ဘန်ကောက် မတ်လ ၁၂-၂၀၂၆
MT(VOM)
ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရကြောင်း ထိုင်းရေတပ် အတည်ပြုပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောပစ်လက်နက်တွေနဲ့ အပစ်ခံရပြီးနောက် သင်္ဘောသား ၃ ဦး ပျောက်ဆုံးနေတယ်လို့ ထိုင်းဘက်က ပြောပါတယ်။ထိုင်းနိုင်ငံသားပိုင် Mayuree Naree ကုန်တင်သင်္ဘောရဲ့ ကိုယ်ထည်နဲ့ အပေါ်ပိုင်းတွေမှာ မီးခိုးအမည်းရောင်တွေ အလိပ်လိုက် ထွက်နေတာကို ဓာတ်ပုံတွေမှာ တွေ့ရပြီး ရေထဲမှာလည်း အသက်ကယ်လှေတွေ မျောနေတာကို မြင်တွေ့ရပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေတဲ့ ထိုင်းကုန်တင်သင်္ဘောတစ်စီးဟာ ဗုဒ္ဓဟူးနေ့ (မတ်လ ၁၁ ရက်) က တိုက်ခိုက်ခံခဲ့ရပြီး အခုအချိန်အထိ သင်္ဘောသား ၂၀ ကို ကယ်တင်ထားနိုင်ပြီလို့ ထိုင်းရေတပ်က ပြောပါတယ်။
ထိုင်းတော်ဝင်ရေတပ်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ထိုင်းမှတ်ပုံတင်ထားတဲ့ Mayuree Naree သင်္ဘောရဲ့ ကိုယ်ထည်နဲ့ အဆောက်အအုံပိုင်းတွေကနေ မီးခိုးအမည်းကြီးတွေ ထွက်နေတာကို တွေ့ရသလို၊ ပင်လယ်ထဲမှာလည်း အသက်ကယ်ဖောင်တွေ မျောနေတာကို တွေ့ရပါတယ်။
အဆိုပါသင်္ဘောဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က Khalifa ဆိပ်ကမ်းကနေ ထွက်ခွာလာပြီးနောက် “ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတုန်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်” လို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
”တိုက်ခိုက်ခံရတဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဘာကြောင့် တိုက်ခိုက်ခံရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်” လို့လည်း ဆက်ပြောထားပါတယ်။
အိုမန်ရေတပ်က သင်္ဘောသား ၂၀ ကို ကယ်တင်ပေးထားပြီး “ကျန်နေသေးတဲ့ သင်္ဘောသား ၃ ဦးကို ကယ်တင်နိုင်ဖို့အတွက်လည်း အခုလောလောဆယ် ကြိုးပမ်းနေကြပါတယ်” လို့ ဆိုပါတယ်။
ထိုင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ သင်္ဘောသားတွေဟာ သင်္ဘောကို စွန့်ခွာပြီး အသက်ကယ်လှေနဲ့ ထွက်လာခဲ့ကြတာဖြစ်ပြီး သူတို့ကို အိုမန်ရေတပ်က ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောရဲ့ ပဲ့ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သင်္ဘောသား ၃ ဦး အလုပ်လုပ်နေတဲ့ အင်ဂျင်ခန်းထဲမှာ မီးလောင်ခဲ့တာလို့လည်း သိရပါတယ်။
အဆိုပါသင်္ဘောဟာ ထိုင်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Precious Shipping ပိုင်ဆိုင်တာဖြစ်ကြောင်း ထိုင်းရေတပ်က အတည်ပြုပါတယ်။
ကုမ္ပဏီဘက်ကလည်း ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၃ ဦးကို ကယ်တင်နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ကယ်တင်ထားပြီးဖြစ်တဲ့ သင်္ဘောသား ၂၀ ကတော့ ဘေးကင်းလုံခြုံစွာနဲ့ အိုမန်နိုင်ငံ ကမ်းခြေကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် သင်္ဘောဟာ သင်္ဘောပစ်လက်နက် (Projectiles) နှစ်ခုနဲ့ အပစ်ခံခဲ့ရတာလို့လည်း ကုမ္ပဏီက ဖြည့်စွက်ပြောကြားပါတယ်။
အီရန်နိုင်ငံဟာ သူတို့ရဲ့ ရေနံတင်ပို့တဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ဟော်မုဇ်ရေလက်ကြားက သင်္ဘောသွားလာရေးလမ်းကြောင်းတွေကို ခြိမ်းခြောက်နေတာကြောင့် ကမ္ဘာ့စွမ်းအင်စီးပွားရေးကို အကျပ်အတည်းဖြစ်စေပါတယ်။
ဒီဖြစ်ရပ်ဟာ ဗုဒ္ဓဟူးနေ့က ပင်လယ်ကွေ့ထဲမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗြိတိန်ရေကြောင်း ကုန်သွယ်မှုစင်တာ (UKMTO) က သတင်းထုတ်ပြန်ထားတဲ့ ကုန်သွယ်ရေးသင်္ဘော ၃ စီးထဲက တစီး ဟုတ်မဟုတ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
သင်္ဘောခြေရာခံ ဝက်ဘ်ဆိုက်တွေရဲ့ အဆိုအရ Mayuree Naree သင်္ဘောဟာ အိုမန်ကမ်းလွန် ဟော်မုဇ်ရေလက်ကြားထဲမှာ ရှိနေပြီး တစ်နာရီကို ရေမိုင် ၁ မိုင်နှုန်းလောက်နဲ့ အင်မတန်နှေးကွေးစွာ ရွေ့လျားနေတာကို တွေ့ရပါတယ်။
ဒီကုန်တင်သင်္ဘောဟာ အလျား ၁၇၈ မီတာရှည်ပြီး အလေးချိန် တန်ချိန် ၃၀,၀၀၀ ရှိကာ အိန္ဒိယနိုင်ငံ၊ Kandla ဆိပ်ကမ်းကို ဦးတည်မောင်းနှင်နေတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
AFP သတင်းဌာနအနေနဲ့ ဘန်ကောက်မှာရှိတဲ့ ကုမ္ပဏီကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ချက်ချင်း အကြောင်းပြန်ချက်တော့ မရရှိသေးပါဘူး။
Source: Reuters and CNA
