မတ် ၂၃ – ၂၀၂၆
SS (VOM)
ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းမှုနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါ ကျဆင်းနေတာမှာ ဒီကနေ့ မတ် ၂၅ ရက်၊ မနက်ပိုင်းမှာတော့ ကျပ် သိန်း ၁၀၀ အောက်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်၊ မနက်ပိုင်းမှစတင်ကာ တအောင်စ ၄၉၉၆ ဒေါ်လာဝန်းကျင်နဲ့ ၅၀၀၀ အောက်ကို ပြန်လည် ကျဆင်းလာတာဖြစ်ပြီး ခြောက်ရက်အတွင်း ဒေါ်လာ ၆၀၀ ကျော် အကျရှိခဲ့တာကို တွေ့ရပါတယ်။
အဲဒီလိုပဲ ပြည်တွင်း ရွှေဈေးလည်း ကျဆင်းလာတာမှာ ခြောက်ရက်အတွင်း ကျပ် ကိုးသိန်းကျော်ဝန်းကျင် အကျရှိထားကာ ဒီကနေ့မှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် ကိုးဆယ့်ကိုးသိန်း သုံးသောင်းဝန်းကျင်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
“လက်ရှိ ပြည်တွင်းဈေးကွက် အနေအထားကတော့ အဝယ်ပိုင်းမှာ နည်းနည်းလေး ပြန်လှုပ်လာတယ် ပြောရမယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တော်တော်လေးကို ငြိမ်နေခဲ့တာ။ အရောင်းအဝယ်တွေလည်း သိပ်မဖြစ်ကြဘူး။ ဒီမနက်တော့ အဝယ်ဘက် နည်းနည်းပြန်လှုပ်ပေမယ့် တချို့ကလည်း ကမ္ဘာ့ဈေး ဒီထက်များ ပိုကျဦးမလားပေါ့၊ စောင့်ကြည့်နေကြတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ဈေးကွက် ကျွမ်းကျင်သူတွေကတော့ လက်ရှိအချိန်ဟာ ရွှေအရမ်း ရှားပါးနေတဲ့အချိန် ဖြစ်တာကြောင့် ဝယ်သင့်တဲ့အချိန်ဖြစ်ပြီး အရောင်းသမားတွေ အတွက်ကတော့ အရေးပေါ် မလိုအပ်သေးဘူး ဆိုပါက လုံးဝ မရောင်းသင့်သေးဘူးလို့ ပြောပါတယ်။
“လက်ရှိ ဈေးကွက် အနေအထားကတော့ အဝယ်သမားတွေ အကြိုက်ပါ။ ဒီအောက်ဈေးမှာတော့ ဝယ်ကိုင်ထားသင့်တယ်။ ဒါပေမယ့် တကယ်တမ်းက အခုဖြစ်နေတဲ့ ကမ္ဘာ့ဈေးနဲ့တွက်မယ်ဆို ပြည်တွင်းဈေးက ၉၂ သိန်းလောက်အထိ ဆင်းသင့်တာ။ ဒါပေမယ့် ဈေးကွက်ထဲ တချို့ဆိုင်တွေ အခုထိ ဈေးမဖွင့်ကြသေးဘူး။ ပါးစပ်ဈေးဖြစ်နေတဲ့ အနေအထားပေါ့။ ဒါကြောင့် သတိလေးနဲ့ အလုပ် လုပ်စေချင်တယ်” လို့ ရွှေဈေးကွက် ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
အခုလို ကမ္ဘာ့ရွှေစျေးနှုန်း ကျဆင်းသွားရတဲ့ အဓိက အကြောင်းအရင်းကတော့ အမေရိကန် ဗဟိုဘဏ်ရဲ့ ဘဏ်အတိုးနှုန်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့သိရပြီး အရင်ကတော့ ဗဟိုဘဏ်အနေနဲ့ ၂၀၂၆ မှာ ဘဏ်အတိုးနှုန်း တကြိမ်ထက်မက လျှော့ချမယ်ဆိုတဲ့ လက္ခဏာတွေ ပြခဲ့ပေမယ့် လက်ရှိမှာတော့ ဘဏ်အတိုးနှုန်းကို လျှော့ချခြင်းမရှိဘဲ မူလအတိုင်း ဆက်လက် ထားရှိလိုက်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒီဆုံးဖြတ်ချက်ဟာလည်း U.S. PPI (Producer Price Index) ဒေတာ ထွက်လာပြီးနောက်ပိုင်း ပြုလုပ်လိုက်တာ ဖြစ်တဲ့အတွက် ရွှေနဲ့ ငွေစျေးနှုန်းဟာ ဗဟိုဘဏ် ရဲ့ သတင်းထွက်မလာခင် ကတည်းက ကျဆင်းလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
U.S. PPI (Producer Price Index) ဆိုတာဟာ အမေရိကန်ပြည်ထောင်စုရှိ ထုတ်လုပ်သူတွေ၊ လယ်သမားတွေနဲ့ ဝန်ဆောင်မှုပေးသူတွေက ၎င်းတို့ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ရရှိတဲ့ လက်ကားစျေးနှုန်းတွေရဲ့ ပျမ်းမျှ ပြောင်းလဲမှုနှုန်းကို တိုင်းတာတဲ့ ငွေကြေးဖောင်းပွမှု ညွှန်းကိန်းတခု ဖြစ်ပြီး ၎င်းဟာ စားသုံးသူစျေးနှုန်း (CPI) မတိုင်မီ ထုတ်လုပ်မှုအဆင့်မှာ ငွေကြေးဖောင်းပွမှုကို ကြိုတင်ထင်ဟပ် ပြသတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ PPI ဒေတာဟာ ခန့်မှန်းထားတာထက် အများကြီး တက်လာတာကို တွေ့ရပြီး ဒါဟာ ငွေကြေးဖောင်းပွမှု မြင့်မားလာတယ်ဆိုတာကို ပြသနေတဲ့အချက် ဖြစ်ကာ အခုလိုဖြစ်ရတဲ့ တခြား အကြောင်းအရင်းတွေကတော့ အရှေ့အလယ်ပိုင်းက စစ်ရေးဖြစ်ကာ အထူးသဖြင့် ဟောမုဇ်ရေလက်ကြား ပိတ်ပင်မှုနဲ့ စွမ်းအင် အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
