မတ် ၁၁ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ရေး အခြေအနေကြောင့် ဒေသခံ တသောင်းနီးပါး တောတောင်တွေထဲ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဝက်လက်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရှောင်ကာလ သုံးလကျော် ကြာမြင့်လာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်ရှောင်တွေက တောတောင်တွေထဲ ဖြစ်သလို နေထိုင်နေကြရတာ။ အမိုးအကာတွေလည်း မရှိကြဘူး။ စားစရာမရှိ၊ ရေတောင် သောက်စရာမရှိ ဖြစ်နေကြပြီ။ အခုက ကူမယ့် အလှူရှင်တွေလည်း အရင်လို အားသွန်ခွန်စိုက် မကူနိုင်ကြတော့ဘူး။ အကုန်လုံးက လက်ပန်းကျတဲ့ ပုံစံမျိုး ဖြစ်နေကြပြီ။ အလှူရှင် ရှားပါးလာတဲ့ အခြေအနေမှာ ဒီ စစ်ရှောင်တွေကို ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့က စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကတော့ အများကြီးပါပဲ” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူက ပြောပါတယ်။
လက်ရှိမှာ ဝက်လက်နယ်၊ ဧရာဝတီ မြစ်ရိုးတလျှောက်ရှိ သစ်ဆိမ့်၊ ငါးပန်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေကမိုး၊ မင်းရွာတောင်၊ သရက်ကြီး၊ ရေလည်မော်၊ ကမ်းဖြူ၊ ရွာသာ၊ ရွာသစ်၊ နတ်မှော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ် အစရှိတဲ့ ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခသက်တမ်းကလည်း ကြာလာပြီဆိုတော့ အခုချိန်မှာ အလှူရှင်တွေ တဖြည်းဖြည်း နည်းလာတယ် ဆိုတာကလည်း သဘာဝတော့ ကျပါတယ်။ ဒါပေမယ့်လည်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အချင်းချင်း ရိုင်းပင်း ကူညီတဲ့အနေနဲ့ နိုင်သလောက်အားနဲ့ ပါဝင် ကူညီပေးကြပါဦးလို့ပဲ အားနာနာနဲ့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ဒီကနေ့ မနက်ပိုင်းကလည်း သစ်ဆိမ့်ရွာ အနီးဝန်းကျင်မှာ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သစ်ဆိမ့်ရွာမှာ တပ်စွဲထားတဲ့ အစိုးရစစ်ကြောင်းက အနီးဝန်းကျင်ရှိ ကျေးရွာတွေအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်လာတဲ့အတွက် ဒေသတွင်း လက်နက်ကိုင်တပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သစ်ဆိမ့်ရွာကို အစိုးရတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သိမ်းယူခဲ့တာဖြစ်ပြီး လက်ရှိမှာ ဝက်လက်နယ်နဲ့ ထိစပ်နေတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကိုပါ ပိတ်ဆို့ထားသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း ဝက်လက်နယ်၊ ကမ်းဖြူရွာမှာ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် တယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နွား သုံးကောင် သေဆုံးခဲ့ပြီး ကား နှစ်စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဝက်လက်နယ်အပြင် စစ်ကိုင်းတိုင်းအတွင်းက ဘုတလင်၊ ဆားလင်းကြီး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး အစရှိတဲ့ မြို့တွေအပါအဝင် တခြားသော မြို့နယ်တချို့မှာလည်း စစ်ရေး ပြင်းထန်နေတယ်လို့ သိရပါတယ်။
Photo – CJ
