လားရှိုး အောက်ပိုင်း တရုတ် ကုန်ပစ္စည်း ဖမ်းဆီးမှု ပိုတင်းကျပ်လာလို့ ကားအသွားအလာ နည်းပါးတဲ့ အပြင် ကုန်ဂိတ်တွေပါ ရပ်နားထားရ

မေ ၄၊ ၂၀၂၆
Shy V(VOM)
လားရှိုး အောက်ပိုင်း လတ်တလော တရုတ် ကုန်ပစ္စည်း ဖမ်းဆီးမှု ပိုတင်းကျပ်လာလို့ ကားအသွားအလာ နည်းပါးတဲ့ အပြင် ကုန်ဂိတ်တွေပါ ရပ်နားထားရကြောင်း ဒေသခံတွေနဲ့ ကုန်တင်ယာဉ်မောင်း တွေဆီက သိရပါတယ်။
“မန္တလေးဘက် ဆင်းမယ့်ကားတွေ သီပေါ လှေဆိပ် ကမ်းမကူးခင် ကတည်းက တရုတ် ပစ္စည်းပါရင် မတင်ဘူး။ အထုပ်တွေမှာ တရုတ်မုန့်တွေ၊ ကော်ဖီတွေက အစ မယူခိုင်းဘူး” လို့ ခရီးသွား အမျိုးသမီး တယောက်က ပြောပါတယ်။
ကားသမားနဲ့ ကားစပယ်ယာတွေက တရုတ်မုန့်တွေ၊ တရုတ် ပစ္စည်းတွေ ပါမပါ အရင်မေးပြီး မပါတာသေချာမှ အထုပ် အပိုးတွေ တင်ပေးတယ်လို့ သူက ပြောပါတယ်။ မပါတာသေချာမှ အထုပ် အပိုးတွေ တင်ပေးတယ်လို့ သူက ပြောပါတယ်။
“လားရှိုးမှာ တရုတ်ပစ္စည်း တင်တဲ့ကားတွေ မတွေ့တာ နှစ်ရက်၊ သုံးရက်ရှိပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ခါတိုင်း လားရှိုးမှာ တရုတ်ပစ္စည်း တင်တဲ့ကားတွေ မနက် အစောပိုင်း မိုးမလင်းခင် တန်းစီပြီး ဝင်ရောက်ကြတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။
တရုတ်ကုန်တွေဖမ်းလို့ ကားဂိတ်တွေကလည်း ကုန်လက်ခံတာတွေ ခေတ္တရပ်ထားကြရတယ်လို့ သိရကြောင်း သူက ပြောပါတယ်။
“နမ့်လန်တို့၊ သီပေါတို့ ဘက်က တရုတ် ပစ္စည်း တွေ ပေးမသွားဘူး ဆိုတာက ရက်တရာစီမံကိန်းရှိတယ်။ အဲဒါကြောင့် တရုတ်ပစ္စည်း ကားတွေအကုန်လုံး ဖမ်းတယ်” လို့ ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမှာလည်း သင်္ကြန်ပြီး ကတည်းက တရုတ်ပစ္စည်း တင်တဲ့ ကားတွေ ဖမ်းနေတာ တွေ့ခဲ့တယ်လို့ သူက ပြောပါတယ်။
တရုတ်ကုန်တွေ အောက်ဘက် လုံးဝ သယ်ဆောင်လို့ မရသေးဘူးလို့ ၁၀၅ မိုင်က ကုန်သည် တယောက်က ပြောပါတယ်။
တရုတ် ပစ္စည်းတွေ ဆင်းမရတာကြောင့် မူဆယ် ကားဝင်းက ကုန်ဂိတ်တွေမှာလည်း ဘာပစ္စည်း မှမရှိသလို ကားတွေလည်းရှင်း နေပြီး ကုန်တင်တဲ့ ကားတွေလည်း ရပ်ထားကြရတယ်လို့ ကုန်တင်ကားလေး မောင်းသူက ပြောပါတယ်။
မူဆယ်မှာတော့ ဆင်ဖြူ နယ်စပ်ဂိတ်ကနေ တရုတ် ပစ္စည်းတွေ တရားဝင်သယ်ယူ ပို့ဆောင်လို့ရပေမယ့် မြို့တွင်းသုံးဖို့သာ တရားဝင်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
MNDAA ထိန်းချုပ်ရာ ကျင်စန်းကျော့ နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကနေတော့ တရုတ်နိုင်ငံက ကုန်တင်ကားတွေနဲ့ တရုတ်ကုန်တွေ ပုံမှန် ဝင်ရောက်နေတာ ရှိပြီး အဲဒီဘက်က ဝင်ရောက်လာတဲ့ ကုန်စည်တွေကို အစိုးရက တရားမဝင်ကုန်စည် အဖြစ် သတ်မှတ်ထားကာ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW