သူတို့အိမ် အခန်း (၁၀၂)

ဆူးငှက်

ပထမနှစ်က ရည်မှန်းချက် ဒုတိယနှစ် မကုန်ခင် ပျက်
—————————————————–

ဘာလိုလိုနှင့် တက္ကသိုလ် တတိယနှစ်ရောက်ခဲ့သည်။ ပထမနှစ်ကတည်းက ချမှတ်ခဲ့သည့် ရည်ရွယ်ချက်က ဒုတိယနှစ် စာမေးပွဲ မဖြေမီပင် ပျက်ခဲ့ပါပြီ။ ထိုရည်ရွယ်ခက်က နောက်ဆုံးနှစ်မှာ မာစတာ ဝင်အောင်ကြိုးစားမယ်၊ မာစတာပြီးအောင် တက်ပြီး ကျောင်းမှာပဲ ဆရာပြန်လျှောက်မယ် ဟူသော ရည်ရွယ်ချက်လေ။ ပထမနှစ်တုန်းကတော့ ကောင်းချီကောင်းရဲ့နဲ့။ ဒုတိယနှစ်စမှာလည်း ဟုတ်သလိုလို။ နောက်တော့..၊ ကျောင်းကိုပင် မှန်အောင် မတက်တော့။ တကယ်တော့ ကျွန်တော်က သင်္ချာကို ဝါသနာမှ မပါဘဲ။ ဝါသနာမပါသော ဘာသာကို အောင့်အည်း စိတ်ဝင်စားလို့မှ မရတာ။ စိတ်မဝင်စားတော့ မလိုက်နိုင်၊။ မလိုက်နိုင်တော့ အတန်းမတက်ချင်၊ အတန်းမတက်တော့ ပိုမလိုက်နိုင်၊ ဤသို့ဖြင့် ဂျာအေး သူ့အမေရိုက်တော့သည်။ နားးမလည်တာမှ ဘယ်လိုမှကို နားမလည်တော့တာ..။ စာမေးပွဲကိုပင် မနည်း အောင်ဖို့ သင်္ချာကို အလွတ်ကျက် ဖြေခဲ့ရသည်။

ထိုစဉ်ကာလ စာကြည့်စာပွဲ ထိုင်တာက အပြင်စာတွေပဲ ဖတ်ဖြစ်သည်။ ဝတ္ထုရှည်တွေ၊ တရုတ်တော်လှန်ရေးတွေ အဖတ်များပြီး ကဗျာစာအုပ်တွေကိုလည်း အတော်နှစ်သက်လာ၏။ အထူးသဖြင့် လစဉ် ဖတ်သင့်ဖတ်ထိုက်သည့် မဂ်္ဂဇင်းတွေ၊ စာအုပ်တွေ ဖတ်ရသကဲ့သို့ ဖတ်ရှုပြီးစာများနှင့် ပတ်သက်၍ ပြန်လည်စဉ်းစား သုံးသပ်ဆွေးနွေးကာ “စာ ကျေညက်”စေရေးလည်း စာဖတ်ဝါရင့်သည့် အစ်ကိုများ ဦးလေးများနှင့် အပတ်စဉ် စနေနေ့ညတိုင်း ဆုံဖြစ်ကြသည်။ ၂၆ဘီလမ်း၊ သင်္ဘောတန်း ရပ်ကွက်ထိပ်၊ အကောင်းကြိုက် လက်ဖက်ရည် ဆိုင်၏ ကုက်္ကိုပင်ကြီးအောက်က ကွပ်ပျစ်ပေါ်မှာ ညာဉ့်ဦးပိုင်းမှသည် လက်ဖက်ရည်ဆိုင် ပိတ်ချိန်အထိ ဖတ်ရသမျှသော စာတွေကို အစ်ကိုတွေ၊ ဦးလေးတွေ ပြောဆိုဆွေးနွေးကြတာ နားထောင်ရသည်။

နောက်တော့ ဝင်ရောက်ဆွေးနွေး စေသည်။ မည်သို့ပင်ဆိုစေ ထိုလက်ဖက်ရည်ဝိုင်းက မဂ်္ဂဇင်းများ၊ လုံးချင်းဝတ်္ထုများမှတဆင့် မြန်မာ့စာပေ အဝန်းအဝိုင်းဆီ ထိစပ်မိသော်လည်း မန်္တလေးသားများပီပီ ဒေသစွဲလေးနှင့်မို့ မန်္တလေးစာပေအဝန်း အဝိုင်းကိုလည်း မဖြစ်မနေ(အထူး) စိတ်ဝင်တစား ရှိမိပါ၏။ အစ်ကိုများ ဦးလေးများက သူတို့ သိမီခဲ့သည့် အနောက် ကျုံးလမ်းရှိ ဓမ်္မဗိမာန် စာတမ်းဖတ်ပွဲ တွေကို အားပါးတရ ဖောက်သည်ချသည်။ ထိုစဉ်က အရှိန်ကောင်းနေသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဟံသာဝတီသတင်းစာတိုက် ဘိုးဝဇီရခန်းမပေါ်က စနေစာပေဝိုင်းတွေ ကိုလည်း အလွတ် မပေးခဲ့ကြ။

တတိယနှစ်ရောက်မှာ ကျောင်းစာနှင့် ဝေး
———————————————–

ထို့ကြောင့် မန်္တလေးစာပေ အဝန်းအဝိုင်းနှင့် ထိစပ်နေသည့် ဟံသာဝတီ သတင်းစာတိုက်က သက်သာ လက်ဖက်ရည်၊ လူထုကြီးပွားရေးတိုက်၊ ရုံတော်ကြီး ထိုင်စိန်ကဖေး၊ ဈေးချိုတော် စံတော်သစ် လက်ဖက်ရည်ဆိုင် နှင့် စန်းသော်တာစာပေ၊ ရဲရင့်စာပေ စသည့် နေရာများ ကိုလည်း စိတ်ဝင်စားမိသည်။ ဤသို့သော မန်္တလေးစာပေ ရပ်ဝန်းများ အနက် ထိုစဉ်ကာလက လူပြောများနေသော စာပေရပ်ဝန်းတစ်ခုလည်း ရှိနေပါသည်။ နန်းရှေ့ဈေးအတွင်းက ဦးဘကျော့လက်ဖက်ရည်ဆိုင်ဖြစ်သည်။

ဦးဘကျော့ဆိုင်က အသစ်မတည်ဆောက်မီ နန်းရှေ့ဈေး၏ အနောက်ဘက် အစွန်မှာ ရှိသည်။ ဆိုင်မှာ စားပွဲသုံးလေးလုံးအပြင် ဈေးဆိုင်ခန်း အလွတ်တွေပေါ်မှာလည်း လွတ်လပ်စွာ ထိုင်နိုင်၏။ ဦးဘကျော့ဆိုင်မှာက လူငယ်အနုပညာသမားတွေ အများဆုံး ထိုင်ကြတာတဲ့။ အထူးသဖြင့် မန်္တလေးပန်တျာနှင့်ပန်းပုကျောင်းမှ ကျောင်းသားများ၊ နန်းတော်ရှေ့ရပ်မှ လူငယ်အနုပညာရှင်များ၊ မန်္တလေးဆေးတက်္ကသိုလ်၊ မန်္တလေး ဝိဇ်္ဇာနှင့်သိပ်္ပံတက်္ကသိုလ်များမှ အနုပညာဝါသနာရှင် ကျောင်းသူ၊ ကျောင်းသားများ ထိုင်ကြတာတဲ့ … ။ ပိုင်သ တဲ့ … ၊ ပိုင်ကျွမ်း တဲ့ … ၊ ဆူး တဲ့ … ၊ ဝေချစ်ကို တဲ့ …၊ တင့်ကိုကို တဲ့ … ၊ နေမင်းပိုင်စိုး တဲ့ …။ ထိုစဉ်ကာလမှာပဲ ကျွန်တော်သည် အစ်ကို တစ်ယောက်ထံမှ လက်ရေး ကျောက်ပုံနှိပ် ကဗျာစာအုပ်လေး တစ်အုပ် ဖတ်ရှုလိုက်ရသည်။

သစ်ရွက်သေပေါ်က နေရောင်ခြည်
———————————–

သစ်သစ်ဆန်းဆန်း ကဗျာလေးတွေ ခံတွင်းတွေ့နေချိန် အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ် တို့၏ “သစ်ရွက် အသေများပေါ်မှ ရက်စက်သောဂီတ” ကဗျာ စာအုပ်လေးမျိုး တရှိုက်မက်မက် ဖြစ်နေသည်။ ထိုကဗျာစာအုပ်ထဲက မောင်ချောနွယ်၏

“အေး” ရေ
“အေး” ရေ
အတွေးထဲမှာ
လာလာမနှောက်နဲ့နော်
နားခိုခဲ့သော
တောအုပ်ငယ်ကလေး
လောကကြီးအလယ်
ချာချာလယ်။
တချို့သည်ကား
နှလုံးသားတည့်
တရားနဲ့ဖြတ်နှုတ်ဆက်ခဲ့ရသည်။

………ဟူသော ကဗျာစာသားက အလွတ်ရနေ၏။ ထိုစဉ်ကာလ မြစ်တစ်ဘက်ကမ်းက ကျွန်တော် တစ်ဖက်သတ် စွဲလမ်းရသူ အပြာရင့်ရောင် အနွေးထည်လေးနှင့် မမ ၏ နာမည်မှာ “အေး” ပါလို့ ဖြစ်သည်။

နေမင်းပိုင်စိုးနှင့် နေရောင်ခြည်
———————————-

ထို့နောက် ကျွန်တော့် ဝမ်းကွဲ အစ်ကို ပေးလို့ ကြုံတောင့်ကြုံခဲ ဖတ်ရသည့် လက်ရေးကျောက်ပုံနှိပ် ကဗျာ စာအုပ်လေးက တော့ အတော် ထူးခြားလှသည်။ ထို ကဗျာစာအုပ်လေးကို ဖတ်ပြီး မိမိကိုယ်ကိုယ် ဖိစီးထားသော အားငယ်စိတ်တွေကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ ဒါဟာ အနုပညာအစစ်အမှန်ပဲဟု အားတက်ခဲ့ရသည်။ မိမိ နှလုံးသားထဲက မာနတွေ အလျှံ ညီးညီး တောက်ပခဲ့သည်။

ထိုကဗျာစာအုပ်လေးမှာ “နေရောင်ခြည်နှင့် တွေ့ဆုံခြင်း”ဖြစ်သည်။ ရေးသားသူက“နေမင်းပိုင်စိုး”။ “ခေတ်ပေါ်ကဗျာဟာ အရေပြားပေါ်မှာ တည်ရှိနေတဲ့ လှပမှုတွေကို ကျောခိုင်းပြီးဘဝရဲ့ အနက်ရှိုင်းဆုံး အတ်္တတရားကို ရှာဖွေတူးဖော်ခဲ့ကြ ပါတယ်။ ကဗျာဆရာရဲ့ ခန်္ဓာကိုယ်မှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဝိဉာဉ်တွေဟာ အာရုံ တရားတွေနဲ့ သာမာန် ထိတွေ့မှုပေါ်မှာ ကဗျာဖွဲ့လို့ မရနိုင်ပါဘူး။ ထိတွေ့ခံစားမှုကို အခြေခံတဲ့ ကဗျာဆရာရဲ့ ဒဿနဟာ ကဗျာတစ်ပုဒ်ရဲ့ အသွေးအသားပါပဲ” ဆိုတဲ့ အရေးအသားတွေဟာ တုန်လှုပ်သွားစေခဲ့သည်။

ဟုတ်တာပေါ့၊ ထိုစဉ်ကာလက “အနုပညာသည် ပြည်သူအတွက်” ဆိုသော ကြွေးကြော်မှုနဲ့အတူ အနုပညာဖန်တီးမှုတွေဟာ အလုပ်သမား၊ လယ်သမားလူတန်းစားရဲ့ ဘဝခံစားချက်၊ ပကတိဖြစ်စဉ်တွေအပေါ် အခြေခံရမယ်လို့ အများစုက လက်ခံနေတဲ့ အချိန်တွင် ဤစာသားများက မျက်မှောင်ကြုတ်ပြီးမှ နှစ်ခြိုက် လက်ခံစရာများအဖြစ် စဉ်းစားစေမှုကို ရုတ်ခြည်း ပေးစေသောကြောင့် ဖြစ်သည်။

