ကနီမြို့က စစ်ရှောင် သုံးသောင်းကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေ

မေ ၂၀ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အစိုးရတပ်တွေ ဝင်ရောက်လာတာကြောင့် ကျေးရွာပေါင်း ၄၄ ရွာဝန်းကျင်က ဒေသခံပြည်သူ သုံးသောင်းကျော်ဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ ယာယီတဲတွေ ဆောက်လုပ်နိုင်ဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဒေသခံတွေဟာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်း၊ ဒရုန်းတွေနဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခြင်းတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှ စတင်ကာ စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး စစ်ရှောင်ကူညီရေး အဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပေမယ့် လူဦးရေ များပြားလွန်းတာကြောင့် အလှူရှင်တွေရဲ့ အကူအညီတွေ အရေးတကြီး လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ရွာပေါင်း ၄၄ ရွာလောက် စစ်ရှောင်နေကြရတာ။ အခုအချိန်က မိုးစပါးစိုက်အချိန် ဖြစ်ပေမယ့် ဘာမှမလုပ်နိုင်ဘူး။ လယ်ယာတွေအကုန် ဒီတိုင်းထားခဲ့ရတာ။ ပြီးတော့အခု မိုးကလည်းရွာတယ်၊ နေကလည်းအရမ်းပူ ဆိုတော့ နေရေးထိုင်ရေး တော်တော်ကို ဒုက္ခရောက်နေကြရတာ။ လက်ရှိကတော့ မိုးကာတဲတွေ၊ လှည်းတွေ၊ သုံးဘီးတွေနားမှာ ယာယီခိုလှုံနေကြရတယ်။ လိုတာကတော့ အမိုးအကာ၊ သောက်ရေသန့်၊ ပြီးတော့ စားနပ်ရိက္ခာ၊ အဝတ်အထည်တွေလည်း လိုတယ်။ တုပ်ကွေး ဖြစ်နေတဲ့သူတွေလည်းရှိတော့ ဆေးဝါးတွေလည်း လိုတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
အစိုးရတပ်တွေဟာ လက်ရှိမှာ မုံရွာ – ယာကြီး – ကလေးဝလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာလို့ သိရပြီး မင်းကုန်း၊ ညောင်ပင်ဝန်း၊ တဇယ်ချောင်၊ ရှမ်းမြောင်း၊ ပန်းဆိုင်း၊ သမင်ခြံနဲ့ ချောင်းမကျေးရွာတွေမှာလည်း နေအိမ်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ကနီမြို့အနီးက ရေလယ်ကျွန်းရွာ ပြည်သူ့စစ်စခန်း၊ ချောင်းမကျေးရွာ၊ ချင်းတောင်ရွာနဲ့ အနီးတဝိုက်အပြင် မုံရွာ – ယာကြီး – ကလေးဝလမ်း၊ ချောင်းမ – ကနီလမ်းနဲ့ အနီးတဝိုက်မှာ စစ်ရေး လှုပ်ရှားနေတယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်ရဲ့စစ်ကြောင်း ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ မုံရွာ – ယာကြီး – ကလေးဝလမ်း၊ ချောင်းမ – ကနီ လမ်းပိုင်းတွေနဲ့ ချင်းတွင်းမြစ်ကြောင်းအတွင်း ခရီးသွားလာခြင်း မပြုကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက မေ ၁၇ ရက်နေ့မှာ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပြီး အဲဒီလမ်းတွေကို ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားမယ်လို့ ကြေညာထားပါတယ်။
ဒီကြေညာချက်ဟာ နောက်ထပ် ခွင့်ပြုချက် မထုတ်ပြန်မချင်း အတည်ဖြစ်ပြီး ခွင့်ပြုချက်မဲ့ သွားလာပါက ဖြစ်ပေါ်လာတဲ့ ပြဿနာမှန်သမျှကို တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့လည်း အသိပေးထားသလို လတ်တလော လုံခြုံရေးအခြေအနေအရ ဂြိုဟ်တုအင်တာနက်ဖြစ်တဲ့ စတားလင့်ခ် အသုံးပြုတာကိုလည်း ယာယီပိတ်သိမ်းထားကြဖို့ ထုတ်ပြန်ထားပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အစိုးရတပ် စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ နှစ်လကျော်လောက်ကစပြီး ပုလဲမြို့နယ်မှာ စစ်ကြောင်း နှစ်ကြောင်းခွဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာဖြစ်ပြီး ဧပြီလဆန်းပိုင်းမှာတော့ ယင်းမာပင်မြို့နယ်အနောက်ခြမ်းနဲ့ ဆားလင်းကြီး မြို့နယ်တွေဘက်ကိုပါ စစ်ကြောင်းတွေ ဖြန့်ကျက်လာကာ ဧပြီ ၂၈ ရက်နေ့မှာတော့ ကနီမြို့နယ်ထဲကို ရောက်ရှိလာတာလို့ သိရပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာနေကြရသလို ပုလဲမြို့နယ်မှာလည်း အစိုးရတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ နယ်မြေရှင်းလင်းနေတဲ့အတွက် ကျေးရွာပေါင်း ၃၀ ဝန်းကျင်က ဒေသခံ တသောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW