မိုးရွာသွန်းပြီး တံတားတစင်း မြေသားကျွံကျမှုကြောင့် ဘားအံ – လှိုင်းဘွဲ့လမ်းပိုင်းမှာ ကားကြီးတွေကို ဖြတ်သန်းခွင့် ယာယီပိတ်ထား

မေ ၂၃ – ၂၀၂၆
SS (VOM)
မိုးရွာသွန်းမှု များပြားခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ် သမ္ဘာန်ကျေးရွာအုပ်စု၊ ဝါးဆူကွင်းကျေးရွာအနီး ဘားအံ – လှိုင်းဘွဲ့ ကားလမ်းမကြီးပေါ်က တံတားတစင်း မြေသား ကျွံကျခဲ့တဲ့အတွက် အဲဒီလမ်းပိုင်းအတွင်း ကားကြီးတွေ ဖြတ်သန်းသွားလာခွင့်ကို တာဝန်ရှိသူတွေက ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှိုင်းဘွဲ့ မြို့ဝင်ကြေးဂိတ်အကျော်က တံတားအမှတ် ၃/၁၂ (အလျား ၂၄ ပေ၊ အနံ ၁၈ ပေ) ရှိ သံကူကွန်ကရစ်တံတားတစင်း မြေသားကျွံကာ နိမ့်ကျပြီး ပျက်စီးခဲ့တာကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ရှိသူတွေက မော်တော်ယာဉ် အသေးတွေနဲ့ ဆိုင်ကယ်တွေကိုသာ စနစ်တကျ ဖြတ်သန်းခွင့် ပြုထားတယ်လို့ သိရပါတယ်။
“အဲဒီတံတားက ရေတိုက်စားပြီး အောက်ခြေတွေ အက်ကွဲနေတာတော့ ကြာပြီ။ အရင်နှစ်တွေကတည်းက ဖြစ်နေတာ။ မနေ့ မနက် ၁၀ နာရီလောက်ကတော့ မိုးတွေတအားရွာပြီး တံတားမှာ အက်ကြောင်းတွေပေါ်လာတယ်။ ချိုင့်တဲ့နေရာလည်း ချိုင့်နေတယ်။ အဲဒါကြောင့် မနေ့က ကားကြီးတွေအကုန် ပြန်လှည့်ရတယ်။ ရွာတွေထဲကနေ ပတ်သွားရတယ်။ ဒီ အဝင်ဂိတ်တံတား ကျိုးလို့ကတော့ တမိုးတွင်းလုံး သွားရေးလာရေး ဒုက္ခရောက်ကုန်မှာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီတံတားရှိရာ လမ်းပိုင်းဟာ ဘားအံ – လှိုင်းဘွဲ့ – ပိုင်ကျုံမြို့ကို အဓိက ဆက်သွယ်ထားတာဖြစ်ပြီး လက်ရှိမှာ ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဉ်တွေဟာ တံတားပျက်စီးမှုကြောင့် ထီလုံ၊ ရွာသာအေး၊ စံဖရီး၊ မှိုင်းကံ၊ ထီးဖိုးကလုံ၊ ကျုံကော်၊ နောင်သငဲ့ အစရှိတဲ့ ရွာချင်းဆက်လမ်းတွေကနေ ဖြတ်သန်းသွားလာနေရတယ်လို့ သူက ပြောပါတယ်။
“ဒီမနက် အဲဒီဘက်ရောက်တော့ တံတားပြင်နေတာ တွေ့ခဲ့တယ်။ ဘားအံကနေ လှိုင်းဘွဲ့ကို လာမယ်ဆို ထီလုံ – ရွာသာအေး မွေးမြူရေးဇုန်ကတဆင့် ရွာချင်းဆက် လမ်းတွေကနေ ပတ်သွားလို့ရတယ်။ ထီလုံကတော့ လမ်းတအားဆိုးတယ်။ မှိုင်းကံ၊ ကျုံကော်ရွာဘက်ကတော့ ကားမောင်းရတာ အဆင်ပြေတယ်” လို့ သူက ပြောပါတယ်။
မိုးရာသီကာလ ရောက်ရှိလာပါက လှိုင်းဘွဲ့မြို့မှာ တံတားပျက်စီးမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပြီး လှိုင်းဘွဲ့ချောင်း ရေကြီးပြီဆိုပါက မြို့ပေါ်ရပ်ကွက်တွေ၊ ‌အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ တောင်ပေါ်ဘုရားကုန်းကလွဲပြီး ကျန်တဲ့နေရာတွေ အကုန်နီးပါး ရေမြုပ်လေ့ရှိတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW