မတ် ၁၈ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ဖားကန့်ဒေသရှိ မှော်စီစာရပ်ကွက်က စိန်စိန်ကျင်း လုပ်ကွက်ဟောင်းပြိုကျပြီး ကုမ္ပဏီဝန်ထမ်း ငါးယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဥ်က မတ်လ ၁၇ ရက်နေ့ညနေ ၃ နာရီလောက်မှာ စိန်စိန်လုပ်ကွက်ဟောင်းထဲက မြေစာပုံ ပြိုကျခဲ့ရာကနေ လူငါးယောက်ပါသွားခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ အဆိုပါ ငါးယောက်ရဲ့ ရုပ်အလောင်းတွေကို တူးဖော်ရရှိထားပြီဖြစ် တယ်လို့ သိရပါတယ်။
” ရေမဆေးသမားတွေ မဟုတ်ဘူး ။တူးနေတဲ့လုပ်ကွက်က ကျင်းသားတွေသေတာပါ။ ညနေကတည်းက ငါးယောက်ရှာတွေ့ထားတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ မြေစာပုံပြိုကျမှုအတွင်း သေဆုံးသူတွေထဲက လေးယောက်ရဲ့ မိသားစုနဲ့အဆက်အသွယ်ရရှိထားပြီး ကျန်တယောက်ရဲ့ မိသားစုဝင်တွေ နဲ့တော့ အဆက်သွယ်မရရှိသေးဘူးလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၉ နာရီကျော်လောက်ကလည်းဖားကန့် ၊ ကုဋေမှော် အဲဗားမှာ မြေစာပုံပြိုကျပြီး လူ ၂၀ လောက် ပါသွားမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၄ ရက်ကလည်း ဖားကန့်ဒေသရှိကုဋေလုပ်ကွက်ဟောင်းတခုမှာ လက်ကျင်းတူးရာမှ ခြေချော်ကျပြီး အမျိုးသားတယောက် ရေနစ်သေဆုံးမှု ရှိခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ကလည်း ဖားကန့်၊ မှော်စီစာကျေးရွာ၊ သာယာကုန်းမှာ ကျောက်စိမ်းလုပ်ကွက်ရှိ မြေစာပုံပြိုမှုကြောင့် အမျိုးသားတယောက် သေဆုံးပြီး အမျိုးသားတယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကလည်း ဖားကန့် ၊မှော်စီစာ ၊တောင်ယာကုန်းရှိ စိန်စိန် ဂျိတ်ပါဝါကြော လုပ်ကွက်မှာ မြေပြိုကျမှုဖြစ်ပွားပြီး ကျောက်ရှာဖွေသူအပါအဝင် သေဆုံးသူ ၁၇ ယောက်ထက်မနည်း ရှိနေ တယ်လို့ သိရပါတယ်။
ဇွန် ၂၀ ရက်ကလည်း ဖားကန့်မြို့နယ်၊ မှော်ရှန်ကုန်းကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေတဲ့ ညီအစ်ကိုနှစ်ယောက် သေဆုံးမှုရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ ရက်ကလည်း ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်းမှာ နွံပေါက်ကျမှုဖြစ်ပွားပြီး သေဆုံးသူ အယောက် ၃၀ ကျော် ရှိခဲ့တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်လုပ်ကွက်မှာ မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကားနှစ်စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒါအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ
