ကနီ၊ မင်းကင်းနယ် ချင်းတွင်းမြစ်အ​နောက်တကြောမှာ ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာနေရ

ဇွန် ၁ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်းအတွင်းက ကနီ၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်တကြောမှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကနီမြို့နယ်အတွင်းမှာ အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းနေတဲ့အပြင် လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“ကနီမှာက ‌ဧပြီလ ၂၈ ရက်နေ့ကတည်းက စစ်ကြောင်းတွေ ရောက်နေတာ။ အဲဒီအချိန်ကတည်းက ဒေသခံတွေ စစ်ရှောင်နေကြရတာ။ အခုဆို စစ်ရှောင်ကာလ တလကျော် ကြာလာပြီ။ အချိန်ကြာရင်ကြာသလို စားဝတ်နေရေး ခက်ခဲလာကြပြီ။ ဒီကြားထဲ ပစ်တာခတ်တာတွေလည်း ရှိခဲ့တော့ လူသေဆုံးတာတွေလည်း ရှိတယ်။ နေအိမ်တွေ၊ စစ်ရှောင်တဲတွေ မီးဘေးသင့်၊ ပျက်စီးတာတွေလည်း ရှိတယ်။ ဒါကြောင့် ဒေသခံတွေ အိမ်ပြန်ဖို့ရာက အခုထိ လုံခြုံရေးအတွက် စိတ်မချရသေးဘူး။ ဒီစစ်ရှောင်တွေအတွက် ကူညီပေးဖို့က ကျပ် ၅၀၀ ၊ ၁၀၀၀ ကနေစပြီး ကိုယ်နိုင်သလောက် ပါဝင်ကူ‌ညီပေးလို့ ရပါတယ်။ ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက ပြောပါတယ်။
လက်ရှိမှာ ‌ကနီမြို့နယ်က ရွာပေါင်း ၂၅ ရွာက အမြဲ စစ်ရှောင်နေရပြီး ကျန်တဲ့ ရွာပေါင်း ၁၉ ရွာကတော့ အခြေအနေပေါ်မူတည်ကာ ၎င်းတို့ရဲ့ ကျေးရွာအတွင်း အဝင်၊ အထွက်လုပ်ပြီး စစ်ရှောင်နေကြရတာဖြစ်ကာ စစ်ရှောင် အိမ်ထောင်စု ၅၁၀၀ ကနေ ၆၀၀၀ ဝန်းကျင်၊ လူဦးရေ နှစ်သောင်းလေးထောင်ကနေ သုံးသောင်းခွဲ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေဟာ လုံခြုံရေးအခြေအနေအရ တစုတစည်းတည်း တိမ်းရှောင်ကြခြင်းထက် ဘေးကင်းရာနေရာတွေကို ပြန့်ကြဲ တိမ်းရှောင်နေရရတာဖြစ်ကာ လတ်တလောမှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် လုံခြုံရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲတွေကို ကြုံတွေ့နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ရေးအခြေအနေ အလွန်တင်းမာနေဆဲ ဖြစ်တာကြောင့် ကနီနဲ့ ယင်းမာပင်ခရိုင်အတွင်းရှိ အဓိကလမ်းပိုင်း သုံးခုကို အသုံးမပြုကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက သတိပေးထားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မင်းကင်းမြို့နယ်မှာလည်း အစိုးရတပ်က ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်သင်္ဘော၊ ရေယာဉ်တွေနဲ့ မကြာခဏ အစုန်အဆန် သွားလာလေ့ရှိတာကြောင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာတွေက ဒေသခံတွေဟာ မြစ်ကြောင်းအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ကြောင်းထဲ စစ်ရေယာဉ်တွေ အဆက်မပြတ် သွားလာနေကြတာရှိသလို လေကြောင်းကနေ ကင်းထောက်လေယာဉ်တွေ မကြာခဏဆိုသလို ပျံသန်းတာအပြင် ကျေးရွာတွေထဲ နယ်မြေရှင်းလင်းရေး ပြုလုပ်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
“မြစ်ကြောင်းတလျှောက်မှာ လေကြောင်း တိုက်ခိုက်ခံရတာ‌တွေလည်း ခဏခဏဖြစ်တယ်။ ဆိုတော့ စစ်ရေးအခြေအနေက စိတ်ချရတဲ့ အနေအထားမှာ မရှိဘူးလို့ပြောလို့ရတယ်။ ဒါကြောင့် ဒေသခံတွေက ကြိုပြီး ဘေးလွတ်ရာ ရှောင်နေကြတဲ့ သူတွေလည်းရှိသလို တချို့ကတော့ သင်္ဘောတွေ ဖြတ်သွားပြီးလို့ အခြေအနေ နည်းနည်း ငြိမ်သွားတဲ့အချိန် အိမ်ကို ခဏပြန်ပြီး နေတာမျိုးနဲ့ သွားလိုက်၊ လာလိုက်လုပ်ပြီး စစ်ရှောင်နေကြတဲ့သူတွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီဒေသရှိ မြစ်ကမ်းဘေးကျေးရွာတွေက စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ တောတောင်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေမှာ တိမ်းရှောင်နေကြရပြီး အကူအညီ များစွာ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW