မြဝတီမြို့နယ် တောင်ဘက်ခြမ်းမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ

ဧပြီ ၁၉ – ၂၀၂၆
SS (VOM)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်းမှာ အစိုးရတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့တောင်ပိုင်းရှိ မြဝတီ – ဝေါလေလမ်းပိုင်း၊ ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာတွေ အနီးမှာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်၊ သင်္ကြန်ကာလမှစတင်ကာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာဖြစ်ပြီး အစိုးရတပ်က ဝေါလေဗျူဟာကုန်းနဲ့ ဖလူးစခန်းတွေကို ပြန်လည် ရယူနိုင်ဖို့အတွက် အင်အား အများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲက မနေ့က မင်းလက်ပံမှာလည်း အပြင်းအထန်ဖြစ်တယ်။ ဖလူးဘက်မှာလည်း မနက်ပိုင်း အပြင်းအထန် ဖြစ်တယ်။ လေကြောင်း တိုက်ခိုက်တာက သင်္ကြန်ကာလအတွင်းမှာတောင် မနားတမ်း ဖြစ်ခဲ့တာ” လို့ ဒေသတွင်း သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိမှာ အစိုးတပ်ဟာ မင်းလက်ပံနဲ့ ဖလူးရွာကို သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအတွင်း လေကြောင်းကနေ‌ လေယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ်နဲ့အမျှ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ ဧပြီ ၁၈ ရက်ကလည်း ထိုင်း – မြန်မာ နယ်စပ်အနီးရှိ မင်းလက်ပံကျေးရွာမှာ ဒရုန်း ကျရောက်မှုကြောင့် နေအိမ် အလုံး ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။
“အစိုးရစစ်ကြောင်းက ကျေးရွာထဲ ဝင်မရလို့ မနေ့၊ နေ့လယ် ၁ နာရီလောက်မှာ မင်းလက်ပံ၊ အုန်းတောရွာထိပ်ပိုင်းကို တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ အုန်းတောမှာဖြစ်တာက ဒရုန်းကျတာ။ အိမ်တွေ တအိမ်ပြီးတအိမ် မီးကူးပြီး လောင်ကုန်တာ၊ မီးပြင်းတာ အနားတောင်မကပ်နိုင်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မင်းလက်ပံရွာထိပ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တွေ အထိုင်ချဘတပ်စွဲထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်ဟာ ဒရုန်းနဲ့ တိုက်ခိုက်မှု မပြုလုပ်ခင် မနေ့ မနက် ၁၀ နာရီလောက်မှာလည်း အုန်းတောရွာရဲ့ နှစ်ရွာကျော်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အတွင်း မင်းလက်ပံကျေးရွာအနီးမှာ အစိုးရတပ်နဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုကြောင့် နေအိမ် အလုံး ၃၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် မင်းလက်ပံ၊ ဖလူး အပါအဝင် အနီးအနား ကျေးရွာတွေနဲ့ ဝေါလေဘက်မှ ဒေသခံတွေဟာ သောင်ရင်းမြစ် ကမ်းအစပ်တွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မြဝတီမြို့နယ်မှာ မင်းလက်ပံ၊ ဖလူးကျေးရွာအပြင် ရသေ့ဂူနဲ့ ဝေါလေဗျူဟာကုန်းတို့မှာလည်း ပြီးခဲ့တဲ့ မတ်လအတွင်းကစပြီး အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW