မေ ၂၀ ၊ ၂၀၂၆
GG (VOM)
ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ ဖားကန့်ဒေသရှိ မှော်ဝမ်းလေးကျေးရွာမှာ နေအိမ်တွေမီးရှို့ခံရပြီး အိမ်တော်တော်များများ မီးလောင်ပျက်စီး မှုရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မေ ၂၀ ရက်နေ့ မနက်အစော ၁ နာရီလောက်မှာ မှော်ဝမ်းလေး ကျေးရွာရှိနေအိမ်တွေ မီးရှို့ခံရတာကို သိရှိခဲ့ရတာဖြစ်ကြောင်း ၊ မီးလောင်နေပေမယ့် စစ်ရေးလှုပ်ရှားတဲ့ နယ်မြေဖြစ်တဲ့အတွက် မီးငြိမ်းသတ်နိုင်ခြင်းမရှိခဲ့သလို မီးလောင်ပျက်စီးတဲ့ အိမ်အရေအတွက်ကိုလည်း အတိအကျ မသိရှိရသေးဘူးလို့ ဖားကန့်ဒေသခံတွေဆီက သိရပါတယ်။
” မီးလောင်တာ မီးတောက်ကတော့ အရမ်းများတယ် ။ မှော်ဝမ်းလေး ၊မှော်ဝမ်းကြီး ရွာဘက်က သွားလာလို့မရတော့ အိမ်ဘယ်လောက် မီးလောင်သွားးတယ်ဆိုတာတော့ မသိရသေးဘူး ။ ဘယ်သူရှို့တယ် ဘာညာလည်းမသိရဘူး ။ ဘယ်သူပဲရှို့ရှို့ပါ ဒါကမလုပ်သင့်တဲ့လုပ်ရပ်ပါ ။ အိမ်တလုံးဖြစ်ဖို့ မလွယ်ပါဘူး။ ပြန်ဆောက်နိုင်ဖို့လည်း ခက်ခဲပါတယ်။ ” လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
မှော်ဝမ်းလေး ၊မှော်ဝမ်းကြီး ကျေးရွာဒေသခံအများစုဟာ တိုက်ပွဲကြောင့် ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ဇွန်လကတည်းက နေရပ်စွန့်ခွာကာ စစ်ရှောင်ခဲဲ့ကြရတာ လက်ရှိကာလအထိ ဖြစ်တယ်လို့ သိရပါတယ် ။
” မှော်ဝမ်းလေး မှော်ဝမ်းကြီးက ဘက်က စစ်ရှောင် သူတွေနဲ့ အရင်ရက်ကမှ စကားပြောဖြစ်သေးတယ်။ အခြေနေကောင်းရင် သူတို့အိမ်ပြန်ချင်တဲ့အကြောင်းပြောတယ်။ ပြီးခဲ့တဲ့ ရက်ကမှ ဒေသခံတချို့ အိမ်တွေကို ပြန်ဝင်ခွင့်တောင်းပြီး ပစ္စည်းသယ်ကြတယ် သိရတယ်။ အခုအိမ်တွေမီးရှို့ခံရတယ်သိရတော့ သူတို့တွေစိတ်မကောင်းဖြစ်နေကြတယ် ။ အခုက ဘယ်အိမ်တွေလောင်မှန်းမသိတော့ အားလုံးက စိတ်ပူနေကြတာပေါ့ ။ ” လို့ ဒေသခံက ပြောပါတယ် ။
စစ်ရှောင်ရတဲ့ကာလ တနှစ်နီးပါးအထိရှိလာတဲ့အတွက် နေအိမ်တွေဖောက်ထွင်းခံရပြီး ပစ္စည်းတွေခိုးယူခံရမှုတွေ ဖြစ်ပွားတာမျိုးလည်း ရှိခဲ့ကြောင်းသိရပါတယ်။
လက်ရှိ ဖားကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားတာမျိုးမရှိပေမယ့် လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှု ၊ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
