ရေကန်တောင် ထိုးစစ်ကို အခု မတ်လ လဆန်းပိုင်းကစပြီး ပြန်လည် စတင်ခဲ့တာဖြစ်ပြီး နတ်ရေဗျူဟာရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းအထိ သိမ်းယူထားနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ နတ်ရေကန်ဗျူဟာ၊ ပဇီရွာနဲ့ ဂုတ်ကြီးရွာတို့ရှိ အစိုးရတပ် စခန်းတွေကို AA က ဝိုင်းဝန်း ပိတ်ဆို့ထားတဲ့အတွက် အစိုးရတပ်ဘက်က လေကြောင်းကနေသာ ရိက္ခာနဲ့ ခဲယမ်းတွေ ချပေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
နတ်ရေကန်ဗျူဟာထဲမှာ တောင်ထိပ်ဒေသ စိုထိုင်းစမြင့်မားတဲ့အတွက် ရေဒါကို ပျက်စီးမှုကနေ ကာကွယ်နိုင်ဖို့ ကမ္ဘာလုံးပုံစံ မြူကာစနစ် (Fiberglass Radome) အသုံးပြုထားတာ ဖြစ်တယ်လို့ သိရပြီး စခန်း တိုက်ခိုက်ခံရပြီးနောက် အစိုးရတပ်က ရေဒါကို ဖြုတ်သိမ်းထားကာ အဆောက်အအုံကိုတော့ ဘန်ကာအနေနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Photo – CJ
