မေ ၂၀ – ၂၀၂၆
SN (VOM)
တနင်္သာရီတိုင်းအတွင်းရှိ မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို အစိုးရတပ်က မနေ့ မေ ၁၉ ရက်မှာ ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
မောတောင်မြို့ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး အစိုးရတပ်က အဲဒီမြို့ကို ပြန်လည်ရယူနိုင်ဖို့ အခု မေလ ၅ ရက်နေ့မှစတင်ကာ ထိုးစစ်အရှိန် မြှင့်တင်ခဲ့ပြီးနောက် မနေ့ ညနေ ၄ နာရီဝန်းကျင်မှာ အလုံးစုံ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။
“မောတောင်မြို့က ထိုင်းနိုင်ငံဘက်ခြမ်း ဆင်ခွန်း (Sing Khon) နယ်စပ်ဂိတ်နဲ့ တိုက်ရိုက် ထိစပ်နေတဲ့ ဒေသပါ။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ မြို့တမြို့ပေါ့။ ဒီမြို့ကို ပြန်ရပြီဆိုရင် နောက်ပိုင်း ကုန်စည်စီးဆင်းမှု ပြန်အားကောင်းလာနိုင်တယ်။ အကောက်ခွန်ချင်း ချိတ်ဆက်နိုင်ဖို့ တရားဝင် လုပ်လို့ရသွားပြီပေါ့။ အစိုးရတပ်က မြို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်း တခုလုံးကို ရေရှည်ထိန်းထားနိုင်ဖို့ပဲ လိုပါတယ်။ ဒီက ကုန်သည်တွေကလည်း ဒါကိုပဲ မျှော်လင့်နေကြတာပါ။ ပြည်သူတွေအတွက်ကလည်း ကုန်စည် ရှားပါးမှုဒဏ်၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်တွေ လျော့သွားမယ်လို့ မျှော်လင့်ရပါတယ်” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
မြိတ်မြို့မှ မောတောင်လမ်းအတိုင်း ထိုင်းနိုင်ငံကို ကုန်ပစ္စည်းတွေ တင်ပို့မယ်ဆိုပါက ခရီးအကွာအဝေး တိုတောင်းပြီး အချိန် ၇ နာရီခန့်သာ ကြာမြင့်တာကြောင့် စီးပွားရေးအရ အလွန်တွက်ခြေကိုက်ပြီး ထိုင်းနိုင်ငံ (အထူးသဖြင့် ပရာကျူပ်ခီရီခန်ခရိုင်) နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးတဲ့အတွက် ရေထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်နဲ့ အထွေထွေကုန်စည်တွေကို လျင်မြန်စွာ ဖလှယ်နိုင်တဲ့ အချက်အချာနေရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေအနေနဲ့ မောတောင်မြို့ကို ပြန်လည် ရယူနိုင်ဖို့ မေ ၅ ရက်မှစတင်ကာ တနင်္သာရီ – ရေဖြူ – သိန်းခွန် – သဲဖြူ – မောတောင်လမ်းတလျှောက် အင်အားအလုံးအရင်းနဲ့ အဆင့်ဆင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဒီကနေ့ မေ ၂၀ ရက်မှာ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မောတောင်ကိုရရှိဖို့ တိုက်ပွဲ ဖော်ဆောင်ခဲ့တာမှာ မေ ၉ ရက်မှာ ပွိုင့် ၂၇၁ တောင်ကုန်းကိုလည်းကောင်း၊ မေ ၁၂ ရက်မှာ ဖောင်ဆိပ်ကျေးရွာအနီးရှိ ရန်သူ့ယာယီခံစစ်နေရာ နှစ်ခုကိုလည်းကောင်း၊ မေ ၁၃ ရက်မှာ ဖောင်ဆိပ်ကျေးရွာကိုလည်းကောင်း၊ မေ ၁၅ ရက်မှာ နှုံးပွားကျေးရွာကိုလည်းကောင်း၊ မေ ၁၆ ရက်မှာ အမှတ် (၅) ကျေးရွာကိုလည်းကောင်း၊ မေ ၁၇ ရက်မှာ အမှတ် (၃) ကျေးရွာကိုလည်းကောင်း၊ မေ ၁၈ ရက်မှာ အမှတ် (၁) ကျေးရွာကိုလည်းကောင်း၊ မေ ၁၉ ရက်မှာ မောတောင်မြို့ကိုလည်းကောင်း တပ်မတော်စစ်ကြောင်းတွေက အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
“လက်နက်ခဲယမ်းအင်အား၊ လူအင်အား မမျှတာကြောင့် မောတောင်ကို ပြန်ပေးလိုက်ရတာလို့ သိရပါတယ်။ KNU ပူးပေါင်းတပ်က မောတောင်ကို ခုနစ်လလောက်ပဲ ထိန်းနိုင်ခဲ့တယ်။ တနင်္သာရီကစပြီး မောတောင်အထိ KNU တွေ၊ PDF အဖွဲ့တွေရှိတယ်။ အကုန်စုဖွဲ့ပြီး ပြန်မတိုက်နိုင်ဘူးဆိုတော့ စဉ်းစားစရာပေါ့လေ။ တိုက်ပွဲက ပြန်ပေးလိုက်၊ ပြန်ယူလိုက်နဲ့ ဒီလိုနဲ့ပဲ ချာလည် လည်နေတော့မယ်ထင်တယ်။ ကြားထဲက ပြည်သူတွေပဲ ကုန်ဈေးနှုန်းဒဏ် ခံရ၊ အိုးအိမ်၊ အသက် ဆုံးရှုံးရတဲ့ ဒဏ်တွေကို ခံနေကြရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ မောတောင်မြို့အတွင်းမှာ အစိုးရတပ်က လုံခြုံရေး တင်းကျပ်စွာချကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး တိုက်ပွဲတွေကြောင့် ရွာပေါင်း ကိုးရွာမှ ဒေသခံ ၄၀၀၀ ကျော် တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေမှာ တိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရ ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ယာယီ နေရပ်စွန့်ခွာခဲ့ကြရတဲ့ ဒေသခံပြည်သူတွေ မောတောင်မြို့အတွင်း အန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေး လုပ်ဆောင်နေတယ်လို့ အသိပေးထားပြီး အစိုးရအုပ်ချုပ်မှုယန္တရားတွေ အမြန်ဆုံး လည်ပတ်နိုင်ရေးနဲ့ မြို့အတွင်း ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေကို ဦးစားပေး ရှင်းလင်းဖော်ထုတ်ခြင်းတွေကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် ကျောင်းနေအရွယ် ကလေးသူငယ်တွေ စာသင်ကြားနိုင်ဖို့အတွက် ပျက်စီးနေတဲ့ စာသင်ကျောင်းတွေကိုလည်း အမြန်ဆုံး ပြန်လည်ပြုပြင်ပေးသွားမှာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆေးရုံ/ဆေးခန်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မှာဖြစ်သလို ရုံး/ဌာန အဆောက်အအုံတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ လူနေအိမ်တွေကိုလည်း ဒေသခံတွေနဲ့ ပူးပေါင်းကာ အမြန်ဆုံးပြန်လည် ပြုပြင်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
Photo – TG
