မေ၊၂၂၊ ၂၀၂၆
NN(VOM)
၁၀၂၇ တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံရပြီး နမ့်ဆန်မြို့မှာ ထိန်းသိမ်းထားတဲ့ အစိုးရတပ်ရဲ့ စစ်သုံ့ပန်းတွေထဲက အယောက်တရာကျော်ကို TNLA တပ်ဖွဲ့က အခုလဆန်းပိုင်းမှာ နေရာရွှေ့လိုက်တယ်လို့ ဒေသခံတွေထံကနေ သိရပါ တယ်။
နမ့်ဆန်မြို့ကနေ နမ့်ခမ်းမြို့ဘက်ကို ရွှေ့လိုက်တာဖြစ်ပြီး ဘယ်နေရာမှာ ထားတယ်ဆိုတာကိုတော့ အတိအကျ မသိရသလို အဆက်အသွယ်လည်း မရဘူးလို့ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
“အရင်က နမ့်ဆန်မှာထားတာ။ ပြီးခဲ့တဲ့တခေါက်က သူတို့ လူတရာကျော် လွှတ်ပေးပြီး နောက်ပိုင်း ကျန်တဲ့သူတွေကို နေရာရွှေ့လိုက်တယ်လို့ ပြောပါတယ်။ နမ့်ခမ်းဘက်ရွှေ့တာလို့ ပြောတယ်။ အခုထိတော့ ဘယ်မှာထားတယ် ဆိုတာ အဆက်အသွယ်မရသေးဘူး” လို့ မိသားစုဝင်တယောက်က ပြောပါတယ်။
မိုးကုတ်၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံမြို့ သိမ်း တိုက်ပွဲတွေမှာ အစိုးရတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး TNLA တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။
အဲဒီထဲက ကျန်းမာရေး မကောင်းတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေကို TNLA က မကြာခဏ လွှတ်ပေးပြီး ကျန်တဲ့သူတွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ပြန်လွတ်လာတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရ ပါတယ်။
အခုလ ၅ ရက်နေ့ကလည်း TNLA ဘက်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း အယောက် တရာကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
“ကျန်နေတဲ့သူတွေထဲမှာ နေမကောင်းတဲ့သူတွေ ရှိတယ်။ လေဖြတ်ထားတဲ့ သူတွေလည်း များတယ်။ သူတို့ကိုလည်း ပြန်လွှတ်ပေးစေချင်တယ်”လို့ ပြန်လွတ်လာသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
လက်ရှိအချိန်အထိ အရာရှိအဆင့်အပါအဝင် ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ငါးရာကျော် အထိ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
အခုလဆန်းပိုင်းက စစ်သုံ့ပန်းတွေ ပြန်လွှတ်ပြီးနောက် အစိုးရတပ်တာဝန် ရှိသူတွေနဲ့ TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကနေ TNLA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးရမယ်လို့ အစိုး ရဘက်က တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
“ဒါကတော့ ဟိုအရင်ဆွေးနွေးပွဲတွေမှာလည်း ပြောနေကြစကားတွေပဲ။ တပ်ဘက်ကတော့ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ တောင်းနေမှာပဲ။ ပြေပြေ လည်လည် မဖြစ်ရင်တော့ ဒေသခံတွေက စစ်ပြန်ရှောင်ရမယ့် သဘောလို့ မြင်တယ်” လို့ ရှမ်းမြောက်ဒေသခံ တယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲကာလအတွင်း TNLA သိမ်းထားတဲ့ မြို့တွေထဲက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကို အစိုးရတပ်ဘက်က ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ပြန်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
TNLA ကတော့ လက်ရှိမှာ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ နမ္မတူ မြို့တွေကို သိမ်းပိုက်ထားပါတယ်။
ပုံ TNLA
ပုံစာ တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် အစိုးရတပ်ဖွဲ့ဝင်တွေကို ၂၀၂၄ခုနှစ်ကတွေ့ရစဉ်
