မကွေးတိုင်းအတွင်း စစ်ရှောင်တွေတိုးလာလို့ အကူအညီတွေ လိုအပ်နေ

မေ ၂၂ – ၂၀၂၆
SN (VOM)
မကွေးတိုင်းက မြို့နယ်တချို့မှာ တိုက်ပွဲတွေနဲ့ စစ်ရေး တင်းမာမှုတွေ ရှိနေတဲ့အတွက် ဒေသခံ အများအပြား စစ်ရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
လက်ရှိ စလင်းမြို့နယ်မှာ ဒေသအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၂၅၃ ၊ ၂၅၄) ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တွေ ပူးပေါင်းထားတဲ့တပ်တွေဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့ကစပြီး စလင်း – ကံပြားလမ်းအတိုင်း ဝင်ရောက်လာခဲ့ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ‌ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အဲဒီ တပ်တွေဟာ မြေနီကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲပြီးနောက် ဒေသတွင်း လက်နက်ကိုင်တပ်တွေရှိရာ နေရာတွေကို လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြုကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတာကြောင့် စလင်း – ကံပြားလမ်းပိုင်း၊ စလင်းချောင်း တောင်ဘက်က ကျေးရွာတွေက ‌ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေရတာဖြစ်ပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူက ပြောပါတယ်။
“ရွာတချို့ မီးရှို့ဖျက်ဆီးခံရတာတွေရှိတယ်။ ဖမ်းဆီးတာတွေလည်းရှိတော့ ရွာသားတွေ ကိုယ့်အိမ်ကိုယ် မကပ်ရဲဘူး။ တောတောင်တွေထဲမှာ ယာယီ တိမ်းရှောင်နေကြရတယ်။ စစ်ကြောင်းတွေက ဆက်ပြီး လှုပ်ရှားနေဆဲဆိုတော့ စစ်ရှောင်တွေ တနေရာတည်းမှာ အထိုင်မချရဲဘူး။ တနေရာပြီး တနေရာ ရွှေ့ပြောင်းနေထိုင်နေကြရတယ်။ စားနပ်ရိက္ခာ အခက်အခဲလည်း ရှိသလို မိုးဒဏ်၊ လေဒဏ်၊ ရာသီဥတု ပူပြင်းတဲ့ဒဏ်ကိုလည်း ရင်ဆိုင်နေကြရတာပါ” လို့ သူက ပြောပါတယ်။
လက်ရှိအချိန်အထိလည်း စစ်ကြောင်းတွေ ပြန်လည်ထွက်ခွာခြင်း မရှိသေးတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက် တင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်တာကြောင့် ကျေးရွာတွေထဲ ကျန်ရှိနေတဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံး တိမ်းရှောင်ကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက မနေ့ မေ ၂၁ ရက်မှာ အသိပေး ကြေညာထားပါတယ်။
အဲဒီလိုပဲ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဧရာဝတီမြစ် တောင်ဘက်ကမ်းမှာတည်ရှိတဲ့ မြစ်ခြေမြို့မှာလည်း အစိုးရတပ် စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀ ကျော်ဝန်းကျင်က ဒေသခံ နှစ်သောင်းနီးပါး၊ နီးစပ်ရာ တောတောင်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
မြစ်ခြေဒေသကို ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့စကပြီး ရေလမ်းကြောင်းမှတဆင့် ညောင်ဦးအခြေစိုက် အမှတ် (၄၁၅) ခြေလျင်တပ်ရင်း ဝင်ရောက်လာသလို ကုန်းလမ်းကြောင်းကနေလည်း ပခုက္ကူတပ်မ (၁၀၁) နဲ့ အောင်လံမြို့က ပြည်သူ့စစ်တပ်ဖွဲ့တွေ အင်အားအများအပြားနဲ့ ဝင်ရောက်လာတာလို့ သိရပါတယ်။
“မေ ၁၀ ရက်နေ့ကတည်းက ရွာပေါင်း ခြောက်ရွာလောက် မီးလောင်ပျက်စီးတာရှိခဲ့တယ်။ ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်းရှိတော့ ဘယ်သူမှ ရွာတွေထဲ မနေရဲကြတော့ဘူး။ မေ ၁၄ ရက်နေ့ကတည်းက စစ်ရှောင်လာကြတာ။ တဖြည်းဖြည်းနဲ့ စစ်ရှောင်ဦးရေ နှစ်သောင်းနား ကပ်လာပြီ။ စားရေးသောက်ရေးအတွက်က တရက်ကို ဆန် အိတ် ၄၀ လောက် ကုန်တယ်။ လောက်ငှမှု မရှိတော့ဘူး။ မိုးကလည်း ရွာလာပြီဆိုတော့ မိုးကာတွေလည်း လိုအပ်လာပြီ။ အားလုံး ဝိုင်းဝန်း ကူညီပေးကြဖို့ မျှော်လင့်ပါတယ်” လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ကူညီဆောင်ရွက်သူက ပြောပါတယ်။
ဒါအပြင် မကွေးတိုင်းအတွင်း ဆောမြို့နယ်မှာလည်း ဒေသခံ တသောင်းကျော် စစ်ဘေး တိမ်းရှောင်နေရဆဲဖြစ်ပြီး လက်ရှိအခြေအနေအရ အစိုးရတပ်က မြို့အတွင်း ဝင်ရောက်နေရာယူကာ လမ်းပိုင်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်လုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။
ပေါက်မြို့နယ်မှာလည်း အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ ပေါက်တောင်ပိုင်း သပြေအေး၊ ချက်ကန်ရွာတွေဘက်တွေကို အစိုးရတပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ စစ်ရှောင်နေရပြီး စစ်တပ်က မြေပြင်စစ်ကြောင်းတွေ တိုးချဲ့လာတာကြောင့် ပေါက် – တပြင်းလမ်းပိုင်းမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ အချိန်နဲ့အမျှ ပြင်းထန်နေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပခုက္ကူမြို့နယ်မှာလည်း အစိုးရတပ်က ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) ကို အင်အားဖြည့်တင်းမှုတွေ ရှိလာပြီးနောက် လူထိခိုက် သေဆုံးမှုအပြင် ကျေးရွာ ပျက်စီးမှုတွေကြောင့် ပြည်သူ နှစ်သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် ရေစကြိုမြို့နယ်မှာလည်း အစိုးရတပ်က မြို့အဝင်အထွက်တွေမှာ ကင်းပုန်းတွေဝပ်ပြီး ပစ်ခတ်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေ အထူးသတိထား နေထိုင်နေကြရကာ စစ်တပ်ရဲ့ အထိုင်ချ တပ်စွဲမှုတွေကြောင့် ကျေးရွာတချို့ စစ်ရှောင်နေရဆဲ ဖြစ်တယ်လို့သိရပြီး မိုးရာသီကာလ ရောက်ရှိလာတာကြောင့် အဲဒီဒေသတွေက စစ်ရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ ခြင်ထောင်၊ စောင်နဲ့ အခြေခံဆေးဝါးတွေအပြင် အခြေခံ စားနပ်ရိက္ခာတွေ အထူးလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်သူတွေက အသိပေးထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW