မေ ၃ ၊ ၂၀၂၆
GG (VOM)
၂၀၂၆ ခုနှစ် ပထမလေးလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်စည်းကမ်းမလိုက်နာလို့ အရေးယူခံရသူ ၅၀၀၀ ကျော်အထိ ရှိထားတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စာရင်းအရ သိရပါတယ် ။
အရေးယူခံရသူတွေထဲက ၄၀၀၀ ကျော်ဟာသတ်မှတ်ထားတဲ့ မိုင်နှုန်းထက်ပိုပြီး အရှိန်လွန်မောင်းနှင်တာကြောင့် ဖမ်းဆီးအရေးယူခံရတာဖြစ်ပြီး ကျန် ၃၀၀ ကျော်ကတော့ ယာဥ်မောင်းစဥ် ထိုင်ခုံခါးပါတ် မပတ်တဲ့အတွက် အရေးယူခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါယာဥ်စည်းကမ်း မလိုက်နာသူတွေကိုတော့ မော်တော်ယာဉ် ဥပဒေအရ တရားစွဲပြီး ဒဏ်ငွေချမှတ်မှုရှိတယ်လို့ သိရပါတယ်။
” သတ်မှတ်မိုင်နူန်းထက်ပိုရင် မော်တော်ယာဉ် ဥပဒေပုဒ်မ ၉၁ နဲ့ တရားစွဲပါတယ်။တရားရုံးက ဒဏ်ငွေပဲချပါတယ်။ ထိုင်ခုံခါးပါတ် မပတ်တဲ့သူတွေလည်း ဒဏ်ငွေပဲ ချပါတယ်။ တချို့က တခါတလေမှလာပြီး အမြန်လမ်းပေါ် တက်မောင်းသူတွေက ဖြစ်တတ်ပါတယ် ။” လို့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ် ။
အရေးယူမှုအနေနဲ့ဆိုရင် အရှိန်လွန်မောင်းလို့ အရေးယူမှုက ဇန်နဝါရီလမှာ အရေးယူခံရသူ ၁၄၃၈ ယောက် ၊ ဖေဖော်ဝါရီလမှာ ၂၃၆၆ ယောက် ၊ မတ်လမှာ ၁၂၃၀ ယောက်နဲ့ ဧပြီလမှာ ၇၇၂ ယောက်လိကို စုစုပေါင်း ၄၈၀၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်ခုံခါးပတ် မပတ်လို့အရေးယူခံရသူက ဇန်နဝါရီလမှာ ၈၄ ယောက် ၊ ဖေဖော်ဝါရီလမှာ ၉၃ ယောက် ၊ မတ်လမှာ ၉၉ ယောက်နဲ့ ဧပြီလမှာ ၅၅ ယောက် ရှိခဲ့တယ်လို့သိရပါတယ်။
အမြန်လမ်းမမှာ ယာဥ်မတော်တဆမှု ဖြစ်ပွားမှုအနေနဲ့ဆိုရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအထိ ယာဥ်တိုက်မှုပေါင်း ၅၀ ကျော် ရှိခဲ့ပြီး သေဆုံးသူ ၃၀ ကျော် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
ယာဥ်မတော်တဆမှု အများစုမှာ အိပ်ငိုက်ပြီး မောင်းနှင်ရာကနေ ဖြစ်ပွားခြင်း ၊ သတ်မှတ်မိုင်နူန်းထက် အရှိန်ပိုများပြီးမောင်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။
အမြန်လမ်းပေါ် ယာဥ်မတော်တဆ ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အရေးယူရာမှာ အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်မှာ သွားလာခွင့်မရှိတဲ့ လမ်းလျှောက်သူ/လမ်းဖြတ်ကူးသူ/မော်တော်ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီးယာဉ်များ ကျွဲ/နွားလှည်းတွေကြောင့် ယာ၍် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်/လှည်း မောင်းနှင်သူ/လမ်းလျှောက်သူကို သာအရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အမြန်လမ်းရဲတပ်ဖွဲ့