ဒုတိယလူဆိုတာ တတိယလူနဲ့ အတူတူပါပဲကွယ်
—————————————————–

ကျွန်တော်ကတော့ နောက်ထပ် “နေမင်းပိုင်စိုး”၏ အရေးအသားတွေကို ပိုပြီး သဘောကျသွားသည်။ “ထင်ရှား ကျော်ကြားမှုနဲ့ ပုံနှိပ်စာလုံးအဖြစ်ဖော်ပြခံရမှုကို ဦးတည်ပြီး ကဗျာကို သေးသိမ်စွာ တွက်ချက်နေသူတွေကိုတော့ ကျွန်တော်တို့က ရယ်မောပစ်လေ့ ရှိပါတယ်။ ကဗျာရဲ့ အဓိပ်္ပာယ်ဟာ ဒီထက်ပိုမိုကျယ်ဝန်းခဲ့ပါပြီ။ ဘဝရဲ့ ဝေဒနာကို အနက်ရှိုင်းဆုံး ထုတ်ဖော်နိုင်တဲ့ ကဗျာဆရာဟာ သမိုင်းရဲ့ စာမျက်နှာပေါ်မှာ လှပစွာ ကျန်ရှိနိုင်ပေလိမ့်မယ်။” … တဲ့။

ထို့နောက် “နေမင်းပိုင်စိုး”၏ “နေရောင်ခြည်နှင့် တွေ့ဆုံခြင်း”ကဗျာစာအုပ်ကို အပြန်ပြန်အလှန်လှန် အလဲအလှယ် ဖတ်ကြပြီးနောက် ကျွန်တာ်တို့ အချင်းချင်းတွေ့ဆုံကြလျှင်ပင် “ပထမဆုံးလူ မဖြစ်နိုင်တဲ့အခါ ဒုတိယလူဆိုတာ တတိယလူနဲ့ အတူတူပါပဲကွယ် ” ဟူသော ကဗျာစာသားကို ဦးအောင် ရွတ်ဆိုကြသည်။ ထိုစာသားမှာ “နေရောင်ခြည်နှင့် တွေ့ဆုံခြင်း” ကဗျာစာအုပ်တွင် ကျွန်တော်တို့ နှစ်ခြိုက်စွာ မျဉ်းတား မှတ်သား ကျက်မှတ်ခဲ့သော ကဗျာစာသားများထဲမှာ တစ်ခု အပါအဝင် ဖြစ်ပေသည်။

“အို သခင်
မင်းနဲ့ငါ ဟိုယခင်တွေ့စ
ဒီဇင်ဘာလရဲ့ ညနေတစ်ခုမှာ
ငါ ကဗျာဆရာလေ
နင်၊ သင်ခန်းစာထဲ အိပ်ငိုက်သူ
ဘွဲ့ အထပ်ထပ်ယူဖို့ ကြိုးစားသူ
မုန့်တီစား၊ ရုပ်ရှင်သွား၊ ပုတီးစိပ်
ဘုရားဝတ်ပြု၊ စာဖတ်
လက်ထပ်စာချုပ်ကို
တစ်နှစ်တစ်ကြိမ် အတည်ပြုရသူ … ။
အံကြိတ်ပြီး ခေါင်းငုံ့ရတဲ့အခါ
အားတင်းပြီး ကျောခိုင်းကြတဲ့အခါ
မာနဆိုတာ
ကြေကွဲခြင်းပဲဖြစ်လိမ့်မယ် … ” တဲ့ … ။

ကျွန်တော်တို့သည် နေမင်းပိုင်စိုး၏ “နေရောင်ခြည်နှင့် တွေ့ဆုံခြင်း”ကဗျာစာအုပ်ကြောင့် နန်းရှေ့ဈေး အတွင်းက ဦးဘကျော့ လက်ဖက်ရည်ဆိုင်ဆီ ဝါတွင်းတစ်ခုတွင် ဥပုသ်နေ့ညနေတိုင်း သွားရောက်ထိုင်ဖြစ်ကြသည်။ ခြံထွက်နွားနို့မှ ချက်လုပ်ထားသည့် နို့ဆီဖြင့်ဖျော်သော ခပ်ဆိမ့်ဆိမ့်လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်ရင်း အနီးအနား ဈေးဆိုင်ခန်း အလွတ်ပေါ်က လက်ဖက်ရည်ဝိုင်းတွေဆီ စောင်းငဲ့ကြည့်မိ၏။ နေမင်းပိုင်စိုးဆိုတာများလား … ။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW