ဧပြီ ၁၈ ၊ ၂၀၂၆
CC(VOM)
ပဲခူးတိုင်း အနောက်ပိုင်း ၊ ကြို့ပင်ကောက်မြို့နယ်နဲ့ ဇီးကုန်းမြို့နယ်မှာ မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အဆောက်အဦ တထောင်ကျော်ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့တွေဆီက သိရပါတယ်။
မနေ့က ဧပြီ ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက်ကစပြီး ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တဲ့အခြေအနေ ကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း ၊ဆေးပေးခန်းတို့ ထိခိုက်ပျက်စီးမှုရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်မှာဆိုရင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၂၂ အုပ်စုရှိ နေအိမ် ၆၃၉ လုံး အမိုးလန်ခဲ့ပြီး နေအိမ် ၅၇ လုံးမှာ ပြိုလဲပျက်စီးခဲ့ကြောင်း ၊ ဘုန်းကြီး ကျောင်း ရှစ် ကျောင်း၊ စာသင်ကျောင်းနှစ် ကျောင်း၊ ကျေးလက်ဆေးပေးခန်း တခုတို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ထောင်စု ၆၉၆ စုမှ လူဦးရေ ၂၀၀၀ ကျော်လောက် နေထိုင်ရေ ဒုက္ခရောက်ခဲ့ရပြီး တချို့မှာ အကူအညီတွေ လိုအပ်နေကြောင်း ၊ ပဲခူးတိုင်းဝန်ကြီးချုပ်ကတော့ ဒီနေ့မှာ လေဘေးသင့်ပြည်သူတချို့ကို ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
“အိမ်ခြေ ၇၀၀ လောက်ရှိပါတယ်။ လဲတာလည်းရှိပါတယ်။ဝန်ကြီးချုပ်နဲ့အဖွဲ့လာပါတယ်။ မနက်ဖြန်မှ အကုန်လုံးကို ကူညီထောက်ပံ့မှု လုပ်မယ်ပြောပါတယ်။ လူတွေကတော့ လောလောဆယ် သူ့ရပ်ရွာမှာပဲ နေကြပါတယ်။ ကယ်ဆယ်ရေးစခန်းဖွင့်ထားတာတော့ မရှိသေး ပါဘူး ။” လို့ ကြို့ပင်ကောက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်က ပြောပါတယ်။
အလားတူ ဇီးကုန်းမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ အုပ်စု ၁၈ အုပ်စုအတွင်းရှိ နေအိမ် ၃၇၅ လုံး အမိုးလန်ပျက်စီးခဲ့ပြီး ပြိုကျပျက်စီးခဲ့တဲ့ အိမ်က ၁၀ လုံး ၊ ဘုန်းကြီးကျောင်းငါး ကျောင်းနဲ့ စာသင်ကျောင်းခုနှစ် ကျောင်းလည်း အမိုးလန် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် လူဦးရေ တထောင်ကျော်လောက် လေဘေးသင့်ပြီး နေထိုင်ရေး ဒုက္ခရောက်ခဲ့ကြရတယ်လို့ သိရပါတယ်။
ဇီးကုန်းမြို့နယ်ထဲက သဘာဝဘေးသင့်သူတချို့ကိုတော့ ဒီကနေ့ ဧပြီ ၁၈ ရက်နေ့မှာ ပဲခူးတိုင်းဝန်ကြီးချုပ်က ဆန် ဆီနဲ့ အသုံးအဆောင်ပစ္စည်း အပါအဝင် အိမ်ဆောက်ပစ္စည်းဖိုးအဖြစ် ငွေကြေးထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
” ဝန်ကြီးချုပ်ရောက်လာတယ်။ မြေပြင်လည်းကွင်းဆင်းသွားတယ်။လေဘေးကြောင့် ဒုက္ခရောက်နေတဲ့ အိမ်ထောင်စုတွေကို ထောက်ပံကြေး ပေးအပ်သွားတာရှိပါတယ် ။ အကုန်လုံးကိုတော့ မနက်ဖြန်မှ ထပ်ထောက်ပံ့မှာပါ ။ ထောက်ပံ့တာက ဘေး/ စီမံကနေ ပေးတဲ့ ပစ္စည်းအစုံပါ ။ ပါတဲ့ပစ္စည်းအစုံက သေချာမသိရသေးဘူး။” လို့ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦး ကပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ်နဲ့ ဇီးကုန်းမြို့နယ်မှာ နေအိမ်အဆောက်အဦ တွေအပြင် သစ်ပင်တွေလဲခြင်း ၊ ဓာတ်တိုင်တွေလဲတာတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရတဲ့ ကြို့ပင်ကောက်မြို့နယ်ထဲက မြို့ကိုင်းရွာ၊ ချောင်းဂွရွာ ၊ ကွက်သစ်ရွာတွေကတော့ နယ်မြေအခြေအနေအရ သွားလာဖို့ ခက်ခဲတဲ့အခြေအနေတွေ ရှိနေတာကြောင့် နေအိမ်တွေ ပြန်လည်ပြုပြင်တည်ဆောက်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
