မတ် ၂၂ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက မင်းကုန်းရွာအနီးမှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝက်လက်နယ်က သစ်ဆိမ့်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ အစိုးရစစ်ကြောင်းဟာ အမှတ် (၁၂) ခြေမြန်တပ်ရင်း (ကျောက်မြောင်း) တပ်ကနေ အင်အား ထပ်မံ ဖြည့်တင်းပြီး အနီးဝန်းကျင်ရှိ ကျေးရွာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲကာလက အခုဆို သုံးလကျော် ကြာလာပြီ။ ဒီကာလအတွင်းမှာ အစိုးရတပ်ဘက်က သစ်ဆိမ့်၊ ရေကမိုး၊ ထုံးဘိုကျေးရွာတဝိုက် အင်အားဖြန့်ထားပြီး အထိုင်ချထားနိုင်ပြီ။ အနီးဝန်းကျင်တဝိုက်ကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်။ ဒီနေ့အထိဆို ရေဖြူလမ်းဆုံနဲ့ ရေချိုအိုင်ရွာကို အစိုးရတပ် ရောက်လာပြီ။ မင်းကုန်းရွာနားမှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ တိုက်ပွဲ အနေအထားဟာ အစိုးရတပ်ကဘက်က နယ်မြေ တခုပြီးတခု စိုးမိုးနိုင်ထားတဲ့ အခြေအနေဖြစ်ပြီး လက်နက်ကိုင် တပ်တွေဘက်က ၎င်းတို့ထိန်းချုပ်ထားတဲ့ နေရာတွေကနေ တဖြည်းဖြည်းချင်း ဆုတ်ခွာနေရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲကြောင့် မင်းကုန်းရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံတွေ ထပ်မံ စစ်ဘေးရှောင်နေရတာကြောင့် လက်ရှိ ဝက်လက်နယ် အရှေ့ခြမ်းမှာ စစ်ရှောင် အရေအတွက် ဆက်လက် တိုးလာနေတယ်လို့ သိရပါတယ်။
“နဂိုကတည်းက ကျေးရွာပေါင်း ၂၀ ကျော်လောက် ရှောင်နေရတာ။ လူဦးရေ သောင်းနဲ့ချီရှိတယ်။ အခုနောက်ပိုင်း တိုက်ပွဲဧရိယာ ကျယ်လာတာနဲ့အမျှ စစ်ရှောင်တွေ တိုးလာနေတာ။ အဓိက က စားရေးသောက်ရေး အခက်အခဲပေါ့။ လူများလာလေ မလောက်မငှတွေ ဖြစ်လာလေပဲ” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။
လက်ရှိမှာ အဲဒီ ဒေသခံတွေဟာ ဒေသခံတွေဟာ ဝက်လက်နယ် အနောက်ခြမ်းက ဘေးလွတ်ရာ တောတောင်တွေထဲမှာ စစ်ရှောင်နေကြရတာဖြစ်ပြီး စားနပ်ရိက္ခာအပြင် နေထိုင်ရေးအတွက် ယာယီတဲ ဆောက်လုပ်နိုင်ဖို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
“ဆန် အဓိက လိုတယ်။ ရေက သောက်ရေအပြင် ချက်ပြုတ်ဖို့အတွက်လည်း လိုတယ်။ အခုက အလှူရှင်နည်းတာ မှန်တယ်၊ ဒါပေမယ့် လှူမယ့်သူ ရှိရင်တောင် သယ်ဖို့ တအားခက်တယ်။ တိုက်ပွဲကြောင့် သွားလာဖို့ လမ်းခရီး လုံခြုံမှုမရှိဘူး။ လမ်းပိတ်ထားတာတွေလည်း ရှိနေတော့ ဒေသထဲမှာကိုက ကုန်စည်အဝင် ရှားပါးလာပြီ။ ဒါကြောင့် ဒီက စစ်ရှောင်တွေအတွက် လုံလောက်တဲ့ ရိက္ခာရဖို့ဆိုတာက အခက်အခဲတွေကတော့ အများကြီးပါပဲ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဝက်လက်နယ်အပြင် စစ်ကိုင်းတိုင်းအတွင်းက ဘုတလင်၊ ဆားလင်းကြီး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး အစရှိတဲ့ မြို့တွေအပါအဝင် တခြားသော မြို့နယ်တချို့မှာလည်း စစ်ရေး ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် နှစ်ဖက်တပ်ဖွဲ့တွေဟာဝက်လက်၊ ရွှေဘိုနယ် အရှေ့ခြမ်း အပါအဝင် ခင်ဦး အရှေ့ခြမ်း ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်း တချို့ကို စစ်ရေး အခြေအနေအရ ပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Photo – CJ
