၉ မေ၊ ၂၀၂၆
Shy V (VOM_)
မြစ်ဆုံ စီမံကိန်း အကောင်အထည်ဖော်ဖို့ အခုမေလထဲ စတင်လှုပ်ရှားလာနေတာကို တွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့က နမ္မတီးကို လူကြီးတွေလာတယ်။ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး လူထုတွေဆုံပွဲ လုပ်တာ။ ကျနော်တော့ မသွားလိုက်ဘူး” လို့ နမ္မတီး ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နမ္မတီးမြို့က ဧရာဝတီမြစ် နဲ့ အရမ်းမနီးပေမယ့် မြစ်ဆုံ ရေကာတာ စီမံကိန်းပြီးရင် မီး တွေ ပုံမှန်ရနိုင်မယ့် သဘောမျိုး စည်းရုံးရေး ဆင်းတာလို့ ယူဆရတယ်လို့ သူက ပြောပါတယ်။
“မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီးလာပြောတာလို့ သိရတယ်။ လာစည်းရုံးတာ။ နမ္မတီးမြို့မှာရှိတဲ့ ရပ်မိရပ်ဖ၊ နယ်မြေခံတွေတောင် သိပ်မပါဘူးလို့ သိရတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ထွေအုပ်လိုင်းတွေ ရဲတွေ အုပ်ချုပ်ရေးအဖွတွေ၊ မိခင်နဲ့ ကလေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ စည်ပင်အဖွဲ့ စတာတွေ အကုန်လုံး ပြီးတော့ မြို့မိမြို့ဖတွေ အားလုံးပေါင်း အယောက် ၁၀၀ ခန့်၊ ရွာခံတွေက အယောက် ၁၀၀ ခန့်၊ စစ်ရှောင်ပြည်သူ အယောက် ၂၀၀ ခန့် တက်ရောက်ကြတယ်လို့ သိရကြောင်း သူက ပြောပါတယ်။
မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း ပြည်နယ်မိုးလုံလေလုံအားကစားခန်းမမှာ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနဲ့ စပ်လျဉ်းပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များနဲ့ ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်တဲ့ အသင်း အဖွဲ့များ၊ ကချင်ပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနဲ့ ဒေသခံပြည်သူများကို ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။
မြစ်ဆုံ တာတမံဟာ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး တရုတ်ကုမ္ပဏီများနဲ့ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။
စီမံကိန်းပြီးစီးပါက မဂ္ဂါဝပ်ထောင်ချီတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မယ်လို့ ဆိုထားေပမယ့် ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားအများစုကို တရုတ်နိုင်ငံသို့ တင်ပို့ဖို့ စီစဉ်ထားပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ခြင်းနဲ့ ဒေသခံများ ရွှေ့ပြောင်းရနိုင်တာတွေကြောင့် လူထုကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်အဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်အစိုးရက စီမံကိန်းကို ရပ်ဆိုင်းထားခဲ့ပြီး လက်ရှိအထိ အကောင်အထည်မဖော်နိုင်သေးတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ အစိုးရတပ်က စီမံကိန်းကို ပြန်လည်သုံးသပ်နေကြောင်း ထုတ်ပြန်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်မှာလည်း ဆည်ဒီဇိုင်းပြင်ဆင်ခြင်းနဲ့ လုံခြုံရေးဆိုင်ရာ အချက်များကို စဉ်းစားနေကြောင်း Wikipedia အချက်အလက်တွေအရသိရပါတယ်။
ကချင်ဒေသခံများနဲ့ KIO/KIA အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက လူထုသဘောတူညီမှု မရမချင်း စီမံကိန်း ဆက်လက်အကောင်အထည်ဖော်တာကို လက်မခံကြောင်း ထုတ်ပြန်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။
Photo: From Wikipedia
