စနဲမြို့ကို ဦးတည်နေတဲ့ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်ဖြူမှာ တိုက်ပွဲ ပြင်းထန်နေ

မေ ၁၉ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းကနေ စနဲမြို့ကို ဦးတည်နေတဲ့ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် အဲဒီဒေသမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ တောင်မော်ဦးရေတပ်စခန်း (စနဲမြို့အနီး) အပြင် သိုင်းချောင်း၊ ချောင်းမြောင်း၊ ဒိုးမတောင်နဲ့ အဝတောင်ကျေးရွာတို့မှာ မေ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ အစိုးရတပ်က စစ်မျက်နှာနှစ်ခုဖွင့်ပြီး ထိုးစစ်ဆင်နေတာကြောင့် AA တပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
“အစိုးရစစ်တပ်က အင်အားအများအပြားသုံးပြီး မြေပြင်စစ်ကြောင်းရော၊ လေကြောင်း၊ ရေကြောင်းကနေရော ထိုးစစ်ဆင်နေတာ။ နေဗီ (စစ်ရေယာဉ်) တွေပေါ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေလည်း ရှိတယ်။ တိုက်ပွဲပြင်းထန်နေတာ တပတ်ကျော်လောက်ရှိပြီ။ တောင်မော်ဦးရေတပ်စခန်း နေဗီတွေကနေ ကမ်းတက်လာတဲ့ စစ်ကြောင်းတွေလည်းရှိတယ်။ သူတို့ အဓိက ဦးတည်နေတဲ့လမ်းကြောင်းက စနဲနဲ့ ရမ်းဗြဲဘက်ကိုပေါ့။ ကျောက်ဖြူ – ရမ်းဗြဲ လမ်းပိုင်းကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူထိခိုက် သေဆုံးမှုတွေလည်း ရှိနေတာမှာ ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်က ရွာသစ်ကေကျေးရွာနဲ့ ပေါက်ပင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး တယောက် သေဆုံးကာ ခုနစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် စနဲမြို့ပေါ်အပြင် ကျောက်ဖြူမြို့နယ်အတွင်းက စံပါယ်ရှောင်၊ မျှောချောင်း၊ ဒွေးချ၊ တောင်မှော်၊ အလယ်ဒွီန်၊ အနောက်ထိန်ဒွေ၊ အရှေ့ထိန်ဒွေ အစရှိတဲ့ ကျေးရွာပေါင်း ၁၄ ရွာဝန်းကျင်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ရမ်းဗြဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေဘက်ကို စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ သိရပြီး အစိုးရတပ်က စစ်တွေမြို့ရှိ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) အပါအဝင် နေရာအများအပြားမှာ အင်အားထောင်ချီ အထိုင်ချထားသလို ရေကြောင်းနဲ့ လေကြောင်းကနေ စစ်အင်အားတွေ ဆက်လက် ဖြည့်တင်းလျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်တွေမြို့ပြင်နဲ့ ပုဏ္ဏားကျွန်းအစပ် နေရာတွေမှာ မေ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပြီး အစိုးရတပ်က ကာကင်းစခန်းတွေကို အင်အားဖြည့်ကာ စစ်ရေး လှုပ်ရှားနေတာဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“အခုထိကတော့ စစ်တွေမြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ မြို့ပြင်မှာတော့ တိုက်ပွဲဖြစ်နေပြီ။ AA ကလည်း ၂၀၂၇ မတိုင်ခင် ရခိုင်ကမြို့တွေ အကုန်သိမ်းမယ်လို့ ပြောထားတော့ စစ်ရေး တင်းမာမှုအရှိန် မြင့်တက်နေတယ်ပေါ့။ ဆိုတော့ လတ်တလော အခြေအနေကတော့ အစိုးရတပ်က စစ်တွေမြို့ အဝင်အထွက်တွေနဲ့ ကမ်းစပ်တွေမှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ မြို့ထဲမှာ နေ့၊ ညမပြတ် စစ်ဆေးမှုတွေလည်း လုပ်နေတယ်။ မြို့ပတ်ပတ်လည်က ကျေးရွာတချို့ကိုလည်း ဖယ်ရှားခိုင်းထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို သိမ်းပိုက်ထားတဲ့ AA ဟာ လက်ကျန် အဆုံးအဖြတ် တိုက်ပွဲတွေကို အခု ၂၀၂၆ ခုနှစ်ကနေ လာမယ့် ၂၀၂၇ ခုနှစ် မကုန်မီကာလအတွင်း အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က အသိပေး ပြောဆိုထားတာ ဖြစ်ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW